မင်းကိုနိုင် – တီးတိန်လမ်း

 


မင်းကိုနိုင် – တီးတိန်လမ်း 

(သူ့ဖေ့စ်ဘွတ်) မိုးမခ၊ ဒီဇင်ဘာ ၁၈၊ ၂၀၁၅



ချင်းပြည်နယ် တီးတိန်နယ်စပ် ကိုးမိုင်စခန်းနေရာဟာ  နယ်ချဲ့အင်္ဂလိပ်တပ်များ ချင်းပြည်နယ် သိမ်းဖို့အလာ

အဲဒီဒေသက ချင်းခေါင်းဆောင် ဗိုလ်ခိုင်ကမ်း ဦးဆောင်ပြီးတော့ ခုခံခဲ့တဲ့နေရာ။ 


တီးတိန်ကလာကြိုတဲ့ကားက တောင်ပေါ်လမ်းပြင်လို့  ယန္တယားယဉ်တွေ အားလပ်ချိန်မှ ဖွင့်ပေးတာမို့ နောက်ကျ နေတာစောင့်ရင်း ရေးဖြစ်တဲ့ ပန်းချီပါ။ 
လအနည်းငယ်အတွင်းရေကြီးစဉ်က မျောပါလာတဲ့ ထင်းတုံးတွေ ကြည့်ရင်း လေးကြိမ်မြောက် ချင်းပြည်နယ်  ခရီးစဉ်ကို မှတ်တမ်းတင်ပါတယ်။
လာကြိုတဲ့ကားမောင်းသူဟာ ဘူမိဗေဒဘွဲ့ရ လူငယ်ပါ။  နာမည်က ထေါင်ရှန်း။ အလုပ်အကိုင်ရှားတဲ့အခက်
အခဲကြောင့် ဒူဘိုင်းကနေ ကျန်းမာရေးကြောင့် အဆင်မပြေ ပြန်လာ။ အရှေ့တောင်အာရှနိုင်ငံ အချို့မှာလည်း  အလုပ်လုပ်ခဲ့ဖူးသူပါ။ 
သာမန်အားဖြင့် သုံးနာရီကျော်ကျော်မောင်းရတဲ့ ခရီးကို  ဒီတခေါက်တော့ ခုနှစ်နာရီကျော်မောင်းရ ပါတယ်။ 
ခွက်ထဲကို ကျောက်ခဲတွေ ထည့်လှုပ်သလို တဂျိန်းဂျိန်း မြည်အောင် လှုပ်ခါနေတဲ့ ကားကို မောင်းရင်း သူက 
ပြောပြပါတယ်။ 



ချင်းပြည်နယ်မှာအခုထိ တီးတိန်၊ တွန်းဇံလမ်းတွေဟာ  စဖောက်ကတည်းက မြေသားလမ်း။ကတ္တရာတောင်  တခါမှ မနမ်းဖူးသေးတာ ကြံဖန်ဂုဏ်ယူစမ်းပါလို့

ကျနော်က ပြောတော့….သူက မချိပြုံးပြုးတယ်။ 


အကိုရေ ဒါဟာ ကိုယ့်နိုင်ငံ၊ ကိုယ့်အစိုးကဖောက် ခဲ့တာ မဟုတ်ဘူး။ ဒုတိယကမ္ဘာစစ်တုန်းက ဖောက်
ခဲ့တဲ့ လမ်းကို အခုထိသုံးနေရတုန်းတဲ့။ 


ခရီးကြမ်းဒဏ်က သက်သာရာ ရလိုငြား ချင်းပြည်နယ် သင်္ကေတ တောင်ဇလပ်ပန်းတွေအကြောင်း မေး
တော့လည်းအဲဒီပန်းတွေက အမြင့်ပေ ခြောက် ထောင်ကျော်၊ ခုနှစ်ထောင်လောက်မှ ပွင့်တယ်တဲ့.. 
သိုင်းငင်းဆိုတဲ့ရွာက ပင်လယ်ရေမျက်နှာပြင်ထက်  အမြင့်ပေ ခြောက်ထောင်ကျော်မှာ ရှိတာမို့ အဲဒီကျမှ 
ရှာကြည့်တာပေါ့လို့ ဖြေသိမ့်ပြီး သွားပေမယ့် လမ်းမှာ  ယန္တယားတွေ လမ်းပြင်လို့ ပိတ်ထားသမျှ အကြိမ်ကြိမ် စောင့်ရတော့ သိုင်းငင်းရောက်တဲ့အခါ တောင်ဇလပ် ပန်းလေးကြည့်ဖို့ အလင်းရောင်မရှိတော့ဘူး။ 
တီးတိန်သွားမယ့် ကုန်ကားတွေမှာ ကုန်စိမ်းတွေ တွေ့တာကြောင့် မေးတဲ့အခါ အသီးအရွက်ကအစ 
တမူးက ပြန်ဝယ်စားနေရတာ သိရပါတယ်။ ကိုယ်တိုင် မစိုက်ဖူးလားဆိုတော့ ရေမရှိဘူးတဲ့။ သုံးရက်တခါ 
တလက်မပိုက်လောက်က နာရီဝက်လောက်ပဲ ရေရတာဆိုတော့ အပင်စိုက်ဖို့နေနေသာသာ လူသုံး
ဖို့တောင် မလောက်ကြပါဘူး။ 
အချို့က အ၀တ်လျှော်၊ ရေချိုးပြီးရေကို ခံပြီးတော့  တပိုင်တနိုင် စိုက်ခင်းလေးတွေကို လောင်းရတယ်။ 
မွေးမြူရေးဆိုလည်း ရွာတွေမှာ အိမ်နောက်ဖေးမှာ စည်းရိုးလေးခတ်ပြီးတော့ ကြက်ဝက် လေးငါး
ခြောက်ကောင်မွေးနိုင်သူက သူဌေးပါပဲ။  ဒါဖြင့် ချင်းရိုးရာ ဂျပ်ခုတ်အထည်ယက်လုပ် လုပ်ငန်း
တွေကော မေးတဲ့အခါ တီးတိန်မြို့မှာ ချင်းရိုးရာ အထည်ဆိုင်တွေ တွေ့လိမ့် မယ်တဲ့။ ဒါဆိုရင် အဲဒီ 
ဂျပ်ခုတ်လုပ်ငန်းတော့ စီးပွားဖြစ် ရှိသေးတယ်ပေါ့လို့  မေးကြည့်တယ်။ ထေါင်ရှန်းကအဲဒီအထည်တွေဟာ ကလေးမြို့က၀ယ်ပြီး ပြန်ရောင်းတာ။ တီးတိန်က  ထွက်တယ် ထင်ပြီးဝယ်ရင် ဈေးကြီးနဲ့ မိလိမ့်မယ်လို့  သတိပေးပါတယ်။ 
ဝင်ငွေစီးပွားတွေအကြောင်း ဆက်မေးဖို့ နှုတ်ဆွံ့သွားတဲ့ ကျနော့် အခြေအနေကို သူသိတယ်ထင်ပါတယ်။ 


ဒီလိုပါပဲ အစ်ကိုရာ.. ဇာတိကိုခင်တွယ်ပေမယ့်  ကျနော်တို့ ချစ်တဲ့ တောင်ပြာတန်းတွေကို အဝေးက 
လွမ်းရုံ လွမ်းရတဲ့ နေရာ တွေမှာ အလုပ်သွားရှာနေ ကြရတာပဲလို့ ရေရွတ်နေတဲ့ သူမျက်လုံးတွေ ကျနော်
လှမ်းကြည့်တော့ တောင်လျိုတွေကြား ဆိုင်းနေတဲ့  မြူငွေ့တွေလို့ မှိုင်းလို့။ 
တီးတိန်လမ်းဟာ မြေသားဖြစ်နေတော့ မိုးတွင်းဆို  တောင်ပြိုရင် ဗွက်နစ်ပြီး၊ နှောင့်နေးသလို နွေရာသီ
ကျတော့လည်း လမ်းပြင် ယန္တယားတွေနဲ့ ပိတ်ဆို့ နေတာ ပါပဲ။ တောင်နံရံတွေကို ထပ်ဖြို မြေညှိနေတဲ့ 
ယန္တယားတွေက နာရီဝက်တခါလောက်သာ အလုပ် နား။ တောင်နံရံဘက် ကပ်ပြီး လမ်းဖွင့်ပေးတာ 
ဆိုတော့ ဒီလမ်းဟာ စိတ်ရှည်သည်းခံဖို့ကို ကျင့်ပေး နေတာနဲ့ တူပါတယ်။
အကြီးအကဲဆိုသူများကို တခါလောက် ဒီလမ်းပေါ်  ကိုယ်တိုင်ဖြတ်မောင်းပြီး နဖူးတွေ့ဒူးတွေ့ သိစေချင်
လိုက်တာလို့ ဒေသခံတွေတောင့်တကြပါတယ်။ မြို့ကို  ဟယ်လီကော်ပတာ နဲ့လာရုံနဲ့တော့ လမ်းအကြောင်းကို  မသိနိုင်ဖူးလို့ ပြောပါတယ်။
ပြီးခဲ့တဲ့ရေဘေးတုန်းက တီးတိန်မြို့ပေါ်က ဒုက္ခသည်စခန်းမှာ လူကြီးလာမယ်ဆိုမှ နိုင်ငံတကာကူညီထားတဲ့ ရွက်ဖျင်တဲတွေ ခင်းကျင်းပြီး ဒုက္ခသည်တွေကို ၀င်နေခိုင်းတော့ ဒုက္ခသည် တွေက မနေတတ်ပဲ ပြန်ထွက်လာကြတာကို သတိတရပြော ဖြစ်ပါတယ်။ အရှိတရားကို ဖုံးဖို့ မိတ်ကပ်လိမ်းထားတာကိုပဲ အတိုင် အဖောက်ညီခဲ့ကြတာကိုး။ 
ညဆိုရင် လမ်းကရွာတွေမှာ ဈေးဝယ်ချင်ရင် အိမ်တံခါး ခေါက်ရပါတယ်။ အေးလွန်းတော့ အိမ်ထဲကမီးဖိုဘေးမှာ  အိမ်ရှင်ရောခရီးသည်ပါ မီးလှုံရင်း မိတ်ဖွဲ့ကြ၊ ဘာသာ စကားမပေါက်လည်းခြေဟန်လက်ဟန်တွေနဲ့ အလုပ် ဖြစ်ကြရတာပါပဲ။ 

အိမ်တအိမ်ကို ကျနော်တို့ တံခါးခေါက်ပြီး ကောက်ညှင်းထုပ် ရမလားလို့ မေးတဲ့အခါ ..အိမ်ရှင်က ခေတ္တတုံ့ဆိုင်းပြီးမှ ရတယ် ..လာလာ လို့ အိမ်ထဲကိုခေါ်၊ မီးဖိုဘေးထိုင်ခိုင်း၊ ရေနွေးအိုးချပေးပါတယ်။ ကောက်ညှင်းထုပ်တွေ ယူလာပြီး  ခဏစောင့် နွေးပေးမယ်ဆိုတော့ ကျနော်တို့က  တထုပ်စီအရင် ပေးပါလို့ တောင်းပြီး ဆာဆာနဲ့ ပါးစပ်ထဲ  ပလုပ်ပလောင်း ထိုးထည့်ကြပါတယ်။ ကောက်ညှင်းထုပ် ပူပူလေး နွေးပြီးတဲ့အခါ ဘယ်လောက်ကျလဲ မေးမှ  ဒါဈေးဆိုင်မဟုတ်ဘူး၊ အိမ်ပါ အိမ်မှာရှိတာ ပေးတာ  ကျွေးတာပါ။တဲ့။ လူကြီးတွေတင် စေတနာကောင်းတာ မဟုတ်ပါဘူး။ ကျနော်တို့အငမ်းမရစားတာကို ထိုင်ကြည့်

နေတဲ့ ကလေးတွေကပါ သူတို့ရဲ့ခေါင်းစွပ် ညစ်ထေးထေး တွေကြားက ဖြူဝင်းတဲ့အပြုံးတွေနဲ့ သဒ္ဓါကြောင်း ပြနေပါသေးတယ်။
တီးတိန်ခရီးအကြောင်းပြောစရာတွေတော့ များစွာ ကျန်ပါရဲ့။ ခရီးတကြောင်းစီမှာ ခုနှစ်နာရီ၊ ရှစ်နာရီလောက်ကြာတဲ့  မြေလမ်းကြမ်း။ ဗွက်နစ်တဲ့အခါရုန်း၊ ကျောက်တုံးတွေကိုရှောင် ချောက်ထဲမကျအောင်လည်း အိပ်မငိုက်ရဲ။ မောင်းရှာရတဲ့ ဘူမိဗေဒဘွဲ့ရ ချင်းလူငယ်ဟာ ကျနော်တို့ ကူမောင်းပေးမယ် ဆိုလည်း လက်မခံပါဘူး။ တကူးတက လာဖော်ရတာကိုပဲ  ကျေးဇူးစကား ထပ်ထပ်ဆိုရင်း ချင်းရိုးရာသီချင်းကိုလည်း အိပ်ငိုက်ပြေ ဆိုပြသေးတယ်။
ညခရီးမှာ မှိုင်းတိုက်တယ်ဆိုတာ လက်တွေ့ကြုံရပါတယ်။ ကျနော်က လူတွေမီးဖိုပြီး မီးခိုးမှိုင်းတိုက်တယ်လို့ ထင်နေတာ။ သဘာဝအရ မြူဖုံးပြီး ရှေ့မမြင်ရတာကို ပြောတာကိုး။ မှိုင်းတိုက်ပြီဆို ရှေ့မှာ ချောက်လား၊ ကမ်းပါးလား စမ်း တ၀ါးဝါးနဲ့ အိပ်လည်း မငိုက်ရဲတော့ပါဘူး။ မသင်္ကာရင်  လူကိုယ်တိုင်ဆင်းပြီး ရှေ့ကလျှောက် လမ်းပြကြရပါတယ်။ 
အယူဝါဒမှိုင်းတိုက်တယ်ဆိုတဲ့စကားဥပမာကို ယဉ်ပါးနေတော့ တောင်ပေါ်လမ်းမှာ သဘာဝမှိုင်းတိုက်တာကို  ဥပမာစကားလိုလို ဖြစ်နေတာပါ။ အဲဒီလမ်းကို လာကြိုတော့  နှစ်ခေါက်၊ ပြန်ပို့တော့ နှစ်ကြိမ်တယောက်တည်း အံခဲ မောင်းရှာရတဲ့ညီလေးစကားကတော့ အမှတ်တရပါပဲ။ 


ဒီလမ်းက ဒုတိယကမ္ဘာစစ်ဖြစ်တော့ ဖောက်ခဲ့တာ။  ဆုတော့မတောင်းပါဘူးဒါပေမယ့် တတိယကမ္ဘာစစ်ဖြစ်မှ  လမ်းသစ်ရမှာလားလို့ မေးရမလိုလိုပါ အစ်ကိုရာတဲ့။ 
( တီးတိန်ခရီးစဉ် ၁၅/၁၆ ဒီဇင်ဘာ၊ ၂၀၁၅ )