(မိုးမခ) ဒီဇင်ဘာ ၅၊ ၂၀၁၅
ခက်သေးရွာကြီးတရွာလုံး အမေပုက “အမှိုက်ကောက်ကြ” ဆိုသော စကားကြောင့် အမှိုက်မကောက်သူတို့လျှင် ခေတ်မမှီ သလို ဖြစ်နေပေတော့သည်။ တလောကလည်း ရွေးကောက်ပွဲအပြီးတွင် အသံတိတ်ပွဲဖြင့်သာ အောင်ပွဲခံရမည်ဟု အမေပုက မိန့်တော်မူလေသဖြင့် တရွာလုံး နားရွက်တောင် မခတ်ရဲကြ။ လင်မယားချင်းတောင် လေသံလေးဖြင့် ပြောကြရသည်။ လေလည်လျှင်တောင်တိုးတိုးသက်သာ လည်ကြသည်ဟု အတွင်းစကားများအရ ကြားရပေသည်။ တော်ကြာအမေပု စကား နားမထောင်မိ၍ ရွာလူဂျီးများ စိတ်တော်ညိုငြင်လျှင် အီကြာအော်မွေးကတည်းက မမမြင်ဘူးသည့် ပူတူတူး ခက်သေး ဒီမိုကရေစီလေး မြောင်းထဲရောက်သွားမှာ စိုးကြရှာသည်။
ဖွတ်ကလေးတယောက်လည်း ခက်သေးရွာသားအများနည်းတူ အမှိုက်ကောက်စတိုင်ဖမ်းပြရင်း ရာဘာလက်အိပ်စွပ်ကာ ပလပ်စတစ်ကောက်သည့် တုတ်တချောင်းကိုကိုင်၍ ဟန်ရေးတပြပြဖြင့် အီကြာအော်၏ အိမ်ရှေ့သို့ ရောက်လာခဲ့ပေသည်။ ခါးတွင်လည်း မိုဘိုင်းဖုန်းကိုဖွရန်အသင့်အနေအထားဖြင့် ခေတ်ပေါ်ခက်သေးစတိုင်ဖြင့် ချိတ်ထားလေသည်။
”ဟေ့ကောင် ဖွတ်ကလေး မင်းကိုယ်မင်း ဂဲနမ်းစတိုင်နဲ့ ခါတော်မှီ ပလပ်စတစ်ကောက်သမား ဂိုက်ဖမ်းနေတာလား”
အီကြာအော်က ခါတိုင်းဆို ရပ်ကွက်ထဲတွင် သူ အမှိုက်ရှင်း မြောင်းရှင်းဖို့ ခေါ်သော်လည်း ဘယ်သူမှ အဖက်မလုပ်ကြသည်ကို စိတ်ဆိုးနေသဖြင့် ဖွတ်ကလေးကို ခနဲ့လိုက်လေသည်။ မိုးတွင်းဆိုလျှင်လည်း သူ့အိမ်ရှေ့မှမြောင်းက ခက်သေးရွာကြီး၏ ထုံးစံအတိုင်း ကျွတ်ကျွတ်အိတ်များ ဘိနပ်စုတ်များ ကွန်ဒုံးများဖြင့် ခက်သေးရွာလယ် ကားလမ်းပိတ်သလို ပိတ်နေလေ့ရှိ သည်။ ခက်သေးရွာမှ စည်ပင်သာယာ လူဂျီးများက ပိုက်ပိုက်နှင့်ပင့်မှ ကြွတော်မူလေ့ရှိသည် မဟုတ်လား။
”အမေပုက အမှိုက်ကောက်ရမယ် ပြောထားတယ်လေ ဆရာအော်ရဲ့” ဖွတ်ကလေးက ရယ်ကျဲကျဲဖြင့် သူ့ဆရာ အီကြာအော် ကိုဆင်ခြေပေးလိုက်လေသည်။ ထုံးစံအတိုင်း အီကြာအော်ကို အမေပုနှင့်ကိုင်ပေါက်လျှင် ပြော၍ရမှန်း ဖွတ်ကလေးက အံ တို၍နေသည်။
”အမှိုက်ကောက်တာ ကောင်းတော့ကောင်းပေမဲ့ ကောက်ရိုးမီးဆိုရင်တော့ မကောင်းဘူးကွ” ခက်သေးရွာလူဂျီးများ ရွေး ကောက်ပွဲမတိုင်မီ ခါတော်မီအမှိုက်ကောက်ကြသည်ကို သတိရမိ၍ အီကြာအော်က ပြောလိုက်သည်။ တသက်လုံး အမှိုက် မကောက်ဘူးသည်မှာ သိသာလှပေသည်။ ဝတ်စားကောင်းလှဖြင့် အမှိုက်ကလေးတစကိုကောက်ပြပြီး ဓာတ်ပုံရိုက်ပြလျှင် အရင်လို တရွာလုံးကိုညာ၍ရပြီ အောက်မေ့နေကြရှာသည်။ ဖွဘုတ်ပွတ်တန်ခိုးဖြင့် ခက်သေးရွာသားများ အတင်းစကား တောင် မပြောအားကြအောင် ခေတ်မှီနေကြပေပြီ။
”ကောက်ရိုးကလည်း အမှိုက်မဟုတ်လား ဆရာအော်ရဲ့ ကောက်ပစ်လိုက်မယ်လေ” ဘာအမှိုက်ဖြစ်ဖြစ် အားရပါးရ ကောက်မည့်ပုံစံဖြင့် ဖွတ်ကလေးက လက်အိတ်တပြပြနှင့် လုပ်နေပေသည်။
”မင်းကလည်းကွာ တို့ရွာသားခေတ်လူငယ်တချို့လိုပဲ မြန်မာစကားတောင် ကောင်းကောင်းမသိဘူးကိုး ကောက်ရိုးမီးတောက် တယ်ဆိုတဲ့ အဓိပ္ပါယ်က ကောက်ရိုးဆိုတာ မီးလောင်ကာစတော့ တောက်နေအောင်လောင်ပြီး မကြာဘူး မီးသေသွားတာကို ပြောတာကွ” အီကြာအော်က ဒုံးဝေးသော ဖွတ်ကလေးကို စိတ်ပျက် လက်ပျက်နှင့် ပြောလိုက်လေသည်။
”ဆရာအော်ပြောတာ ဟုတ်မယ် ကျုပ်တို့ ယုန်ကန်ဆေးရုံကြီးမှာ တနေ့ကပဲ သန့်ရှင်းရေးတွေ လုပ်သွားတယ် ကွမ်းတံတွေး မထွေးဖို့ရေးထားတဲ့ နို့တစ်ပေါ်မှာ ကွမ်းတံတွေးတွေ ထွေးသွားတယ်” ယုန်ကန်ဆေးရုံကြီးတွင် တနေ့က စုပေါင်းသန့်ရှင်းရေး လုပ်သည်ကို ကြားရ၍ သာဓုခေါ်၍ပင်မဆုံးသေး ရွာသားတချို့၏ အရိုးစွဲနေသော စရိုက်ဆိုးတွေက ဘွင်းဘွင်းကြီး ပေါ် လာသည်။
”အဲဒါပြောတာပေါ့ကွ တို့ခက်သေးရွာက နာမည်နဲ့ကိုလိုက်တယ်။ တော်တော်ကိုခက်တာပဲ။ အမေပုက ကွမ်းမစားကြနဲ့လို့ စကားတခွန်းလောက်ထွက်ရင် ကောင်းမယ်၊ ကွမ်းယာသည်တွေတော့ ထမင်းငတ်နိုင်တယ်၊ အမှိုက်ရှင်းတဲ့သူက ရှေ့ကရှင်း နောက်ကရှုပ်တဲ့သူက ရှုပ်ဆိုရင် ပလိုင်းပေါက်နဲ့ ဖားကောက်သလို ဖြစ်နေမှာပေါ့ကွ”
”ပလိုင်းပေါက်နဲ့ ဖားကောက်တော့ ဘယ်လိုဖြစ်သွားလည်းဆရာအော်”
”မင်းပဲ ပလိုင်းအပေါက်နဲ့ အမှိုက်ကောက်ကြည့်တော့ကွာ၊ နေပါဦးကွ။ မင်းတို့က အမှိုက်ကောက်နေချိန် တို့ခက်သေးရွာ စည်ပင်ကလူဂျီးတွေ ဘာလုပ်နေကြသလည်း မသိဘူး၊ ကောက်ပြီးတဲ့အမှိုက်တွေ ဘယ်သူက ဘယ်နားသွားလွှင့်ကြမှာ လည်း”
အီကြာအော်၏ မြှားက အမှိုက်မှန်မှန်သိမ်းလေ့မရှိပဲ အခွန်သာကောက်လေ့ရှိသည့် ခက်သေးရွာမှ စည်ပင်သာယာလူဂျီး များဆီသို့ လှည့်သွားလေသည်။ တလောက အီကြာအော်နှင့်ဒေါ်အွန်မေးတို့ ခြေဆန့်လက်ဆန့် ခက်သေးရွာရိုးတလျှောက် လမ်းလျှောက်ကြရင်း အမှိုက်ပုံးရှာပုံတော်ဖွင့်သည်တွင် အမှိုက်ပုံးရှာမရပဲ ခက်သေးရွာသားများ ကြုံသလိုပစ်ထားသော ဟိုပစ်ဒီပစ်အမှိုက်များသာ တွေ့သဖြင့် အိမ်အထိသာ အမှိုက်ပြန်သယ်သွားခဲ့ရပေသည်။
”သူတို့လည်း ကောက်တော့ ကောက်တယ်ထင်တယ်”
”မင်းက ဘာကောက်တာ ပြောတာလည်း၊ စိတ်ကောက်တာပြောတာလား၊ အေးလေ အကောက်ခွန်ပဲ လိုက်ကောက်နေမှာ ပေါ့၊ ဒါနဲ့ ဘပြောင်တို့ ရွာလူဂျီးတွေရောကွ”
”အမှိုက်တွေရှုပ်နေ အဲ ဟုတ်ပါဘူး အမှိုက်များလို့စိတ်ရှုပ်နေတယ်ထင်တယ်”
”အမှိုက် ဘယ်မှာရှိမလည်းဆိုတာ တို့ခက်သေးရွာလူဂျီးတွေ သိချင်ရင် အလွယ်လေးပဲဟ၊ရွာလူဂျီးတွေ ဟိုနေရာဒီနေရာတွေ စစ်ဆေးမယ် ကြိုမပြောပဲ လမ်းထွက်ကြည့်လိုက်ပေါ့၊ မှန်ကြည့်လိုက်ရင်လည်း သိမှာပေါ့ကွ၊ မင်းအမှိုက်ရှင်းရင် ခက်သေးရွာ လူဂျီး အမှိုက်တွေရော အမှိုက်ဖွတဲ့သူတွေပါ ရှင်းသွားကွာ”
ထိုစဉ်အခါတွင် မီးဖိုချောင်အတွင်းမှ ဒေါ်အွန်မေး၏ အော်သံက ထွက်လာပေတော့သည်။
”ကိုအော်….၊ ခုနပဲ မီးဖိုချောင်မှာ ထမင်းဟင်းချက်ပြီးရှင်းထားတယ်၊ ရှင်လုပ်တာနဲ့ အကုန်လုံး ပြန်ပွကုန်ပြီ၊ ရှင်ကြက်သွန်သင် ထားတာကလည်း အမှိုက်တွေရှုပ်လိုက်တာ”
”ဒီမှာ ဖွတ်ကလေးနဲ့ စကားကောင်းနေလို့ပါကွာ၊ စောစောကတည်းက ရှင်းမလို့ပဲ၊ အမှိုက်တွေ ခုပဲရှင်းလိုက်ပါ့မယ်”
ဤသို့ဆိုကာ အီကြာအော်တယောက်လည်း ခက်သေးရွာသားအများ အမေပု၏ လမ်းညွှန်ချက်နှင့်အညီ ရွာလုံးကျွတ် အမှိုက်ကောက်ကြသကဲ့သို့ သူသည်လည်း ဒေါ်အွန်မေး၏ လမ်းညွှန်ချက်အတိုင်း အားရပါးရ အမှိုက်ရှင်းရန် ရော်ဘာလက် အိပ်ကို စွပ်၍ မီးဖိုချောင်ဘက်သို့ ထွက်တော်မူလေတော့သတည်း။ ။
သဗ္ဗေသတ္တာကမ္မသကာ
အီကြာအော်