မောင်မိုးသူ

ကူညီပါရစေကို ကူညီပါ (၂) နှင့် မောင်မိုးသူ

 

ကူညီပါရစေကို ကူညီပါ (၂) နှင့် မောင်မိုးသူ

မောင်မိုးသူ ၊ မော်ဒန်သတင်းဂျာနယ်၊ (မိုးမခ)၊ ဒီဇင်ဘာလ ၂၁၊  ၂၀၁၅

 

ရဲ ရဲ့ ဆောင်ပုဒ်က ` ကူညီပါရစေ ´ လေ။ သူ့တာဝန်က ပြည်သူကို ကာကွယ်စောင့်ရှောက်ဖို့တာဝန် ၊အဲသည်တာဝန်ကို ကျေပွန်စွာထမ်းဆောင်နိုင်ဖို့အတွက် ရဲက ပြည်သူကို `ကူညီပါရစေ ´ဆိုတဲ့ ဆောင်ပုဒ်နဲ့ အကူအညီပေးလိုကြောင်း တင်ပြထားတာဖြစ်ပါတယ်။

 

` ကူညီပါရစေကို ကူညီပါ ´ ဆိုတဲ့ ဆောင်းပါး(၁) က တရားခံပြေးကို ရဲအုပ်နဲ့ ရဲတပ်ကြပ်တို့ သွားရောက်ဖမ်းဆီးရာက အဲသည် တရားခံပြေးက ဓားနဲ့ထိုးလို့ ရဲအုပ်ရော ရဲတပ်ကြပ်ပါ သေဆုံးတဲ့ ဖြစ်ရပ်ကြောင့် အဲသည်ဆောင်းပါး(၁)ကို ရေးခဲ့တာ ဖြစ်ပါတယ်။ အဲသည်ဖြစ်စဉ်မှာ ရဲနှစ်ယောက်ကို ဓားနဲ့ထိုးသတ်ခဲ့တဲ့ တရားခံကိုလည်း သေဒဏ် ချမှတ်ထားပြီးပါပြီ။ သေဒဏ်ချမှတ်ခံရတဲ့ပုဂ္ဂိုလ်က ခပ်ပြုံးပြုံးပဲ ထောင်ထဲဝင်သွားသတဲ့။ ကောင်းပါလေရော။

 

ထောင်ဆိုတာ အဲသည်လိုလူစားတွေအတွက် ထွက်ခလုတ် ဝင်ခလုတ် သွားနေကျ အပန်းဖြေစခန်းလေ။ ထောင်ထဲမှာကျတော့လည်း အဲသည်လို ရာဇဝင်လူဆိုးတွေဟာ စတိုင်နဲ့ နေရာရတယ်ခင်ဗျ။ ဒါ မောင်မိုးသူ ကိုယ်တွေ့နော်။ မောင်မိုးသူ ထေင်ထဲမှာ ၂ တိုက်ဆိုတဲ့ ကြိုးတိုက် ၊သေဒဏ်ကျခံရတဲ့ ရာဇဝတ်သား ၁၀၀ နီးပါးနဲ့အတူ နေရဖူးပါတယ်။ သူတို့က အေးဆေးပါဆိုတဲ့ စတိုင်လေ။

 

အဲကူညီပါ ဆောင်းပါး(၁) မှာတော့ တရားခံပြေးကို သွားဖမ်းတဲ့ ရဲနှစ်ယောက် အသတ်ခံရတဲ့ ဖြစ်ရပ်ပါ။

ယခု ဒီဇင်ဘာ ၁၆ ရက်နေ့ထုတ် သတင်းစာတွေထဲမှာ နေပြည်တော်တိုင်းရုံး ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအုပ်သုံးဦးကို ပျဉ်းမနား ကေတီဗီဆိုင်မှာ လူရှစ်ဦးကို ဓားနဲ့ဝိုင်းခုတ်ဆိုတဲ့ သတင်းကို ဖတ်ရလို့ ကူညီပါရစေကို ကူညီပါဆောင်းပါး (၂) ကို ရေးလိုက်ရတာ ဖြစ်ပါတယ်။ ဟုတ်တယ်လေ၊ ကူညီပါရစေဆိုတဲ့ ဆောင်ပုဒ်နဲ့ ရဲများ အကူအညီ လိုအပ်နေပြီ ဖြစ်လို့ ပြည်သူလူထုက ကူညီပါလို့ မောင်မိုးသူ ရေးရတာဖြစ်ပါတယ်။

 

ကူညီပါ ဆောင်းပါး (၁) နဲ့ (၂) ရဲ့ ဖြစ်စဉ်ကတော့ မထူးဘူးခင်ဗျ။ ရဲများကို ကူညီပေးသင့်ကြောင်း အမှန်အကန်ဖြစ်ပေမဲ့ နေပြည်တော်တိုင်းရဲတပ်ဖွဲ့ရုံးက ရဲအုပ်သုံးယောက်ကတော့ ဖတ်ရတာ တမျိုးကြီးပဲ။ ဖြစ်ပွားတဲ့ နေရာက ကေတီဗီဆိုင် ဖြစ်ပွားချိန်က ည ၁း၀၀ နာရီ။ ည ၁း၀၀ နာရီ မှာ ရဲအုပ်ကြီးသုံးယောက်က ကေတီဗီဆိုင်ကို ဘာလို့သွားရတာလဲ၊ သွားနေကျမို့ သွားတာလား ဘာလား။ သွားကြတဲ့အချိန်ကလည်း  ည ၁း၀၀ နာရီ လေ။ ရဲအုပ်သုံးယောက်ကို  ဓားနဲ့ဝိုင်းခုတ်ကြတာကလည်း လူရှစ်ယောက်တောင်။ ရန်ငြိုးရန်စမရှိဘဲနဲ့ ရဲအုပ်ဆိုတဲ့ ပုဂ္ဂိုလ်သုံးယောက်ကို သာမန်လူ ရှစ်ယောက်က ဓားနဲ့ခုတ်တယ်ဆိုတာ တော်ရုံတန်ရုံ ရန်ငြိုးမကေလာက်ပေဘူး။ ဖြစ်စဉ်နှစ်ခုစလုံးမှာ ရဲများကို သတ်ဖြတ်ဝိုင်းခုတ်ခဲ့တဲ့ လက်နက်က ဓားလေ။

 

ဘယ်လိုဖြစ်နေကြတာလဲ။ မောင်မိုးသူတို့ မြန်မာနိုင်ငံမှာ ထစ်ခနဲဆိုရင် ဓားနဲ့ချည်း ထိုးနေကြလေရော့လား။

ဘယ်လိုဖြစ်နေကြတာလဲ။ မြန်မာပြည်သားတွေ ရှေးမြန်မာဘုရင်ခေတ်ကလို ဓားကိုင်နေကြပြီလား။ ဂျပန်ဆာမူရိုင်းတွေလို ဓားကိုင်နေကြပြီလား။ အဲ သည်လို ဓားကိုင် ဓားဆောင်ရလောက်အောင် လုံခြုံမှုက နည်းပါးသွားပြီလား။ ဓားနဲ့ခုတ်၊ ဓားနဲ့ထိုးတဲ့ အခုဖြစ်ရပ်နှစ်ခုဟာ ရိုးရိုးအရပ်သားကို ထိုးတာ ခုတ်တာ မဟုတ်ဘဲ ရဲအုပ် ရဲသားတွေကို ခုတ်တာ ထိုးတာဆိုတော့ အတော်ကို ဆိုးပါတယ်။

 

မြန်မာပြည်ရဲ့ ဒုစရိုက်မှုတွေဟာ သိပ်များနေပြီလား။ သမ္မတကြီးရဲ့ မကြာခဏပေးတဲ့ လွတ်ငြိမ်းချမ်းသာခွင့်ဆိုတာတွေက နိုင်ငံရေးအကျဉ်းသားတွေက မဖြစ်စလောက်ပဲပါပြီး လူဆိုး၊ သူခိုး၊ လူမိုက် ရာဇဝင်လူဆိုး ဆိုတာတွေကိုများ မကြာခဏ ရွေးရွေးလွှတ်နေလို့ အဲသည် လူဆိုး လူမိုက်တွေက ထောင်ကို မကြောက်တော့တာလား။ ရဲအုပ်နဲ့ ရဲတပ်ကြပ်ကို ဓားနဲ့ထိုးတဲ့ ပုဂ္ဂိုလ် သေဒဏ်ကျတာကို ပြုံးပြုံးကြီး ၊ပျော်ပျော်ကြီး အကျခံသွားတာ ဘာကြောင့်ပါလိမ့်။

 

တိုင်းပြည်ရဲ့ လုံခြုံရေးကို ကာကွယ်စောင့်ရှောက်ရတဲ့၊ တိုင်းပြည်က  ` ကူညီပါရစေ ´ ဆိုတဲ့ ဆောင်ပုဒ်ပိုင်ရှင် ရဲတွေ ကိုယ်၌က အကူအညီလိုနေပြီလား။

 

မောင်မိုးသူ တို့ မြန်မာပြည်နိုင်ငံရေး အခြေအနေက ရွေးကောက်ပွဲလုပ်အပြီး ပြောင်းလဲချိန်တန်ပြီ ဆိုတဲ့ ဒီမိုကရေစီအစိုးရကို လက်ရှိအစိုးရက စနစ်တကျ အာဏာမလွှဲရသေးတဲ့အချိန်၊ အုပ်ချုပ်မှုအာဏာက လတ်တလော လက်ရှိအာဏာရ အစိုးရလက်ထဲမှာပဲ ရှိနေတာဖြစ်ပြီး သည်အစိုးရရဲ့ ငါးနှစ်တာသက်တမ်းမှာ ရာဇဝတ်မှုတွေ ထူပြောလာနေတာလေ။ လူတွေဟာ ရိုင်းစိုင်းလာကြပြီး ထစ်ခနဲဆိုရင် တုတ်တောင် မဆွဲတော့ဘဲ ဓားကို ဆွဲနေကြပြီလား။ ဗုဒ္ဓဘာသာမြန်မာလူမျိုးတို့ရဲ့ စရိုက်ဖြစ်တဲ့ စာနာထောက်ထားစိတ်တွေ ကင်းသွားကြပြီလား။

 

ဘာပဲပြောပြော ရဲအုပ်နဲ့ ရဲတပ်ကြပ်ကို ဓားနဲ့ထိုးသတ်တဲ့အမှု၊ ရဲအုပ်သုံးယောက်ကို လူရှစ်ယောက်က ဓားနဲ့ဝိုင်းခုတ်ကြတဲ့ ဖြစ်ရပ်ကို ဖတ်ပြီး ကူညီပါရစေတို့ကို ကူညီပါလို့ပဲ..။ 

 

ကူညီပါရစေကို ကူညီပါ(၂) နှင့် မောင်မိုးသူပါ။

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts