ကိုသန်းလွင် သူတို့အာဘော်

ကိုသန်းလွင် – ခြစားမှု တိုက်ဖျက်ရေး

 

ကိုသန်းလွင် – ခြစားမှု တိုက်ဖျက်ရေး

(မိုးမခ) ဒီဇင်ဘာ ၂၂၊ ၂၀၁၅

 

(၁)

 

မကြာသေးမှီက အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနမှအရာရှိတစ်ဦးက “ ဆင်ဆိုတာ ကွေ့ရင်တဆစ်ချိုးမကွေ့ပါဘူး” “An elephant is not prone to making sharp turns.”ပာုပြောခဲ့သည်၊ နိုင်ငံတော်ရေးရာ ပေါ်လစီများကို ပြောင်းလဲရာတွင် တမဟုတ်ချည်း လုပ်၍ မရပါ၊ အချိန်ယူ ကြရသည်၊ ချင့်ချိန်ကြရသည်၊ ထို့ကြောင့် လမ်း ကြောင်း ဦးတည်ရာ ပြောင်းလိုကြသော ဆင်ကောင်ကြီး များသည်လမ်ကြောင်းပြောင်းရန် တဖြည်းဖြည်း အချိန် ယူရပုံ ကို တင်စားပြီးဝန်ကြီးချုပ် မိုဒီ၏ နိုင်ငံတော် ပြုပြင် ရေး လုပ်ငန်းများသည် အချိန်ယူရပါလိမ့်မည်ပာု ပြောဆိုခဲ့ခြင်းဖြစ်ပါသည်။

အိန္ဒိယနိုင်ငံဝန်ကြီးချုပ်သစ် နီရန်ဒါးမိုဒီ ကျမ်းသစ္စာကျိန်ဆိုပြီး နိုင်ငံကိုအုပ်ချုပ်ခဲ့သည်မှာ လာမည့် မေလတွင် တစ်နှစ်ပြည့်ပါတော့မည်၊ မဲရှုံးပြီး အာဏာကို စွန့်လွှတ်ခဲ့ရသော ကွန်ဂရက်ပါတီမှာ စီးပွားရေး ပေါ်လစီ အမှားများကြောင့်၎င်း၊ နိုင်ငံနှင့် အ၀ှမ်းနေရာပေါင်းစုံ ခြစားမှုများကြောင့်၎င်း၊ နိုင်ငံဖွံ့ဖြိုးတိုးတက်မှုမရှိခဲ့ပာု သုံးသပ်ခဲ့ကြပါသည်၊ ဂူဂျာရတ် နယ်၏ ၀န်ကြီးချုပ် အဖြစ် တာဝန်ယူခဲ့သော မိုဒီမှာ သူနယ်၏ စီးပွားရေးကို အောင်မြင်အောင်လုပ်နိုင်ခဲ့သည့်နည်းတူ အိန္ဒိယနိုင်ငံ၏ စီးပွားရေးသည် တပာုန်ထိုး တိုးတက်လာတော့မည်ပာု မျှော်မှန်းခဲ့ကြပါသည်။

 

သို့တိုင်အောင် ၂၀၁၄ နှစ်ကုန် ကျွန်တော်မြင်ဘူးခဲ့သော ဒေလီမြိုတော်ကြီးမှာ အမှိုက်တွေသိမ်းမည့်သူမရှိဘဲ ရှုပ်ထွေးနေတုန်း ဖြစ်ပါသည်၊ အိန္ဒိယနိုင်ငံသည် အဓိကတိုင်းကြီး(၂၉)ခုနှင့် ယူနီယံ ရ ခု ပါဝင်သော ဖက်ဒရယ် မူဖြင့် အုပ်ချုပ် သောနိုင်ငံဖြစ်ပါသည်၊ ဘာသာရေး ကွဲပြားခြားနားမှုကလည်း အဓိက အခက်အခဲဖြစ်နေသည်၊ မိုဒီမှာ သမ္မတ အိုဘားမား နှင့် ပုဂ္ဂိုလ် ရေး ခင်မင်သူဖြစ်ရာ အမေရိက နှင့် ကုန်သွယ်ရေးမှာ ပိုမိုတိုးတက်မည် ပာုမျှော်လင့်ကြရသည်၊ 

 

လွတ်လပ်ရေးရပြီးချိန် ၀န်ကြီးချုပ် ပဏ္ဍစ် နေရူး လက်ထက်မှစ၍ ရရှားနိုင်ငံနှင့်  စစ်လက်နက်ရေးရာများနှင့် ပါတ်သက်ပြီးမပာာမိတ်ဖြစ်ခဲ့ရာ ယနေ့ရရှားသမ္မတ ယူတင် က ဘာတွေပဲလုပ်နေပါစေ ဆက်ဆံရေးပျက်ပြား အောင် အိန္ဒိယက ဘာမှမလုပ်၊ ပါကစ္စတန်မှာ ဘီဂျေပီ အစိုးရအဆက်ဆက် ၁၉၉၉ မှာတကြိမ်၊ ၂၀၀၁ မှာ တကြိမ်၊ ၂၀၀၄တွင် အစ္စလာမ်မာဘတ် မှာ တကြိမ် ထိပ်သီးဆွေးနွေးပွဲတွေ အကြိမ်ကြိမ်ကျင်းပခဲ့သည့်တိုင် ပဋိပက္ခဖြစ်ခဲ့ရသည့် မိတ်ဆွေမဟုတ်သော၊ မတည့်သောနိုင်ငံတခုသာ ဖြစ်နေသည်၊ ၁၉၆၂ ခုနှစ်က နယ်နိမိတ် စစ်ပွဲဖြစ်ခဲ့ရသော တရုတ်နိုင်ငံမှာ ရန်သူနိုင်ငံသာဖြစ်သည်၊ ခေါင်းဆောင်ကြီးအချင်းချင်း အပြန်အလှန် လည် ပါတ် ပြီးကြသည့်တိုင် အခြေအနေမှာ မပြောင်းလဲ၊ ထိုစဉ်က အိန္ဒိယ၀န်ကြီးချုပ် ဘတ်(ချ)ပါရီး က အမေရိကန် သမ္မတကလင်တန် ထံ အိန္ဒိယနိုင်ငံက အနုမြူဗုံး ထုတ်လုပ်ရခြင်းကိစ္စ စာရေးရာတွင် တရုတ်နိုင်ငံ၏ ကျူးကျော် မှု ကိုကာကွယ်ရန်ပာု အကြောင်းပြခဲ့ပါသည်။

 

နိုင်ငံအချင်းးချင်းရန်ပြုခြင်း၊ မပာာမိတ်ဖြစ်ရခြင်းတို့မှာ နေ့ချင်းညချင်း ပြောင်း၍မရပါ၊ ထိုနည်းတူ နိုင်ငံတော် ရေးရာဆိုသည်မှာ နေ့ချင်းညချင်း လုပ်သင့်သည့်ကိစ္စတွေမပာုတ်၊ ကျွန်တော်တို့သည် ချက်ချင်းအာဏာတည် သည့် အမိန့်ကြော်ငြာစာဆိုသည်ကို ကြားရပေါင်းများ၍ နားခါးခဲ့ရပါသည်၊ မနက်ဖြန်က စပြီးပြောင်းလဲ လိုက် သည် ဆိုသော ကိစ္စများမှာ မရှိသင့်ပါ။

(၂)

 

နောင်တက်လာတော့မည့် အစိုရသစ်က လွှတ်တော်အမတ်များ၊ ၀န်ထမ်းများ၊ သြဇာအာဏာရှိသူများကို ခြမစား ကြရန်၊ အကျင့်ပျက်သူများကို ထောင်ချပစ်ရမည်ပာူသော သတိပေးချက်ကို ကြားသိလိုက်ရပါသည်၊ အမှန်မှာ အလွန်နှစ်ထောင်းအားရဖြစ်စရာကောင်းပါသည်၊ တိုင်ပြည်၏အနာဂါတ်မှာ ကောင်းလာတော့ မည်ပာုမျှော်လင့် နိုင်ပါသည်။

 

သို့ပါသော်လည်း ခြစားသူ၊ အကျင့်ပျက်သူတွေကို ထောင်ထဲပို့ခြင်းဖြင့် ခြစားမှုကို တိုက်ဖျက်နိုင်လိမ့်မည်ပာု ကျွန်တော်မယုံကြည်ပါ၊ ၀န်ထမ်းများ ခြစားရခြင်း၏ အကြောင်းရင်းကို ရှာဖွေဆန်းစစ်ရန်လိုပါသေးသည်၊ အရေပြားမှာ ဖြစ်သည့် ရောဂါ၊ အနာကို ထိုနေရာ၌ ဆေးလိမ်းရုံဖြင့် အမြဲတစေ မကုစားနိုင်ပါ၊ အရေပြားမှာသာ ရောဂါဖြစ်ရခြင်းအခြေခံပါက ထိုအနာသည် ပျောက်ကင်းချမ်းသာနိုင်ပါသည်၊ သို့ပါသော်လည်း အသည်းတွင် ဖြစ်နေသော ဝေဒနာကြောင့် လူမှာအနာပေါက်ရသည်ဆိုပါက အကြောင်းရင်း အသည်းကို မကုစားဘဲ အနာ တွေပျောက်သွားမည်မပာုတ်ပါ။

 

ဝန်ထမ်းများ လာဘ်ငွေယူနေကြရခြင်းမှာ ရရှိသော လစာငွေ မလောက်င သောကြောင့် ဖြစ်ပါသည်၊ အစိုးရ သည် ယနေ့ မလောက်မင ဖြစ်နေသောလစာကို တိုးမြှင့်ပေးရပါမည်၊ ယခု တစ်သိန်း၊ နှစ်သိန်းသာရနေသော ၀န်ထမ်းများသည် သိန်း၂၀၊ သိန်း၃၀ စသည်ဖြင့် ရနေပါလျင် သူတို့သည် မိမိအလုပ်ကို စိတ်ဝင်တစား လုပ်ကြသလို ” ပိုက်ဆံမရရင်လုပ်မပေးနိုင်” ဆိုသော စိတ်ဓါတ်သည်လည်း ပပျောက်သွားပါလိမ့်မည်။

ဝန်ထမ်းတဦးသည် နေ့တဓူဝ လုပ်ငန်းခွင်၌ အလုပ်လုပ်နေပြီဆိုလျင် မိမိ၏ သားသမီး၊ မှီခိုသူများ၏ ပညာရေး၊ ကျန်းမားရေး၊ လူမှုရေး ကိစ္စများကိုတာဝန်ယူနိုင်စွမ်းရှိရပါမည်၊ ကျွန်တော်တို့ ပညာသင်ကြားစဉ်ခေတ်က တက္ကသိုလ် ကျောင်းလခမှာ ၁၅ကျပ်နှင့် အဆောင်ကြေးမှာ ၅၂ကျပ်သာ ကုန်ကျပါသည်၊ လခ ၁၂၆ကျပ်မျှ ရသော မူလတန်းပြဆရာတဦးသည် သားသမီးကို တက္ကသိုလ်သို့ ပို့နိုင်စွမ်းရှိခဲ့ကြပါသည်။

 

ယနေ့ကျောင်းဆရာတဦးသည် တလလျင်ဆယ်သိန်း၊ သိန်းနှစ်ဆယ် မရှာနိုင်ဘဲ သားသမီးကို တက္ကသိုလ်သို့ မပို့နိုင်ပါ၊ ထိုအခါသူသည် အပြင်ငွေကို ရှာရပါသည်၊ အစိုးရကျောင်းဆရာသည် အပြင်ကျူရှင်မသင်ရပာူသော တားမြစ်ချက်ရှိပါလျက် သူသည်မိမိသားသမီးကို ကျောင်းထားရန် ကျူရှင်ပေးရပါသည်။ ထိုနည်းတူ မိမိစားဝတ် နေရေးပြေလည်စေရန် ၀န်ထမ်းပေါင်းစုံတို့ လာဘ်ငွေတွေ ဖန်တီးယူနေကြပါသည်၊

 

 ထိုကျူရှင်ပေးသောကျောင်းဆရာကို ထောင်ထဲပို့ခြင်းသည် တရားမျှတမှု မရှိပါ၊ အဓိကက စနစ်ကိုသာ အပြစ်ဖို့ရပါမည်၊ ထိုစနစ်ကို ကျွန်တော်တို့ ပြင်ကြရပါမည်။ လာဘ်ငွေကို ဖန်တီးယူပြီး သူဌေးဖြစ်နေကြသူတွေလည်းရှိပါသည်၊ ထိုသူများကိုမူ အမြန်ဆုံး သူတို့နေရာများမှ ဖယ်ရှားပြစ်ရပါမည်၊

 

သို့ပါသော်လည်း အစိုးရသစ်၏ ပြည်ထဲရေး ၀န်ကြီးမှာ အစိုးရအဖွဲ့သမ္မတကို တာဝန်မခံဘဲ ကာကွယ်ရေး ဦးစီးချုပ် ကိုသာ တာဝန်ခံသူဖြစ်ပါက အစိုးရ၏ ခြစားသူ တိုက်ဖျက်ရေး လုပ်ငန်းမှာ ခရီးမပေါက်ဘဲ ဖြစ် လာနိုင် ပါသည်၊ စင်္ကာပူတွင် ခြစားသူများကို ရာထူးချ၊ ရုံးတင်စစ်ဆေးခြင်း ကိစ္စများကို ၀န်ကြီးချုပ် လီကွမ်းယူး ကိုယ်တိုင်က ကိုင်တွယ်ခဲ့ပာု ကြားသိရဘူးပါသည်၊ ကိုယ်တိုင်က သန့်ရှင်းပြီး အလုပ်ကျိုးစားသော ၀န်ကြီးချုပ် ၏လုပ်ရပ်များကြောင့် စင်္ကာပူသည် ခြစားမှု ကင်းရှင်းသော နိုင်ငံဖြစ်လာခဲ့ပါသည်၊

(၃)

 

အစိုးရသည် မိမိ ၀န်ထမ်းများကို လုံလောက်သော လစာပေးနိုင်ရန်အတွက် ဘဏ္ဍာငွေ တောင့်တင်းရပါမည်၊ ခိုင်မာသော ဘတ်ဂျက်ရှိရပါမည်။

 

ဝင်ငွေနှင့် ထွက်ငွေ ညီမျှသော ဘတ်ဂျက် ရှိသည့် စကာင်္ပူအစိုးရ၏ ၀င်ငွေကိုလေ့လာကြည့်နိုင်ပါသည်၊ ၂၀၁၄ နှစ်အတွက် အစိုရ၀င်ငွေ အများစု ၂၁.၉ ရာခိုင်နှုန်းမှာပရိုက်ဗိတ် ကုမ္ပဏီ၊ ကော်ပိုရေရှင်းများ၏ အခွန်ငွေမှ လာပါသည်၊ G.S.T ( Goods and Service Tax) ခေါ် အစိုးရ Tax မှ ၁၆.၅% ရပါသည်၊ လူပုဂ္ဂိုလ်တစ်ဦးချင်းစီ ၏ အခွန်ငွေမှာ ၁၄.၆% ရှိပြီး COE ခေါ် မော်တော်ယာဉ်ပိုင်ဆိုင်ခ လက်မှတ် ရောင်းရခြင်း ၀င်ငွေမှာ ၆% နှုန်း မော်တော်ယာဉ် Tax မှာ ၃% ထီရောင်းရငွေက ၄.၃% ရှိပါသည်၊ နိုင်ငံခြားသား အလုပ်သမား လီဗီ နှင့် အိမ်ဖေါ်အတွင် အစိုးရကို လီဗီ ပေးသွင်းရသောငွေများလည်းရှိပါသေးသည်၊

 

 မြန်မာနိုင်ငံတွင် ပရိုက်ဗိတ်ကုမ္ပဏီများမှာပြောပလောက်အောင်များများစားစား မရှိသေး၊ နိုင်ငံခြားရင်းနှီးမြှုတ် နှံမှုတွေ အများကြီးလိုနေသေးသည်၊ ရှေးယခင်ကလို သယံဇာတ ပစ္စည်းများကို ထုတ်ရောင်းနေရသော စီးပွားရေး စနစ် ကိုလည်း ပြောင်းလဲပြစ်ရန်လိုသည်၊ အားကိုးလောက်သော စက်မှုထုတ်ကုန် များ ရှိရန်စက်ရုံ အလုပ်ရုံများ တည်ဆောက်ရန်လည်း လိုနေသေးသည်၊ ရှိပြီးစက်ရုံများ ပြန်လည်လည်ပါတ်ရန် ကိစ္စမှာလည်း အလွန်တာဝန်ကြီးသော အလုပ်တခုဖြစ်နေပါသည်၊

 

စင်ကာပူနိုင်ငံ အစိုးရ စီမံခန့်ခွဲပုံမှာ အချက်အလတ် ဒေတာ မှန်သမျှ ကွန်ပျူတာ Networks တွေနှင့် ထိန်းသိမ်း ထားနိုင်ခြင်းဖြစ်ပါသည်၊ အစိုးရကို အခွန်ပေး ရန်ရှိသည်နှင့် ကွန်ပျူတာမှ ရိုက်ထုတ်ပေးသော သတိပေးစာ မှာ အချိန်မှန် ရောက်ရှိလာပါသည်၊ အချိန်တန်၍ မပေးချေသေးလျင် သတိပေးစာတွေ ရောက်ရှိလာပါလိမ့်မည်၊ ဘဏ်မှ ထုတ်ပေးထားသော ကဒ်နှင့် ငွေပေးငွေယူလုပ်နိုင်ကြပါသည်၊  ဈေးဝယ်ရာတွင်၎င်း၊ အစိုးရအတွက် အခွန်ငွေသွင်းရာတွင်၎င်း ငွေပေးကဒ်ကို နေရာတိုင်းမှာ သုံးနိုင်ပါသည်၊ ကား၊ ရထားစီး၍ မိမိကဒ်ပြားကို ကောင်တာမှာ တင်ပြီး ငွေပေးလိုက်လျင် ထိုငွေသည် အစိုးရငွေစာရင်းသို့ ချက်ခြင်းရောက်ရှိသွားပါသည်။

 

ကျောင်းဆရာများ၏ လခမှာ အပြင်ကျူရှင်ပေးစရာမလိုလောက်အောင် လုံလောက်သော လခ ဖြစ်ပါသည်၊ ကျူရှင်စနစ်က ရှိနေဆဲဖြစ်သော်လည်း အစိုးရစာသင်ကျောင်းများ အရည်အသွေးကို ကောင်းကောင်းထိန်းသိမ်း ထားနိုင်ပါသည်။

 

ကျွန်တော်တို့နိုင်ငံတွင် ယခင်က နိုင်ငံခြားသို့သွားလိုလျင် ပါတ်စပို့ စာအုပ်ရရှိဘို့ အချိန်အကြာကြီးစောင့်ကြရပြီး လေဆိပ်အ၀င်အထွက် မှာလည်း လူဝင်မှုကြီးကြပ်ရေး အရာရှိများ၏ ပညာပေးမှုကို အလူးအလဲ ခံကြရပါသည်၊ ယခု လက်ရှိအစိုးရ လက်ထက်တွင် ဤအခက်အခဲများကို အတော်ကြီးဖြေရှင်းပေးပြီးဖြစ်ပါသည်၊ အနည်းဆုံး ၂နှစ်မှ၃နှစ်အချိန် ယူခဲ့ကြရသည်ပာု ကျွန်တော်ထင်ပါသည်။

 

အစိုးရ ဆိုသည်မှာ ပြဿနာတွေ တခုပြီးတခု လိုက်လံဖြေရှင်းနေရသော အုပ်ချုပ်သူများမဖြစ်သင့်ပါ၊ မီးလောင် တိုင်း လိုက်ငြှိမ်းသတ်နေရလျင် မီးသတ်သမားသာဖြစ်နေပါလိမ့်မည်၊ တိုင်းပြည်အနာဂါတ်အတွက် အကြံ ကောင်း ဥာဏ်ကောင်းများ အမြဲရှာဖွေနေရပါမည်၊ အစိုးရသစ်က ၀န်ကြီးဌာနတိုင်း၌ ပေါ်လစီရေးရာဌာန နှင့် သုတေသနဌာနများကို ဖွင့်လှစ် ထားရပါမည်၊ အောက်ခြေမှ ပြဿနာများကို ဆုံးဖြတ်ချက်ချကြမည့် ၀န်ကြီးနှင့် အုပ်ချုပ်သူများသိအောင် ထိုဌာနများကတာဝန်ယူရပါမည်၊ 

 

အစိုးရ၀င်ငွေကို ဟာကွက်မရှိအောင်ကောက်ခံနိုင်မှသာ လျင် အစိုးရတွင် တောင့်တင်းသော ဘတ်ဂျက် တခုရှိ နိုင်ပါလိမ့်မည်၊ ထိုအချိန်သို့ရောက်ရန် အချိန်မည်မျှ လိုပါသနည်း၊ ထိုကာလသည် အတိုဆုံး၊ အမြန်ဆုံး ဖြစ်ရပါ မည်၊ အစိုးရသစ် အတွက် အရေးအကြီးဆုံး ချဲလင့် ဖြစ်ပါသည်၊

 

(၄)

 

မြန်မာတို့သည် အလွန်ယဉ်ကျေးသိမ့်မွေ့သည့် လူမျိုးဖြစ်ပါသည်၊ စစ်အစိုးရအဆက်ဆက်အုပ်ချုပ်သူများ၏ တာဝန်မဲ့လုပ်ရပ်များကြောင့် ရိုင်းပင်းကူညီသည့် စိတ်ဓါတ်၊ ရိုးသားဖြောင့်မတ်သည့် စိတ်ဓါတ်များသည် ၀န်ထမ်း လောကမှ၎င်း၊ ရပ်ထဲ ရွာထဲ မှ၎င်း၊ ပပျောက်သွားပြီပာု ဝေဖန်မှုများရှိခဲ့ကြပါသည်။

 

ယခုအခါ အစိုးရသစ်သည် မှားယွင်းနေသောအချက်များကို ပြန်လည်တည့်မတ်ပေးလိမ့်မည်ပာု မျှော်လင့်နိုင် သော အနေအထား ဖြစ်နေပါသည်။

 

အစိုးရသို့အကြံပြုလိုသည်မှာ ခြစားသူ၊ ပြည်သူ့ဘဏ္ဍာအလွဲသူစားလုပ်သူတို့ကိုအရေးယူပါ၊ ဖယ်ရှားပြစ်ပါ၊ ကျားသစ်တကောင်လို မြန်မြန်ဆန်ဆန် လုပ်သင့်ပါသည်၊ သို့ပါသော်လည်း ၀န်ထမ်းများအား ထောင်ထဲ သို့ ပို့ပြစ်ရန်ကိုမူ ကိစ္စတခုစီအတွက် သီးသန့်စဉ်းစားပြီးမှ ဆုံးဖြတ်စေလိုပါသည်၊ ဥပဒေ ပြုခြင်း ပညာပေးခြင်း ကိစ္စများကို ဆင် တကောင်လို တဖြေးဖြေးသာ သေချာအောင် ပြုလုပ်သင့်ပါသည်၊

ကိုသန်းလွင်

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

2 thoughts on “ကိုသန်းလွင် – ခြစားမှု တိုက်ဖျက်ရေး
  1. မခိုးချင်ဘဲ ခိုးနေရတဲ့ဝန်ထမ်းက စားလောက်ရုံပဲခိုးမှာပါ။
    ဒါပေမယ့်တချို့ကျတော့လည်း အရမ်းခိုးတာ။

    အဆိုးဆုံးကတော့ ”ခိုးခွင့်မပေးထားရင် ငါတို့ဒုက္ခရောက်သွားမှာပေါ့။DASSKက အဲ့ဒါကို နားမလည်ဘူး”လို့ပြောနေကြတာပဲ။
    အစိုးရသစ်တက်လာရင် လခတွေလောက်သွားမယ့်ဟာကို လက်မခံချင်ကြဘူး။

  2. အလွန်ယဉ်ကျေးသိမ်မွေ့သည့် လူမျိုးတဲ့။ထည့်မရေးလည်းရတာပဲဥစ္စာ။
    အခုနေ ဝန်ထမ်းတွေကို ထောင်ထဲပို့ရင် ထောင်မဆန့်လောက်ဘူးနော်။
    လောက်အောင် ဖူလုံအောင်လစာပေး ခံစားခွင့်တွေပေးပြီးမှ စည်းကမ်းအတိုင်းလုပ်မှာပါ။
    အခုနေတော့ မလုပ်လောက်သေးပါဘူး။

Comments are closed.