ရေခြားမြေခြား မြန်မာများ

ဇော်ထက်(ပျဉ်းမနား) – “အကောင်းဆုံး ခရစ်စမတ်လက်ဆောင်”

 

ဇော်ထက်(ပျဉ်းမနား) – “အကောင်းဆုံး ခရစ်စမတ်လက်ဆောင်

(မိုးမခ) ဒီဇင်ဘာ ၂၁၊ ၂၀၁၅

 

ဂျွန်တယောက် အမောဖောက်ပြီးတော့ ကျွန်တော်အလုပ်လုပ်တဲ့ ဆန်းဒါးလန်းဆေးရုံကို ရောက်လာခဲ့ပါတယ်။ သူက အသက် ၅၀ စွန်းစွန်းပဲ ရှိပါသေးတယ်။ အသက် ၅၀ ဆိုတာက ကျွန်တော်တို့ နှလုံးဌာနမှာ လာရောက်ပြီး ဆေးကုသခံရတဲ့ လူနာတွေထဲမှာ အသက် ၇၀၈၀ တွေကများတော့ လူလတ်ပိုင်းလို့ ပြောရမှာပါပဲ။ ဆေးရုံတက်တဲ့နေ့တုန်းကဆိုရင် သူကတော်တော်လေး အသည်းအသန် ဖြစ်ခဲ့တာပါ။

ဂျွန် ဆေးရုံတက်တက်ခြင်း ရင်ခေါင်းဓာတ်မှန်ရိုက်တော့ နှလုံးကကြီးနေပြီး အဆုတ်ထဲမှာလည်း ရေလွှမ်းနေပါတယ်။အက်ခိုး နှလုံးအသံလှိုင်းလွန်ကြည့်စက်နဲ့ကြည့်လိုက်တော့ နှလုံးက အတော်လေး အားနည်းနေပါတယ်။ နှလုံးညှစ်အားဟာ ၅၅%နဲ့ အထက်ရှိရင် ညှစ်အားကောင်းတယ်လို့ဆိုနိုင်ပြီး ဂျွန်ရဲ့ နှလုံးညှစ်အားက ၁၅% လောက်ပဲရှိပါတယ်။ နှလုံးညှစ်အား ၃၀၃၅ %ထက် နည်းနေရင်တော့ အခြေအနေက မကောင်းပါဘူး။ နှလုံးက ကောင်းကောင်းအလုပ်မလုပ်တော့ နှလုံးအဆို့ရှင်တွေကလည်း ကောင်းကောင်းအလုပ် မလုပ်တော့ပဲ မလုံတော့ပါဘူး။အရေးပေါ်ဆေးဝါးတွေနဲ့ သူ့အသက်ကို လုပြီးတော့ ကယ်ရပါတယ်။

ဂျွန်ရဲ့ ရောဂါရာဇဝင်ကို ကြည့်လိုက်တော့ နှလုံးအားနည်းတဲ့ တရားခံကို သွားတွေ့ပါတယ်။ ဂျွန်က နှလုံးရောဂါကုဌာန နှလုံးအားနည်း အထူးကု သူနာပြုဆရာမလေး ခရစ်စတင်းကို ရင်ဖွင့်ပါတယ်။ သူ အသက် ၂၅ ၃၀ ဝန်းကျင်လောက်မှာ တက္ကသိုလ်က ငယ်ချစ်ဦးနဲ့ ကွဲပါတယ်။ အချစ်ဦးနဲ့ ကွဲကတည်းက ဂျွန်တယောက် အရက်ကို ဖိသောက်ပါတယ်။ တနေ့ကို သောက်သင့်တဲ့ပမာနထက် ပိုသောက်ပြီး တခါတလေများများသောက်ပါတယ်။ တပါတ်ကို ဝီစကီ ပုလင်းကတော့ အသာလေးပေါ့။ ဂျွန်က ရည်းစားတွေ နောက်ပိုင်း ထည်လဲ ထားခဲ့ဘူးပေမဲ့ သူ့ရည်းစားဦး မွိုင်ရာကိုပဲ တမ်းတနေခဲ့ပြီး သူ အိမ်ထောင်လည်း မပြုဖြစ်တော့ပါဘူး လူပျိုကြီးပေါ့။ မွိုင်ရာရဲ့ မိဘတွေက ဂျွန်နဲ့ သဘောမတူပါဘူး။ ဂျွန်က ခင်မင်တတ်ပြီး အပေါင်းအသင်းလည်းပေါပါတယ်။ ဒါပေမဲ့ သူက အညာသား နယ်ကဆိုတော့ ရိုးပါတယ်။ ဟိတ်ဟန် မရှိပါဘူး။ မွိုင်ရာရဲ့ မျိုးရိုးက ဆွေကြီးမျိုးကြီးဆိုတော့ သူတို့သမီးကို မီလျံနာလောက်နဲ့ပဲ ယူစေချင်ပြီး ဂျွန်နဲ့က သဘောမတူပါဘူး။ အဲဒီတော့ မရ ရအောင် ခွဲတယ်ပေါ့။ မွိုင်ရာက မီလျှံနာတယောက်နဲ့ အိမ်ထောင်ကျသွားပါတယ်။ အချစ်ဦးမို့ ရူးတယ်ဆိုတာ ဂျွန်က သက်သေပါပဲ။

ဂျွန်တယောက် အသည်းကွဲပြီး အလုပ်ထဲမှာပဲ သူ့ဘဝကို နှစ်ပါတယ်။ ဒီလိုနဲ့ပဲ အသည်းကွဲသမားကြီး ဘဝကနေအရက်စွဲပြီး နှလုံးသမားတယောက်ဘဝကို ရောက်ခဲ့တာပေါ့။

ဂျွန် မင်း အရက်ဖြတ်ရမယ်

 

မဟုတ်ရင်တော့ မင်းအသက်က လပိုင်းလောက်လည်း ဖြစ်နိုင်တယ်

 

သက်သာလာလို့ ဆေးရုံက မဆင်းခင် သူ့ကို သတိပေးပါတယ်။

 

နောင်တရနေပုံရတဲ့ ဂျွန်က

ကျိုးစားပြီးတော့ အရက်ဖြတ်မယ်ပြောပါတယ်။

 

လူနာအများစုဟာ အဲဒီလိုပဲ ပြောပြီး ဆက်သောက်လေ့ ရှိတာမို့ သိပ်တော့ မျှော်လင့်ထားလို့ မရပါဘူး။ 

 

ခရစ်စတင်းကတော့ဂျွန် မင်းနှလုံးသားအသစ်ရှာသင့်ပြီဆိုပြီး နောက်ပါတယ်။ ဂျွန်က သဘောပေါက်သွားပြီး ရီပါတယ်။ 

ဂျွန့်ကိုကြည့်ရင်းငယ်စဉ်တုန်းက အတူနေခဲ့တဲ့ ပျဉ်းမနားက အဖွားအိမ်မှာ အဖွားရဲ့ မွေးစားသား ဦးလေးကိုငွေထွန်းကို သတိရမိပါတယ်။ 

 

ကိုယ် ၁၀ တန်းအောင်တဲ့ အချိန်က နေမကောင်းချိန် သူနေတဲ့ အိမ်ကလေးကို သွားပြီး သတိရပါတယ်။ အပေါင်းအသင်းခင်ပြီး အရက်ရဲ့သားကောင် ဖြစ်ခဲ့တဲ့ ကိုငွေထွန်းခမျာ သက်တမ်းမစေ့ရှာပါဘူး။ ဆေးသေချာကုတာ မခံရပဲ မိသားစုနဲ့ကွဲ၊ တယောက်တည်းနေရင်း အသက် ၃၀ ကျော်မှာ ဆုံးသွားခဲ့တာပါ။ သူ့ရဲ့နောက်ဆုံးနေ့တွေကို အခုထိ မျက်စေ့ထဲမြင်ယောက်ရင်း ကိုငွေထွန်းသာ ယူကေက ကျန်းမာရေး စောင့်ရှောက်မှုမျိုးရရင်ဆိုတဲ့ အတွေးက ဝင်လာမိလို့ မနည်းကို ဖြတ်လိုက်ရပါတယ်။ ယူကေမှာက လူနာတွေဆေးရုံတက်ရင် ငွေတပြားမှ မကုန်ပဲ လိုသမျှ အစိုးရကပဲ အကုန်အကျခံတာမို့ အင်္ဂလိပ်လူနာတွေ ကုပေးရင်းခင်ဗျားတို့လူမျိုးတွေ ဘယ်လောက် ကံကောင်းသလည်းဆိုတာ သိမှာမဟုတ်ဘူးလို့ စိတ်ထဲကနေ မကြာခဏ တီးတိုးပြော တွေး၊မိ အားကျမိပါတယ်။

ဂျွန် ဆေးရုံကဆင်းတော့ နှလုံးအားနည်းရောဂါအထူးကုသူနာပြုတွေဆီကို လွှဲလိုက်ပါတယ်။ ဆရာဝန်တွေက အရမ်းအလုပ်တွေ မနိုင်တော့ သူတို့ရှိတာ အတော်လေး အားကိုးရပါတယ်။ သူတို့ကပဲ ဆေးတွေကို လိုတိုး၊ ပိုလျော့ လုပ်ပြီး သွေးတွေစစ်လေ့ရှိပါတယ်။ လိုအပ်ရင် ဆေးရုံကို ပြန်ပြီးဆက်သွယ်မှာပါ။

ဖေဖေါ်ဝါရီလက ဆေးရုံက ဆင်းသွားတဲ့ ဂျွန်ကို တနေ့ကပဲ ပြင်ပလူနာဌာနမှာ ပြန်တွေ့ပါတယ်။ အရက်ဖြတ်ထားပြီမို့ သူ့မျက်နှာကလည်း မဖောတော့ပဲ ကြည်လင်နေပါတယ်။

 

ဂျွန်ရေ မင်း ဘယ်လိုနေသေးလဲ၊ နေလို့ ကောင်းနေပြီလား

 

ဟုတ်ကဲ့ ကျနော် လုံးဝမမောတော့ပါဘူး။ ပုံမှန် လေ့ကျင့်ခန်းလည်း လုပ်ပါတယ်။ အရက်လည်း ပြန်မသောက်တော့ပါဘူး

ကျွန်တော့ စားပွဲပေါ်က ကွန်ပြူတာပေါ်မှာပဲ သူ့ရဲ့ အမည်နဲ့ မွေးနေ့ကို သွင်းပြီး ရှာတဲ့အခါမှာ သူရိုက်ထားတဲ့ အက်ခိုးပုံတွေ ပေါ်လာပါတယ်။ ဂျွန်ရဲ့နှလုံးက လုံးဝ ပုံမှန်ပြန်ဖြစ်နေပါပြီ။ နှလုံးအဆို့ရှင်တွေကလည်း မလုံတဲ့ဟာတွေမရှိတော့ပါဘူး။

ဒီမှာ တွေ့တယ်မဟုတ်လား ဂျွန်၊ မင်း အရက်မသောက်တော့တဲ့အတွက် နှလုံးက ကောင်းနေပြီဆိုပြီး အရင်တုန်းက အက်ခိုးပုံတွေနဲ့ယှဉ်ပြီး ပြလိုက်ပါတယ်။

တချို့ဆေးတွေလည်း ဖြုတ်လို့ရပြီ၊ မင်း ဘဝအသစ်ကို စနေပြီပေါ့ နှလုံးသားကလည်း အသစ်ဖြစ်နေပြီသူ့ကို သတင်းကောင်းပေးလိုက်ပါတယ်။

ခါတိုင်းဆိုရင် ဆွေးမြေ့မြေ့ဖြစ်နေလေ့ ရှိတဲ့ ဂျွန်ရဲ့မျက်နှာဟာ ဝင်းပ သွားပါတယ်။

ကျွန်တော့အတွက် အကောင်းဆုံး ခရစ်စမတ် လက်ဆောင်ပဲ ဆရာရေ

 

ကျွန်တော့ကို ဝမ်းသာအားရလက်ဆွဲ နှုတ်ဆက်တဲ့ ဂျွန်ရဲ့မျက်နှာကိုကြည့်ရင်း သမားဘဝရဲ့ ပီတိတွေက လူကို လွှမ်းခြုံသွားပါတယ်။  အရက်ကြောင့် အချိန်မတန်မီ ဆုံးပါးခဲ့ရတဲ့ မြန်မာပြည်က ဆွေမျိုးမိတ်သင်္ဂဟ အပေါင်းကိုလည်း ပြန်ပြောင်းသတိရမိပါတယ်။  ဒီစာကို ဖတ်မိလို့ အရက်ဖြတ်သူတွေ ရှိခဲ့ရင်တော့ ဒီစာဟာ စာရေးသူဆီကရတဲ့အကောင်းဆုံး ခရစ်စမတ် လက်ဆောင်ဖြစ်မှာပါပဲ။

ဒီစာဖတ်သူတွေ ခရစ်စမတ်မှာ မိသားစုနဲ့အတူ ပျော်ရွှင်နိုင်ကြပါစေ။

 

ဇော်ထက်(ပျဉ်းမနား)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts