ဗိုလ်ထက်မင်း သူတို့အာဘော်

ဗိုလ်ထက်မင်း – တပ်မတော်ရဲ့ အမျိုးသားနိုင်ငံရေး စစ်မှန်သွားရေး တိုက်တွန်းချက် အပိုင်း(၁)

 
ဗိုလ်ထက်မင်း –  တပ်မတော်ရဲ့ အမျိုးသားနိုင်ငံရေး စစ်မှန်သွားရေး တိုက်တွန်းချက် အပိုင်း(၁)
(မိုးမခ) ဒီဇင်ဘာ ၃၀၊ ၂၀၁၅
 
၁။ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တပ်မတော်ဟာ အမျိုးသား နိုင်ငံရေးကိုသာ တစိုက်မတ်မတ် လုပ်သွားတော့မယ်လို့ ဆိုလာပါတယ်။ လက်တွေ့နမူနာဖြစ်စဉ်တခု သက် သေပြလိုက်တာကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးသန်းရွှေတွေ့ဆုံတဲ့အပေါ်  ဖိုးလပြည့်က သူ့ရဲ့ဖေ့ဘုတ်မှာ ကြေညာချက်ထုတ်တာမျိုးကို တပ်မတော်က တရားမဝင်ကြောင်း မပြောယုံတမယ်၊ သူတို့မသိပါကြောင်း၊ ကက(ပြည်) ညွှန်ကြားရေးမှူး ဗိုလ်ချုပ်အောင်ရဲဝင်းကိုယ်တိုင် တရားဝင် ကိုးကားခွင့် ပေးလိုက်တာဟာ တပ်ရဲ့ ထုံးစံဖြစ်တဲ့ အထက်အကြီးအကဲဆိုရင် ခေါက်ရိုးကျိုးအောင် သေဝပ် နာခံကြောက်ရွံ့ နေရတဲ့ အစဉ်အလာကနေ လုံးလုံး ခွဲထွက်သွားပြီဖြစ်ပါတယ်။ စာရေးသူအနေနဲ့ ဒီလိုတွေ့ဆုံမှူဟာ အမျိုးသားပြန်လည်သင့်မြတ်ရေး အတွက် ကြိုဆိုပေမဲ့ အချိန်မတန်လို့ သတင်းထုတ်လိုက်ရင် ဆိုးကျိုးဂယက်ရိုက်နိုင်တာမို့ လျှိုဝှက်ထားရမဲ့  အခြေအနေမှာ ဖိုးလပြည့်လို တပ်မတော်အတွက် ကောင်းကျိုးတစုံတရာမလုပ်ခဲ့တဲ့ အစဉ်အလာမရှိသူတစ်ဦး အနေနဲ့ အထက်စီးက တပ်ကိုပိုင်တဲ့ပုံစံမျိုး ထုတ်တာကို သမ္မတနဲ့ တပ်ချုပ်တို့ရဲ့ တုန့်ပြန်ချက်ပြင်းထန်တာ ကြည့်ရင် ကျေနပ်ဖွယ်မရှိတာ သိရှိနိုင်ပါတယ်။
 
၂။ ဦးသန်းရွှေဟာ အာဏာမရှိပေမဲ့ သြဇာတော့ ရှိသေးတယ်ဆိုတာ ဦးရွှေမန်းပြောဆိုချက်ကို အလွန်အမင်း  မယုံကြည်ကြဖို့ တပ်ရဲ့ဖြစ်စဉ်တွေနဲ့ ယှဉ်ပြီး တင်ပြလိုပါတယ်၊ ၁၉၈၈ခုနှစ် ဦးနေဝင်းဟာ အာဏာလက်လွှတ်ပြီး နောက် ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ခိုင်းဖို့ ဦးသန်းရွှေကို တိုက်တွန်းနေတာ ချက်ခြင်း မလုပ်ဆောင်ဖြစ်တာဟာ သြဇာကော ရှိသေးလို့လားဆိုတာ မေးခွန်းထွက်လာပါတယ်။ စစ်ရုံးရှိ ညကျောင်းဆိုတဲ့ အစည်းအဝေးတွေမှာ ဦးသန်းရွှေကိုယ်တိုင် ပယ်ပယ်နယ်နယ် ဦးနေဝင်းနဲ့ သူ့မြေးတွေကို ဝေဖန်တာ ဦးရွှေမန်းတစ်ယောက် စစ်ရုံး မရောက်သေးလို့ မသိလိုက်ဘူး ထင်ပါတယ်။ ပြည်သူလူထုကို တင်ပြချင်တာက စစ်တပ်မှာ သံယောဇဉ် အရှိဆုံးဟာ တပ်ရင်း၊ တပ်မတွေမှာ ရှေ့တန်းမှာ ငတ်အတူတူ၊ သေတူရှင်ဖက် လက်တွဲရတာမို့ အဲဒီတပ်တွေက လက်အောက်ခံအရာရှိတွေသာ သံယောဇဉ်ရှိကြပြီး တော်ရုံခွင့်လွှတ်ပေးကြကာ အကြီးအကဲဖြစ်တာနဲ့ ဆွဲတင်ချီးမြှောက်ကြတာ များပါတယ်။ ဦးသန်းရွှေဟာ ကက(ကြည်း)မှာ စစ်ဦးစီးမှူး ပထမတန်းဖြစ်ခဲ့ချိန်မှာ တပ်ချုပ်ဟာ ဗိုလ်ချုပ်ကြီး သူရကျော်ထင်ဖြစ်နေပြီး ဦးနေဝင်းနဲ့ မနီးစပ်တာတွေ့ရပါတယ်။  ယခုလည်းလက်ရှိတပ်ချုပ်နဲ့  ဦးသန်းရွှေဟာ စီနီယာလုပ်သက် ပါဝါနှိုင်းယှဉ်ပါက တပ်ချုပ်ဗိုလ်ကြီးဖြစ်ချိန် ၁၉၈၃ ခုနှစ်မှာ ဦးသန်းရွှေက ဗိုလ်မှူး ချုပ် နတခတိုင်းမှူးဖြစ်နေပြီး အလွန်ကွာလွန်းနေရာ အနီးကပ်အောက်ခြေတပ်များမှာ တွဲလုပ်ဖူးတဲံ့ ဖြစ်စဉ်မရှိနိုင်တော့တာမို့ ဆရာအရင်းအဖြစ် တန်ဖိုးထားချင်မှ ထားနိုင်ပါတယ်။
 
၃။ တပ်မတော်အရာရှိတွေရဲ့ သြဇာအာဏာဟာ မိမိကိုင်တွယ်အုပ်ချုပ်ရတဲ့ တပ်အမျိုးအစား၊ လက်အောက်ခံတပ်တွေ တိုင်းစစ်ဌာနချုပ်တွေအထိ ဖြန့်ကျက်တည်ရှိမှု ပမာဏပေါ် မူတည်ပြီးဖြစ်ဖြစ်၊ အုပ်ချုပ် ကွပ်ကဲရတဲ့ တပ်နဲ့ ဆက်စပ်ပြီး ရာထူးနဲ့ ပခုံးပေါ်အပွင့် တင်ရတဲ့အဆင့် မူတည်ကာ သက်ရောက်မှူစကားပြောပါတယ်။ နယ်ဘက်ဝန်ကြီးဌာနကို ပြောင်းရမည့်သူတွေဟာ အထက်အမိန့်အရပြောင်းရတယ် ဆိုပေမဲ့ တကယ်တမ်းမပြောင်းချင်ကြသလို နောက်ဆုံးကိုင်ခဲ့တဲ့တပ်အရှိန်အဝါကို ဆက်လက်ယူချင်ကြပါတယ်။ ဗိုလ်ချုပ်ကြီးခင်ညွှန့်က ထောက်လှမ်းရေးတပ်ဖွဲ့အားလုံးကို ဆက်လက်ကွပ်ကဲခွင့်ရမှ ဝန်ကြီးချုပ်ရာထူး လက်ခံမယ် တောင်းဆိုလို့ ပေးလိုက်ရပါတယ်။ အနည်းဆုံး တပ်ကို ကိုင်တွယ်ခွင့်မရရင်တောင် လက်ရှိဝတ်နေတဲ့ စစ်ဝတ်စုံနဲ့ နောက်ဆုံးရာထူးအဆင့်အတိုင်း ဝန်ကြီးဌာနတွေမှာ ဆက်လက် ဝတ်သွားလိုကြပါတယ်။ သူတို့အကြောင်းပြတာကတော့ နယ်ဘက်ဝန်ထမ်းတွေအပေါ်သြဇာရှိအောင်လို့ ဆင်ခြေပေးကြပါတယ်။ နယ်ဘက်ဝန်ကြီးဌာန ဗိုလ်ချုပ်တွေဟာ တိုင်းနဲပြည်နယ် စီမံကိန်းစစ်ဆေးဖို့ ဆင်းရင် တိုင်းမှူးတွေအတွက် လက်ဆောင်တွေထုပ်ပိုးတာလည်း ရှိခဲ့ပါတယ်။ လက်ရှိပြည်ထဲရေးဝန်ကြီး ဒုဗိုလ်ချုပ်ကြီး ကိုကိုဟာ တောင်ပိုင်းတိုင်း တိုင်းမှူးဘဝက စက်ရုံမှူးတစ်ဦးကို မင်းတို့ဝန်ကြီးက Commander မဟုတ်ဖူး ဆိုပြီး ခေါ်ကြိမ်းခဲ့တာ ရှိခဲ့ပါတယ်။
 
၎။ ဆိုလိုတာက တပ်မတော်နဲ့ သိပ်မကွာလှမ်းသေးတဲ့ ယူနီဖေါင်းဝတ်တာခြင်းအတူတူ တပ်ရှိတဲ့ ဗိုလ်ချုပ်နဲ့ မရှိတဲ့ ဝန်ကြီးဗိုလ်ချုပ် ယှဉ်ရင် သြဇာကွာလာပြီး ကျဆင်းနေပါတယ်။ ပင်စင်ယူပြီးဆိုရင် စစ်တပ်အပေါ် သြဇာသက်ရောက်မှုဟာ ဗိုလ်ချုပ်အောင်ဆန်းလို နောက်လူများက မှီနိုင်ပါ့မလားဆိုတာ ပြည်သူလူထုအနေနဲ့စ ဉ်းစားကြည့်စေလိုပါတယ်။ ယခင်က တပ်ထွက်တွေ ပေးမဝင်နဲ့ဆိုပြီး တပ်ရဲဂိတ်တွေမှာ စာထုတ်တဲ့အထိ ရှိခဲ့ဘူးပါတယ်။ လက်ရှိအနေအထားအရ တပ်ချုပ်အနေနဲ့ ဦးသန်းရွှေကို ကျေးဇူးရှင်မို့ သူပြောရင် လုပ်နိုင်သလို လုပ်ချင်မှလည်း လုပ်ပါမယ်။ နိုင်ငံရေးရေချိန်က မြင့်နေရာ အမျိုးသားပြန်လည်သင့်မြတ်ရေးအမှတ်ယူဖို့ဆိုတာ တပ်ကအဓိကဖြစ်နေတာမို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ လှူပ်ရှားမှူအသွင်ဟာ စစ်သားပုံထက် နိုင်ငံရေးသမားပုံစံမျိုး အကွက်ချိုးနေတာကြောင့် မှန်းဆရခက်တဲ့ လူတန်းစားထဲမှာပါပါတယ်။
 
၅။ ယခုတလော လူမှူမီဒီယာတွေနဲ့ ဂျာနယ်တွေမှာ ဖိုးလပြည့်ရဲ့ဖေ့ဘုတ် ထုတ်ဖေါ်ချက်အပေါ် အငြင်း
ပွါးစရာများ ဖြစ်ပေါ်သွားခဲ့ပါတယ်။ လက်ခံကြိုဆိုသူတွေရှိသလို တပ်မတော်နဲ့အစိုးရကို ကျော တဲ့ပုံစံမျိုး ဖြစ် လို့ဆိုပြီး အပြင်းအထန် ကန့်ကွက်ဝေဖန်သူတွေလည်းရှိခဲ့ပါတယ်။ စာရေးသူအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်က ဦးသန်းရွှေသွားရောက်တွေ့ဆုံမှူ အပေါ် ဝမ်းမြောက်ဝမ်းသာကြိုဆိုပါတယ်။ ပြည်သူလူထုရဲ့ စိုးရိမ်ပူပန်မှူ ဒီဂရီလျှော့ကျသွားစေပါတယ်။ ဖိုးလပြည့်အပေါ် အကျယ်အကျယ် မကျေမလည် ဖြစ်ပွါးနေရာ ပြည်သူလူထုကို တပ်မတော်ထိပ်ပိုင်းလူကြီးများရဲ့ သြဇာသက်ရောက်မှူအတိုင်းအတာ၊ တနည်း တပ်ရဲ့အထာစရိုက်လက္ခဏာတွေအား တင်ပြမှသာ သိရှိနားလည်လာပြီး နိုင်ငံ့အနာဂတ်ကို မျှော်မှန်းနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် တပ်က လူကြီးများ အပြင်အရပ်သားအဖြစ်ရောက်ပြီး တပ်ကိုသြဇာလွှမ်းမို့ဖို့ ကြိုးစားခဲ့ရာမှာ ပေါက်ကွဲသွားတာတွေရှိခဲ့ရာ တပ်မတော်ရဲ့ အမျိုးသားရေးနိုင်ငံရေး စစ်မှန်ဖို့ရာ ဆက်စပ်နေတာမို့ ဖြစ်စဉ်များနဲ့သုံးသပ်တင်ပြပါမယ်။
 
၆။ ဖိုးလပြည့်ရဲ့ လုပ်ဆောင်ချက်အပေါ် တပ်မတော်အရာရှိကြီး(ငြိမ်း)တစ်ဦးထံ ဆက်သွယ်မေးမြန်းခဲ့ပါတယ်-
      “ အကိုကြီး ဦးရွှေမန်းဟာ ကျဆင်းနေတဲ့ power ကိုပြန်လည်မြှင့်တင်တဲ့အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ဦးသန်းရွှေနဲ့ တွေ့လိုရအောင် စီစဉ်ပေးတယ်လို့ပြောတယ်။ လုပ်ကွက်ပြ ပိုင်တယ် ဆိုတဲ့သဘောပေါ့၊ အဲဒီတော့ ဦးရွှေမန်းဟာ ဘယ်လိုလုပ်ပြီး ဦးသန်းရွှေကို ချဉ်းကပ်နိုင်သလဲ။” ။ “ဦးရွှေမန်းရဲ့ ဇနီးဒေါ်ခင်လေးသက်ဟာ ဖိုးလပြည့်ကို ထိန်းကျောင်းလာတာ၊ ဆရာမဆိုလည်းဟုတ်
တယ်၊ တပည့်ဆိုတော့ ဆက်သွယ်ရတာ လမ်းပွင့်သွားတာမို့ ဖိုးလပြည့် ကို ဦးရွှေမန်းရဲ့စာ အဖိုးဦးသန်းရွှေထံ ပေးခိုင်းတယ်လို့ သိရတယ်။ ဒါအပြင် ဦးရွှေမန်းသားတွေဟာ ခရိုနီအကြီးစားတွေမို့ အိမ်တော်ကြီးအဝင်အထွက်ရှိတဲံ့ ခရိုနီဆရာကြီးတွေနဲ့ အကျိုးစီးပွါးဖက်မို့ သူတို့ကို ဖိအားပေး လုပ်ခိုင်းတာလည်း ဖြစ်နိုင်တယ်။”
 
စာရေးသူက သေချာအောင်နေပြည်တော်ဝန်ကြီးဌာနတခုမှ အရပ်သားအရာရှိကြီးတစ်ဦးနဲ့ ဒီသတင်းကို ထပ်မံအတည်ပြုပါတယ်။ သူကတော့ မထင်မှတ်တဲ့လမ်းကြောင်း ပြောလာပါတယ်-
 
“ဘယ်သူမဆို ဦးသန်းရွှေဆီ ဝင်ချင်ရင် နေပြည်တော်ဝန်ကြီးဦးသိန်းညွှန့်ကို ခွင့်တောင်းရတယ်။ သူဟာ DSA12 (ခလရ၆၅- မိုင်းတုံတပ်ရင်းမှူး၊ သူရဲကောင်းမှတ်တမ်းဝင်၊ Best Cadet) တပ်မှာ လူတော်တစ်ဦးလို့ သတ် မှတ်တယ်လို့ သိရတယ်။ သူက တပ်မမှူး တိုင်းမှူးမဖြစ်ဘဲ ဗိုလ်မှူးကြီးအဆင့်နဲ့ မကွေးတိုင်း တယကဥက္ကဌကနေ  ဝန်ကြီးတိုက်ရိုက်ဖြစ်လာသူ၊ အဘိုးကြီးရဲ့နောက်ဆုံးယုံကြည်စိတ်ချရတဲ့ တပည့်ရင်းဖြစ်တယ်။ သူက ဦးသန်းရွှေဆီ ဦးရွှေမန်းကို ပို့ပေးလိုက်တာဖြစ်တယ်။ ဦးသိန်းညွှန့်က ဦးရွှေမန်းဇာတ်နာအောင် ပြောထားဟန်တူတယ်၊”
 
စာရေးသူသုံးသပ်တာက ထိပ်သီးနှစ်ဦးနဲ့ ဒေါ်အောင်ဆန်းစုကြည်တွေ့ခါနီးချိန်မှာ ဦးရွှေမန်းက စာပို့တဲ့ အစီအစဉ်လုပ်ထားပြီး နောက်မှလူချင်းတွေ့တဲ့အစီအစဉ် ဆက်လုပ်နိုင်ကာ နည်းလမ်းနှ စ်မျိုးစလုံး ရှေ့ဆင့်နောက်ဆင့် လုပ်သွားနိုင်ပါတယ်။
(ဆက်လက်ဖော်ပြပါမည်)

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts