ကဗျာ မှတ်စုမှတ်တမ်း

မောင်လေးအောင် – ဒီဇင်ဘာ ၂၀ရက်၏ တမ်းခြင်း သို့မဟုတ် ရဲဘော်ရဲ့ကဗျာ

မောင်လေးအောင် – ဒီဇင်ဘာ ၂၀ရက်၏ တမ်းခြင်း သို့မဟုတ် ရဲဘော်ရဲ့ကဗျာ

(ကျောင်းသားများနေ့ အထိမ်းအမှတ်၊ အထက်ဗမာပြည် ဗကသများအဖွဲ့ချုပ်၏ စာစောင် (၂၀၁၁))

(မိုးမခ ပြန်လည်ဆန်းသစ်) ဒီဇင်ဘာ ၂၁၊ ၂၀၁၅

တင်းတင်းကိုက်ထားတဲ့
ငါ့ရဲ့နှုတ်ခမ်းဟာ
ဖြန်းကနဲ ကွဲထွက်ပြီး
သွေးအစက်စက် စီးလိမ့်လာတယ်။

ငါ အံကို ကြိတ်ပြီး
လက်သီးကိုကြိတ်ပြီး
လက်သီးကျစ်ကျစ်ဆုပ်မိတယ်။

ဒီနေရာမှာ
ရဲဘော်ဟာ ကျဆုံးခဲ့တယ်။

ကတ္တရာလမ်းကို ခွာ
ရာဇဝင်ရေး အရ
သုတေသန လုပ်ရင်
ရဲဘော်ရဲ့ဂုဏ်ပုဒ်ကို တွေ့ရမည်။

ရဲဘော်ရဲ့သွေးစက်ကို တွေ့ရမယ်။

ဘယ်သူ့ငြင်းနိုင်သလဲ
စီးဆင်းခဲ့တဲ့ ရဲဘော်ရဲ့သွေးတွေ အကြောင်း။

စပါးတားကပ်ရဲ့ ဂုဏ်ရောင်
ကုန်းဘောင်သူပုန် ဂဠုန်ဆရာစံ
ငုယင်ဗန်ထရွိုင်း အတိုင်းမသိသော
ချီဂွေဗားရား စသော
အာဇာနည် ရာထောင်သောင်းတို့နှင့်အတူ
တရားတဲ့ ပြည်သူတွေရဲ့ တိုက်ပွဲမှာ
ရဲဘော်ရဲ့သွေးဟာ နီရဲခဲ့တယ်။

သူတို့က ရဲဘော်ရဲ့ဂုဏ်အထူးထူးကို
ဖော်ကျူးဖို့ငြင်းဆန်ကြတယ်။

ဘယ်သူတွေရှိအုံးမလဲ
ရဲဘော်မုန်းခဲ့တဲ့ လူတွေ။

သူတို့မုန်းတာကို
ရဲဘော်က စိမ်းကားတဲ့အပြုံးနဲ့
ပြုံးမှာဘဲ။ ယုံတယ်။

ပြည်သူချစ်တဲ့
အာဇာနည် အနှစ်ဟာ ဘယ်ခေတ်မှာမဆို နုပျိုစိမ်းလန်းနေမှာဘဲ
မုချယုံတယ်။

ဗိုလ်အောင်ကျော်
ရဲဘော်
ဒီနေရာမှာ
ဒို့ဟာ ရဲဘော်ကို အကြိမ်ကြိမ် ဂုဏ်ပြုဖူးတယ်။

ဗိုလ်အောင်ကျော်
ရဲဘော်
ဒီနေရာမှာ
ဒို့ဟာစာရွက်တွေ ဝေဖူးတယ်။

ရဲဘော်ရဲ့ အခန်းဆက်တိုက်ပွဲ
ရဲဘော်ရဲ့ တရားတဲ့ တိုက်ပွဲတွေအကြောင်း၊
ဒီနေရာကို လာပြီး
ရဲဘော် စီးဆင်းခဲ့တဲ့
နီရဲတဲ့ သွေးစက်တွေပေါ်မှာ
ငါဖြူဖတ်ယော်တဲ့
မျက်ရည်နဲ့၊ သူရသတ္တိမဲ့တဲ့
ရှိုက်သံနဲ့၊ ရဲဘော်ရဲ့ ဂုဏ်အခန်းခန်းကို
ညစ်နွမ်းအောင် ငါ မလုပ်ဖူး။

ကဗျာတပုဒ်
ဟုတ်တယ်၊ င့ါကဗျာတပုဒ်
ရဲဘော်ရဲ့ ဂုဏ်ပုဒ်ကို
ဖော်ထုတ်ဖို့ ကြိုးပမ်းတဲ့ ကဗျာတပုဒ်၊
လက်ခံပ ရဲဘော်
အော်ဟစ်ပြီး ငါ ပန်ကြားတယ်။

ဒီကဗျာဟာ
ငါ့ကဗျာ မဟုတ်ဖူး။
ပြန်ငြင်းပါရစေ
ဖတ်ကြည့်စမ်းလေ
စီးထန်တဲ့ သွေးစက်တွေရယ်၊ ဘယ်သူ့သွေး။

ရဲဘော်ရဲ့ ပူနွေးတဲ့သွေးတွေ
မခြောက်သေးတဲ့ သွေးတွေ
အိုး…ရဲဘော်ရဲ့ သွေးအစက်စက်နဲ့
ရဲရဲလက်လက် သီယှက်ထားတဲ့
ရဲဘော်ရဲ့ ကဗျာပါလား။  ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts