စာစုတို

မောင်လူရေး – ကျောင်းမနေကလေးများနှင့် ဒီမိုကရေစီနိုင်ငံတော်သစ်

 မောင်လူရေး – ကျောင်းမနေကလေးများနှင့် ဒီမိုကရေစီနိုင်ငံတော်သစ်
(မိုးမခ) ဒီဇင်ဘာ ၃၊ ၂၀၁၅
အခြေခံပညာရေးဥပဒေထွက်ပြီတဲ့။

များသောအားဖြင့် ပညာရေးဥပဒေတွေ က ကျောင်းနေကလေးများအတွက်သာ စဉ်းစားကြသည်။ ကျောင်းမနေကလေးများ အတွက် မစဉ်းစား။ ကျောင်းမနေ ကျောင်းတပိုင်းကလေးများ အတွက် သင်ကြားစရာ နေရာမရှိ။ ယင်းတို့နှင့် လိုက်ဖက်သော သင်ကြားရေးဌာနနှင့် ပုံစံမရှိ။

တကယ်တော့ မြန်မာပြည်တွင် ၁၈ နှစ်မပြည့်သေးသောကလေးများတွင် ကျောင်းနေနှင့် မနေမှာ ဆတူနီးနီးဟု ဆိုရမည်။ စာရင်းအင်းသေချာမကောက်ယူသည့်အတွက် ကျောင်းမနေကလေးများ၏ပညာရေးကဏ္ဍကို ကျောင်းနေကလေးများအ ပေါ်စဉ်းစားပူပန်သလိုမျိုး မရှိကြခြင်းဖြစ်သည်။

နိုင်ငံ၏အကြီးအကဲများ သူဌေးသူကြွယ်များနှင့် အချို့လူလတ်တန်းစားတို့မှာပင် ကလေးငယ်များကို အိမ်ဖော်အဖြစ် ခိုင်း စေရက်ကြခြင်းက ကျောင်းမနေကလေးတို့၏အရေး စဉ်းစားမှုကို ပျောက်ကွယ်စေလေသည်။ ဒီရက်ပိုင်း အရွယ်နှင့်မမျှ အောင်နှိပ်စက်ခံရသည့်ကလေးသတင်းများဆိုလျှင် တပ်မတော်အကြီးအကဲတွေ၊ ဌာနဆိုင်ရာအရာရှိတွေအိမ်မှချည်းဖြစ် နေလေသည်။

နိုင်ငံတော်သည် အလွန်အားနည်းသော ကာကွယ်စောင့်ရှောက်မှုလိုအပ်သောကလေးငယ်များကို လုံးဝလျစ်လျှူရှုထား သည်။ လမ်းပေါ်သွားလာကျင်လည်ကျက်စားသည့်ကလေးများအပါအဝင် မိဖမဲ့ကလေးငယ်များ မိကွဲဖကွဲကလေးငယ်များ မိပစ်ဖပစ်ကလေးငယ်များသည် မှတ်ပုံတင်လုပ်ရန်နည်းလမ်းမရှိကြ၍ နိုင်ငံသားစာရင်းပင် မဝင်ကြ။ သူတို့တွေသည် လူ့ အသိုင်းအဝန်းတွင်း ဝင်ရောက်ခွင့်ရဖို့ ဥပဒေအကူအညီ လူမှုရေးအကူအညီ ပညာရေးအကူအညီမရကြ။ ရာဇဝတ်မှုမကင်း သောအခြေအနေများနှင့်သာ ပင်ပန်းကြီးစွာ အသက်မွေးနေရသည်။ သူတို့၏စိတ်ဒဏ်ရာများ ရပ်ရွာ၏ကျဉ်ဖယ်ခံရမှုများနှင့် သူတို့သည် အပြုဘက်မသွားနိုင်။

အရွယ်ရောက်သူမှန်သမျှ ထိုင်းနှင့် မလေးရှားရောက်ကုန်သဖြင့် အခြေခံလုပ်သားလိုအပ်သော အလုပ်ရုံများ စားသောက် ဆိုင်များ လက်ဖက်ရည်ဆိုင်များ အရက်ဆိုင်များစသည်တို့တွင် ကလေးလုပ်သားတွေချည်းဖြစ်ကုန်သည်။ လက်နက်ကိုင် အဖွဲ့အစည်းများလည်း ကလေးများကိုသာ ပစ်မှတ်ထားကြသည်။ လုပ်အားခလည်း ခေါင်းပုံဖြတ်ကြသေးသည်။ ကလေးငယ် တချို့ဆိုလျှင် မိဘနှင့် အလုပ်ရှင်ပူးပေါင်း၍ ခေါင်းပုံဖြတ်တာကို ခံနေရသည်။ ပညာသင်ခွင့်မရသောကလေးငယ်များလာ ခြင်းကြောင့် လူကုန်ကူးမှုလုပ်ငန်း ပြည့်တန်ဆာလုပ်ငန်းအားကောင်း၍ ကျန်းမာရေးစောင့်ရှောက်မှုစနစ်ပျက်ရသည်။ တရားဥပဒေစိုးမိုးမှုစနစ်လည်း တည်ဆောက်ဖို့ မလွယ်ပါ။

နိုင်ငံတော်သည် ဘယ်သောအခါကမှ ကျောင်းမနေကလေးများအတွက် ပညာရေးအသုံးစရိတ်ကို မစဉ်းစားခဲ့ပေ။ ပညာရေး အစီအမံများကို မစဉ်းစားခဲ့ပေ။

အလွန်များပြားလှစွာသောကလေးငယ်များအတွက် ပညာရေးအစီအမံမရှိခြင်းသည် ဒီမိုကရေစီစနစ်ကို ကောင်းကောင်း ချိနဲ့စေမည်ပင်။ မိမိတို့နိုင်ငံ၏ ဗရမ်းဗတာဖြစ်မှုများသည် ပညာသင်ခွင့်မရသော ကလေးထုထည်ကြီးအပေါ် အခြေခံပြီး ဖြစ်ပေါ်နေခြင်းသာ။

အခြေခံပညာရေးဥပဒေပြုများခဗျား ….

ကလေးတိုင်းအတွက် ပညာရေးမရှိသည့်အတွက် Education for all ဆိုတာကြီးကို ဆင်ဆင်ခြင်ခြင်သုံးစေချင်ပါသည် ခ ဗျား။

မိမိတို့ရေးဆွဲထားသောဥပဒေသည် နိုင်ငံသားကလေးငယ်များအပေါ် တရားမျှတမှုပေးနိုင်ရဲ့လားဆိုတာ ပြန်လည် သုံးသပ်စေချင်ပါသည်ခဗျား။

ခဗျားတို့ရဲ့စိတ် မလုံခြုံဘူးဆိုလျှင် ကလေးတို့ရဲ့ဘဝမလုံခြုံဘူးဆိုတာလည်း ခံစားမိစေချင်ပါသည်ခဗျား။

မောင်လူရေး


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

One thought on “မောင်လူရေး – ကျောင်းမနေကလေးများနှင့် ဒီမိုကရေစီနိုင်ငံတော်သစ်
  1. Thank you so much for one of the most important article. Hopefully they can see and feel the way you have.

Comments are closed.