မောင်မိုးသူ

မျှော်လင့်ခြင်း Happy New Year နှင့် ဘကြီးမိုး

2012 May 12th – U Win Tin Foundation Pwe

 

မျှော်လင့်ခြင်း Happy New Year နှင့် ဘကြီးမိုး

ဘကြီးမိုး၊ ကုမုဒြာသတင်းဂျာနယ်၊ ၂၉ ဒီဇင်ဘာလ ၂၀၁၅

 

ဘကြီးမိုးရဲ့ သည်တပတ်ဆောင်းပါးကို မျှော်လင့်ခြင်း Happy New Year လို့ ခေါင်းစဉ်ပေးလိုက်ပါတယ်။ သည်လို မျှော်လင့်လို့ရနိုင်တဲ့ နှစ်သစ်ဖြစ်ဖို့ ဘကြီးမိုး တယောက် နှစ်ပေါင်းငါးဆယ်ကျော်စောင့် ဆိုင်းခဲ့ရပါတယ်။ အဲသည် စောင့်ဆိုင်းစဉ် ကာလအတွင်း ထောင်ထဲကိုလည်း သုံးကြိမ်ဝင်ရောက်ခဲ့ရပါတယ်။

 

ရှစ်လေးလုံးအရေးတော်ပုံကြီးမှာ မောင်သော်က၊ ဦးဝင်းတင် တို့နဲ့အတူ စာပေနဲ့ အနုပညာရှင်များအဖြစ် ကျောင်းသားတွေရဲ့နောက်က စကတည်းကပါဝင်ခဲ့ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တည်ထောင်ရာမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ တတ်သိပညာရှင်များအဖွဲ့ အဖြစ် ပါဝင်ခဲ့ကြပါတယ်။

 

သည်စာရေးနေတဲ့အချိန်မှာ အတူပါဝင်ခဲ့ကြတဲ့ မောင်သော်က၊ဦးထွန်းတင်၊ဦးအောင်ရွှေ၊ မောင်ကိုယုတို့ ကွယ်လွန်ခဲ့ကြပြီး ဦးကျော်မင်း၊မောင်ဝံသ၊ ဦးဝင်းတင် တို့လည်း ကွယ်လွန်သွားကြပြီ ဖြစ်ပါတယ်။

 

၂၀၀၈ အခြေခံဥပဒေကို သပိတ်မှောက်ခဲ့သလို ၂၀၁၀ ရွေးကောက်ပွဲကိုလည်း ရွှေဂုံတိုင်ကြေညာစာတမ်းနဲ့အတူ သပိတ်မှောက်ခဲ့ပါတယ်။ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည် နဲ့ အင်န်အယ်လ်ဒီဟာ ဝင်ရောက်အရွေးခံပြီး အနိုင်ရခဲ့ပါတယ်။ အခြေခံဥပဒေပြင်ဆင်ရေး ဆိုတဲ့ ကြွေးကြော်သံနဲ့ ကြားဖြတ်မှာ အနိုင်ရခဲ့တဲ့ အင်န်အယ်လ်ဒီဟာ လွှတ်တော်ထဲမှာ အနည်းစုလေးဖြစ်လေတော့ ဘာမှ မည်မည်ရရ လုပ်နိုင်ခဲ့ရတာ မရှိပါဘူး။

 

သည်မှာတင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ၂၀၁၅ ရွေးကောက်ပွဲမှာ လွှတ်တော်ကိုယ်စားလှယ်အများဆုံး ပါဝင်ယှဉ်ပြိုင်ခဲ့ပါတယ်။ အဓိက ပြိုင်ဘက်ကတော့ အာဏာရကြံ့ခိုင်ပဲ ဖြစ်ပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ကြွေးကြော်သံဟာ ` ပြောင်းလဲချိန်တန်ပြီ ´ ဖြစ်ပါတယ်။ နှစ်ပေါင်း ၅၀ ကျော် စစ်အုပ်ချုပ်ရေးအောက်မှာ အမျိုးမျိုး ဖိနှိပ် နှိပ်စက်ခံခဲ့ရတဲ့ ပြည်သူလူထုကလည်း ပြည်သူရဲ့ဆန္ဒကို တခဲနက်ထုတ်ဖော်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ဆန္ဒမဲပေးလိုက်ကြလို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ လွှတ်တော်သုံးရပ်စလုံးမှာ အပြတ်အသတ် အနိုင်ရရှိ ခဲ့ပါတယ်။ 

 

ဒါပေမဲ့လည်း ဒါပေမဲ့ပေါ့လေ ရွေးကောက်ပွဲဟာ လွှတ်တော်ကိုယ်စားလှယ်ဦးရေအားလုံးရဲ့ ၇၅ ရာခိုင်နှုန်းသာ ရွေးကောက်ယှဉ်ပြိုင်ရတာ ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အခြေခံဥပဒေအရ လွှတ်တော်ကိုယ်စားလှယ်အားလုံးရဲ့ ၂၅ ရာခိုင်နှုန်းကို တပ်မတော်မှ အရွေးခံစရာ မလိုဘဲ ရရှိထားလို့ ဖြစ်ပါတယ်။ ဒါကြောင့် ကြံ့ခိုင် ကိုယ်စားလှယ်တဦးက သူတို့ ကြံ့ခိုင်က ၂၆ ရာခိုင်နှုန်း အနိုင်ရရင်ပဲ တပ်မတော်ကိုယ်စားလှယ် ၂၅ နဲ့ ပေါင်း ၅၁ ရာခိုင်နှုန်း ဖြစ်မှာမို့ အစိုးရ ဖွဲ့နိုင်မှာလို့ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

 

၂၀၁၅ နိုဝင်ဘာ ၈ ရက်နေ့မှာ ရွေးကောက်ပွဲလုပ်လိုက်တော့ အများပြည်သူတွေဟာ ၈၈ အရေးတော်ပုံကာလက လမ်းပေါ်ထွက်ခဲ့ကြသလို ` ပြောင်းလဲချိန်တန်ပြီ ´ ဆိုတဲ့ အင်န်အယ်လ်ဒီမဲပုံးတွေထဲကို မဲရုံ ၆း၀၀ နာရီဖွင့်မှာ ၄း၀၀ နာရီကတည်းက လာရောက်တန်းစီပြီး ဆန္ဒမဲပေးခဲ့ကြပါတယ်။ သည်မှာတင် အင်န်အယ်လ်ဒီဟာ လွှတ်တော်သုံးရပ်စလုံးမှာ အပြတ်အသတ် အနိုင်ရခဲ့ပါတယ်။ အနိုင်ရပြီးပေမဲ့ ဇန်နဝါရီလကုန်မှ လွှတ်တော်ကိုယ်စားလှယ်ဟောင်းတွေက နေရာဖယ်ပေးပြီး လွှတ်တော်ကိုယ်စားလှယ်အသစ်များ နေရာယူရမှာ ဖြစ်ပါတယ်။ သည်နောက် ဖေဖော်ဝါရီမှာ အနိုင်ရ အင်န်အယ်လ်ဒီက အစိုးရဖွဲ့စည်းပြီး မတ်လကျမှ အာဏာလွှဲပြောင်းကြမှာ ဖြစ်ပါတယ်။

 

ဒါကြောင့် ဘကြီးမိုးက မျှော်လင့်ခြင်း Happy New Year လို့ ဇန်နဝါရီ၊ဖေဖော်ဝါရီနဲ့ မတ်လများကို မျှော်လင့် စောင့်စားနေရကြောင်းပါ။

 

မျှော်လင့်ခြင်း Happy New Year နှင့် ဘကြီးမိုးပါ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts