သူတို့အာဘော်

မင်းခိုင် – သယံဇာတမုဒိမ်းမှု

 

မင်းခိုင်  – သယံဇာတမုဒိမ်းမှု

(မိုးမခ) ဒီဇင်ဘာ ၃၀၊ ၂၁၅

သဘာဝသယံဇာတတွေ ပေါကြွယ်ဝတဲ့ နိုင်ငံတွေမှာ အဲဒိ ပေါကြွယ်ဝတဲ့ သယံဇာတတွေကြောင့် ကောင်းကျိုးထက် ပတ်ဝန်းကျင်ဂေဟစနစ်တွေ၊ စီးပွားရေးဖွံ့ဖြိုးမှုတွေ ပျက်စီးယိုယွင်းသွားရတယ်ဆိုတဲ့ ဆိုးကျိုးက ပိုများကြောင်းကို ရည်ညွန်းတဲ့ သယံဇာတကျိန်စာ (Resource Curse) ဆိုတဲ့ စကားလုံးကို ဘယ်နိုင်ငံနဲ့ပတ်သက်လို့ စသုံးခဲ့မှန်း မသိပေမယ့် သယံဇာတမုဒိမ်းမှုဆိုတဲ့စကားလုံးကို စသုံးခဲ့တာတော့ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ပဲဗျ။  ချားစ်လီကီးတန် (Charles Lee Keeton)ဆိုတဲ့ စာရေးဆရာက သူ့ရဲ့စာအုပ်ကို သီပေါဘုရင်နဲ့ မြန်မာ့သယံဇာတမုဒိမ်းမှု (King Thebaw and the Ecological Rape of Burma)လို့ ခေါင်းစဉ်တပ်ပြီး စသုံးခဲ့သဗျ။  စာအုပ်က ၁၉၇၄ မှာ ထုတ်ခဲ့တာဆိုတော့ နှစ်ပေါင်း ၄၀ တောင် ကျော်ပေါ့။  သယံဇာတကျိန်စာဆိုတဲ့ စကားလုံးကို Richard Auty က ၁၉၉၃ မှာ စသုံးခဲ့တာဆိုတော့ ကျနော်တို့ရဲ့ သယံဇာတမုဒိမ်းမှုက အများကြီး စောတာပေါ့ဗျာ။

ချားစ်ရဲ့ကောက်ချက်ကတော့ မြန်မာနိုင်ငံဟာ သယံဇာတ မုဒိမ်းကျင့်ခံရပြီး သူ့ကျွန်ဘ၀ရောက်ခဲ့ရတာပါတဲ့။ အဲဒီတုန်းက အနိုင်ကျင့်ခံရတာတော့ သစ်တောတွေပေါ့ဗျာ။ ဘုံဘေဘားမားသစ်ကုမ္ပဏီရဲ့ အနိုင်ကျင့်မှုကြောင့် သစ်တောတွေပြုန်း၊ ရာသီဥတုတွေဖောက်ပြန်၊ စိုက်ပျိုးရေးတွေ မဖြစ်၊ စီးပွားတွေပျက်ပြီး သူခိုးဒမြတွေ သောင်းကျန်းနဲ့ သီပေါလက်ထက်မှာ အခြေအနေက ဗရုတ်ဗရက်ကြီး ဖြစ်ခဲ့ရပါတဲ့။ အဲလိုနဲ့ တိုင်းပြည်ရဲ့စီးပွားရေးရော၊ စည်းလုံးမှုပါ ဖရိုဖရဲဖြစ်ပြီး အင်္ဂလိပ်တွေအောက် ရောက်ခဲ့ရပါတဲ့။ အရင်းခံကတော့ သယံဇာတမုဒိန်းမှုပါတဲ့။  ၁၈၆၂ ခုမှာ လိုင်စင်ချပေးလိုက်တော့ တနှစ်ကို တန်ချိန်သိန်းနဲ့ချီပြီး ခုတ်လိုက်ကြတာ အနှစ် ၂၀အကြာ ၁၈၈၃ ရောက်တော့ ရာသီဥတု ဖောက်ပြန်ခြင်းတွေနဲ့ တည့်တည့်တိုးတော့တာပါပဲတဲ့။  ၁၈၈၃ ဧပြီကနေ ၂ နှစ်ဆက်တိုက် မိုခေါင်လိုက်တာ အထက်မြန်မာပြည်က သိန်းနဲ့ချီတဲ့ လူတွေက အောက်ပြည်အောက်ရွာကို ဆင်းပြီး စီးပွားရှာရပါသတဲ့။

ခုတ်ဆို အမြတ်ကလည်း တင်းကျမ်းကိုး… ရန်ကုန်မှာ ၃၀-၄၀ ပဲတန်တဲ့ သစ် တတန်ဟာ ဥရောပမှာ ၇၀၀ ကျော် ပေါက်ကြေးရှိပါသတဲ့။  အဆ ၂၀  ကျော် မြတ်တာပေါ့ဗျာ။  အရင်းကတော့ ၁၀ ကျပ်လောက်ပဲ ရှိသတဲ့။  ဒီလောက်အမြတ်တွေ ရနေတာတောင် ဘုံဘေဘားမားသစ်ကုမ္ပဏီက သုံးပုံတပုံပဲ စာရင်းပြပြီး သုံးပုံနှစ်ပုံကို ဖြောင်ပါသတဲ့။  ၁၈၈၃ ခုမှာ သစ်လုံးပေါင်း ရှစ်သောင်းကျော် ခုတ်ရာမှာ သုံးသောင်းနှစ်ထောင်ပဲ စာရင်းပြပါသတဲ့။

ထားဗျာ..၊  ပြောချင်တာက ချားစ်ရဲ့ကောက်ချက် မှန်မမှန်ကို မဟုတ်ဘူးဗျ။  ကျနော်တို့ဟာ လွန်ခဲ့တဲ့ အနှစ် ၁၀၀ ကျော်လောက်ကတည်းက သယံဇာတတွေနဲ့ ပတ်သက်လို့ အနိုင်ကျင့် ခံခဲ့ရတဲ့အကြောင်းပါ။  အဲဒီ့ဇာတ်လမ်းက အခုလည်းမပြီးသေးဘူးဗျ။  မဟုတ်ဘူး … အခု ပိုဆိုးလာတယ်ဗျ။

အရင်တုန်းက သစ်တမျိုးပဲ အနိုင်ကျင့်ခံရတာ။  အခုဟာ သစ်တင်မကဘူး၊ ရေနံနဲ့သဘာဝဓာတ်ငွေ့ကို စွမ်းအင်သယံဇာတတွေ၊ ကျောက်စိမ်းတို့လို ကျောက်မျက်ရိုင်းတွေ၊ ကြေးနီတို့သံတို့လို သတ္တုရိုင်းတွေ၊ ငါးပုစွန်တို့လို ကုန်းနေရေနေသတ္တ၀ါတွေ၊ မြေယာလို အကန့်အသတ်နဲ့ သဘာဝရင်းမြစ်တွေ … ရှိရှိသမျှ အကုန်အနိုင်ကျင့်ခံရပါတယ်။

အနိုင်ကျင့်တဲ့သူကလည်း တဦးတဖွဲ့တည်း မဟုတ်တော့ဘူး။  အနိုင်ကျင့်ခွင့်ရတဲ့လူ မှန်သမျှ ၀ိုင်းပြီးအနိုင်ကျင့်ပါတယ်။  ပြည်တွင်းပြည်ပ ဘနဖူးသိုက်တူးသူတွေ၊ ခရိုနီ ခရိုပြာတွေ၊ လက်နက်ကိုင်အဖွဲ့အစည်းတွေ …. အားလုံးက ၀ိုင်းပြီး ၀ါးထိုးလို့ကူပါတယ်။  ဘယ်သူတွေ ဘယ်လိုအနိုင်ကျင့်နေတယ်ဆိုတာ အများသိမို့ ထူးမပြောတော့ပါဘူး။

ပြောချင်တာက ဒီကိစ္စကို မတရားအခွင့်အရေးယူတာလောက်၊ သစ်တောတွေ ပြောင်သွားတာလောက် တွင်းထက်သယံဇာတပစ္စည်းတွေ ကုန်သွားတာလောက်၊ မြန်မာ့ပင်လယ်ပြင်မှာ ငါးရှားသွားတာလောက်၊ မှောင်ခိုတွေ လုပ်ကြလို့ အခွန်ငွေ မရတာလောက်ပဲမမြင်သင့်ပါဘူး။  ဒီ့ထက် ပိုပါတယ်။  အများကြီးအများကြီး ပိုပါတယ်။  ဘာလို့လဲဆိုတော့ ဒါ … အနိုင်ကျင့်တာထက် ပိုပါတယ်။  ဒါ .. ဖျက်ဆီးတာပါ။  တဦးတယောက်တည်းကို ဖျက်ဆီးတာ မဟုတ်ပါဘူး။  ဒီမြေဒီရေမှာ နေထိုင်တဲ့ သတ္တ၀ါပေါင်းများစွာ လူပေါင်းများစွာ ဘ၀ပေါင်းများစွာကို ဖျက်ဆီးတာပါ။

ပစ္စုပ္ပန်ကိုတင် ဖျက်ဆီးတာ မဟုတ်ပါဘူး၊ အနာဂတ်ကိုပါ ဖျက်ဆီးတာပါ။  တနည်းအားဖြင့် ကျနော်တို့ကိုတင် မဟုတ်ပါဘူး၊  ကျနော်တို့ရဲ့ မြေးတွေမြစ်တွေကိုပါ ဖျက်ဆီးပစ်တာပါ။  ဘာလို့လဲဆိုတော့ ပြန်လည်အစားထိုးလို့မရတဲ့ သဘာဝသယံဇာတတွေ ချို့တဲ့ရှားပါးတဲ့ဒဏ် … အထူးဖြင့် ပြန်လည်ထူထောင်ဖို့ ခက်လှတဲ့ ဂေဟစနစ်ကြီး ပျက်စီးသွားတဲ့ဒဏ် .. အဲဒီ့ဒဏ်တွေကို ကျနော်တို့တင်မက ကျနော်တို့ရဲ့ အနာဂတ်မျိုးဆက်တွေကပါ ရင်ဆီးခံရမှာမို့ပါ။ 

အခုကိုပဲ နိုင်ငံတ၀ှမ်း ရေးကြီးတဲ့ဒဏ်ကို ခံခဲ့ရပြီးပါပြီ။  အမှန်က မိုးရွာချိန်က အရင်နှစ်က အတိုင်းပါပဲ။  ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းက သစ်တွေပြောင်သွားတဲ့ အကျိုးဆက်ကို ခံရတာပါ။  ဒါ … တနိုင်ငံလုံးသိတဲ့ အကျိုးဆက်ကို ပြောပြတာပါ။  အမှန်က လူမသိသူမသိဇာတ်လမ်းတွေက ပိုများပါတယ်။  ဥပမာ တီကျစ်ကျောက်မီးသွေးတွင်းတို့၊ ရမ်းဗြဲကျွန်းတို့မှာ ဂေဟစနစ်ပျက်စီးတဲ့ဒဏ်ကို ဒေသခံတွေ အကြီးအကျယ်ခံနေရပါပြီ။

သဘာဝသယံဇာတဆိုတာ ကျနော်တို့ ရခဲ့တဲ့အမွေမဟုတ်ပါဘူး။ တနည်းအားဖြင့် ဘိုးဘွားတွေအမွေပေးလို့ ရခဲ့တဲ့ အမွေပစ္စည်းမဟုတ်ပါဘူး။  သဘာဝသယံဇာတဆိုတာ ကျနော်တို့ရဲ့ နောက်မျိုးဆက်ဆီက ကျနော်တို့ချေးငှားသုံးနေတဲ့အရာပါ။  ဒီသဘောကို မနေ့တနေ့ကမှ နိုင်ငံဖြစ်လာတဲ့ အရှေ့တီမောတောင် နားလည်ပါတယ်။  အရှေ့တီမောဟာ ၂၀၀၂ ခုမှာ အင်ဒိုနီးရှားကနေ ခွဲထွက်ပြီး အချုပ်အချာအာဏာပိုင် နိုင်ငံဖြစ်လာပါတယ်။ အမှန်က အရှေ့တီမောဟာ ရေနံသဘာဝဓာတ်ငွေ့ ပေါကြွယ်ဝပေမယ့် ဆင်းရဲပါတယ်။  ဒါပေမဲ့ နိုင်ငံသစ်ထောင်တဲ့ ခေါင်းဆောင်တွေက တိုင်းပြည်စီးပွားရေးအတွက် စဉ်းစားတော့ ငါတို့ရဲ့စီးပွားရေးကို ဒီသယံဇာတတွေကို အလွန်အကျွံ့ထုတ်ရောင်းပြီးတော့ဖြင့် မတည်ဆောက်သင့်ဘူးလို့ သဘောညီကြပါသတဲ့။ ဘာလို့လဲဆိုတော့ ဒီသယံဇာတပစ္စည်းတာဟာ အနာဂတ်မျိုးဆက်နဲ့လည်း ဆိုင်လို့ပါတဲ့။  ကျနော်တို့ရဲ့တိုင်းပြည်ကတော့ တိုင်းပြည်ရဲ့ ၆၀%ကျော်ကို သယံဇာတတွေ ရောင်းချပြီး ရှာပါသတဲ့။  တရားဝင်လျှော့ဈေးနဲ့ရောင်းတာနော်၊ အနိုင်ကျင့်တာ မပါသေးဘူး။

အခုဆို နိုင်ငံတော်တော်များများဟာ သယံဇာတပစ္စည်းတွေကို အလွန်အကျွံ့မသုံးဖို့၊ ဂေဟစနစ် မပျက်စီးဖို့၊ ဖြစ်နိုင်ရင် အစားပြန်ထိုးဖို့ (ဥပမာ – သစ်ပင်တွေ ပြန်စိုက်ဖို့) တော်တော်လုံ့လစိုက် ဆော်သြလာကြပါတယ်။  တရုတ်နိုင်ငံဆိုရင် သစ်ပင်ပြန်စိုက်တဲ့နေရာမှာ ကမ္ဘာ့နံပါတ် ၂ ပါတဲ့။   (စကားမစပ် … ကိုယ့်ဒေသ ကိုယ့်နေရာကိုတော့ဖြင့် လုံးဝအထိခိုက်မခံဘဲ သူများဒေသတော့ဖြင့် ဘာကြီးပဲဖြစ်ဖြစ် ငါတို့လိုချင်တာ ယူမယ်ဆိုတဲ့ စိတ်မျိုးဟာ အောက်တန်းကျတဲ့ စိတ်ထဲမှာတော့ အောက်တန်းတကာ အောက်တန်းအကျဆုံး အောက်တန်းစားစိတ်ပါပဲလို့ ယဉ်ယဉ်ကျေးကျေး ပြောရပါလိမ့်မယ်)

ကဲ … ကျနော်တို့ ရွှေပြည်ကြီးကရော … လွန်ခဲ့တဲ့ အနှစ် ၁၀၀ ကျော်တုန်းကတော့ သယံဇာတတွေ မုဒိမ်းကျင့်ခံရပြီး သူ့ကျွန်ဘ၀ရောက်ခဲ့ရပါသတဲ့။ အင်း … ဒါပေမဲ့ အခု ခေတ်သစ်သယံဇာမုဒိမ်းမှုကြောင့်တော့ဖြင့် သူ့ကျွန်ဘ၀တော့ မရောက်လောက်ဘူး ထင်ပါတယ်။  ဘာလို့လဲဆိုတော့ ဂေဟစနစ်တွေ အကြီးအကျယ်ပျက်စီးနေတဲ့ တိုင်းပြည်၊ မိုးခေါင်လိုက် ရေကြီးလိုက်နဲ့ ဒုက္ခပင်လယ်ဝေနေတဲ့တိုင်းပြည်၊ လွင်တီးခေါင်ပြင်တမျှော်တခေါ်ကြီးနဲ့ ကန္တရတိုင်းပြည်၊ မြစ်တွေချောင်းတွေ ကောချင်တိုင်း ကောလို့ ရေကပ်ဘေးသင့်နေတဲ့တိုင်းပြည်၊ အဲလိုတိုင်းပြည်မျိုးကို ဘယ်သူကများ သိမ်းချင်မှာလဲ၊ ဟုတ်ဘူးလားဗျာ။ 

သြော်… ကံဆိုင်းလိုက်တဲ့တိုင်းပြည် …. ကံဆိုးသလောက် ကျနော်တို့ချစ်ရတဲ့တိုင်းပြည် … ။  အဲဒီ့ ကံဆိုးသလောက်ချစ်ရတဲ့တိုင်းပြည်မှာ နေရင်း တနေ့နေ့ တချိန်ချိန်မှာ မြေးမလေးတယောက်လောက်က “ဘိုးဘိုး … သမီးတို့တိုင်းပြည်က အရင်တုန်းကတည်းက ဒီလိုကြီးပဲလား၊ ဖိုးဖိုးတို့ ခေတ်တုန်းကရော .. ဘယ်လိုကြီးလဲ” လို့ မေးလာခဲ့ရင်၊ ဒါမှမဟုတ် ဒိထက် ပိုသိပိုတတ်လို့ “ဖိုးဖိုးတို့ ဘာတွေများ လုပ်ခဲ့လို့ သမီးတို့တိုင်းပြည်ကြီး ခုလိုဖြစ်သွားရတာလဲ..” လို့များ …. မေးလားခဲ့ရင် …

မေး လာ ခဲ့ ရင် … 

ဘယ်လိုဖြေရပ .. အင်း .. 

ဘယ်လိုဖြေရပ … ။

 

မင်းခိုင်


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts