ဝေဖန်ရေးရာ

သွန်းခ – ရေးလိုက်ကြတဲ့ ဖားကန့် အကြောင်း

သွန်းခ –  ရေးလိုက်ကြတဲ့ ဖားကန့် အကြောင်း

(မိုးမခ) ဒီဇင်ဘာ ၁၈၊ ၂၀၁၅

ခုတလော နေ့စဉ်ထုတ်သတင်းစာ (နိုင်ငံပိုင် သတင်းစာတော့ မပါဘူးခင်ဗျ)၊ ဂျာနယ်တွေထဲမယ် ဖားကန့်၊ ဖားကန့်နဲ့ ကာတွန်းတွေရော၊ သတင်းတွေရော ၊ဆောင်းပါးတွေရော ရေးလိုက်ကြတာဗျာ။ လူမှုကွန်ရက် စာမျက်နှာတွေပေါ်မလဲ ပွတ်လိုက်တိုင်း စိတ်မချမ်းသာစရာ မြေစာပုံကြီးတွေ၊ မြေစာပုံပြိုလို့ ပိသေသွားကြသူတွေရဲ့အလောင်းထုပ်တွေ၊ ကျင်းကြီးတွေ၊ ချိုင့်ကြီးတွေ၊ ဘက်ဟိုးလ် ခေါ်လား ဟို ဟို ဂဏန်းလိုလို၊ ကင်းမလက်မည်းကြီးတွေလိုလို ဟာကြီးတွေ နဲ့ နိုင်ငံပိုင် သယံဇာတတွေကို အချိန်နဲ့တပြေးညီ သယ်ထုတ်နေပုံတွေ၊ ကားတန်းကြီးတွေ မြင်မကောင်းအောင် ကိုပါပဲ။  မြင်လို့သာ မကောင်းတာပါ။ ကြည့်လို့ကောင်းတဲ့လူတွေက အားရပါးရ ကြည့်လို့။ ကြည့်ရတယ်လေဗျာ၊ ရေမဆေး ကျောက်လား၊ ဘာလား ကြည့်ရမှာပေါ့။ မကြည့်ရက်လို့ မျက်နှာလွှဲ မသိချင်ယောင်ဆောင်နေကြတဲ့ဟာကြီးတွေကလည်း ကြိုက်သလိုသာ လုပ်ကြပါတော့ … ပေါက်ဖော်တို့ရယ်လို့များ ခွင့်ပြုထားသလား အောက်မေ့ရတယ်။

အဲဒီတော့ ပြည်မကြီးဘက်လား၊ သွားမယ် ၊မြန်မာပြည်ဘက်လား ၊ပြန်လာခဲ့မယ်၊ အပြန်အပြန် အပြန်လားဟေ့၊ အသွားအသွား အသွားပါဗျို့ ဆိုသလိုကို ဖြစ်ချင်တိုင်း ဖြစ်နေတာပါလား။ ကြောက်စရာကြီးပါဗျာ။ဟိုးရှေးရှေးက အီဂျစ် မာမီအလောင်းတွေ မြှုပ်တဲ့ သချိင်္ုင်းကြီးလိုလို၊ ပိရမစ်တွေ လိုလို ပါဆို။

နဂိုကမှ ကြောက်ပါတယ်လို့ တရားဝင် လူသိရှင်ကြားပြောထားတဲ့ လူတွေကို လူမျိုးနံမည်တောင် မခေါ်ခိုင်း ခဲ့တာကြည့်။ အဲဒီတော့ ကြောက်လက်စနဲ့ ဆက်ကြောက်နေကြပြီး၊ ရထားတဲ့ ကျောက်စိမ်းလေးတွေကိုပဲ ထိုင်ပွတ် နေကြမှာပေါ့။ ကျန်းမာရေးကောင်းတယ် ဆို ပွတ်နေကြမှာပေါ့။ ဘာမှကို ဟန့်တာ၊ တားတာတွေ မရှိတာ မအံ့သြပါဘူး။ မြန်မာဗျ၊ မြန်မာ။ တစ်ခုခုဆို တော်တော်လေးလွန်မှ ၊နှောင်းမှ ပြူးတူးပြဲတဲ လုပ်တတ်ကြတာကိုး။

ဌာနဆိုင်ရာ တာဝန်ရှိတဲ့လူကြီး (အသက်ကြီးလို့သာ လူကြီးခေါ်တာ နေမှာပါဗျာ) ကို သတင်းဌာနတစ်ခုက မေးသဗျ။ ဟိုက ချက် နဲ့ လက် နဲ့ သေချာမေးတယ်။ လူကြီးဖြေလိုက်ပုံက ကယောင်ခြောက်ချားနိုင်ချက် ကိုဗျာ။ တကယ့်ကို တောပြော၊ တောင်ပြောတွေပြောသွားပြီး ဝေ့နေလိုက်တာ၊ လူကြားမကောင်း၊ သူကြားမကောင်းပါ ဆို။ ဟို အဖွဲ့အစည်းက ခွင့်ပြုလို့၊ ဒီအဖွဲ့အစည်းက လိုင်စင်ထုတ်ပေးလို့၊ ယန္တရားကြီးတွေ တင်သွင်းခွင့်မှာ ကန့်သတ်ချက်တစ်မျိုး ဖြစ်နေလို့နဲ့ ရှုပ်နေအောင် ဖြေသွားတာကိုး။ အစကတည်းကမှ မရှင်းမလင်းဆိုတော့လည်း ရှုပ်ပြီပေါ့ဗျ။

အိမ်နီးချင်းကောင်းကြီးတွေ အဆီအနှစ် တွေစုပ်ပြီး မလိုချင်တော့လို့ စွန့်ပစ်ထားခဲ့တဲ့မြေစာပုံတွေမှာ အသက်ပေါင်း ရာချီစွန့်လွှတ်ခဲ့ရပေမယ့် အရဲစွန့်ပြီး တစ်ဝမ်းတစ်ခါးအတွက် အသက်အန္တရာယ်နဲ့ ရင်းပြီး ရှာဖွေစားနေကြဆဲ မြန်မာနိုင်ငံသားစစ်စစ်တွေ အခုဒီစာရေးနေတဲ့အထိ ရှိနေကြတုန်းပါပဲ။ အချိန်မရွေးပြိုကျနိုင်တဲ့မြေစာပုံနား အလုအယက်ကို ထမင်းစားကျောက်ကလေးတွေ တွေ့လိုတွေ့ငြား ရှာနေကြတုန်းပါပဲ။ မြန်မာပြည်အရပ်ရပ်က ပြည်သူတွေပါ။

တရုတ်နိုင်ငံဘက်ကို သွားလိုက်ပြန်လိုက်နဲ့ မျက်စိတစ်ဆုံး ကားတန်းကြီးတွေက ၂၄ နာရီ မပြတ် သယ်နေကြတုန်း။ ကားအစင်းရေ သောင်း ကျော်ရှိတယ်လို့ ဒေသခံတွေက ပြောလို့ သိရပါရဲ့။ မြင်းကောင်ရေ ၉၀၀ ကျော် ဆိုလား ရှိတဲ့ ကားကြီးတွေနဲ့ ဝင်လိုက် ထွက်လိုက် လုပ်နေကြတုန်း။ အဲဒီဒေသက လမ်းတွေလည်းပျက်၊ ကလေးတွေလည်း ကျောင်း ဆင်း ကျောင်းတက် ကားတိုက်ခံကြရမှာ စိုးရိမ်ရ၊ ဖုန်တလုံးလုံးနဲ့ ဖြစ်ချင်တိုင်း ဖြစ်နေတဲ့ ကမ္ဘာသိ ကျောက်စိမ်းမြေမှာ အလုပ်သွားလုပ်နေတုန်း ပဲလား ၊မြေစာပုံပိသေတဲ့ အထဲ ပါသွားပြီလား မသိကြသေးတဲ့ ကျန်ရစ်သူမိသားစုတွေခမျာလည်း မရေမရာနဲ့ ရမ်းသန်းသပိတ်သွတ် ရတော့မလို ဖြစ်နေကြတုန်း။ ဘာဖြစ်လို့အဲဒီလောက် အသည်းအ သန် မြေကြီးတွေ သယ်နေကြတာလဲ မေးတဲ့လူတွေက မေး၊ အဲဒီမြေကြီးတွေအောက်မှာ ကျောက်စိမ်းတွေပါသွားပြီလို့ ဖြေတဲ့လူက ဖြေတုန်း။

နိုင်ငံတော်အနေနဲ့ ဘာမှကို ရှင်းမပြနိုင်သေးတာ ကတော့ … ။     ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts