ကဗျာ ခင်လွန်း

ခင်လွန်း – မှိုကျင်းလမ်း

  ခင်လွန်း – မှိုကျင်းလမ်း
(မိုးမခ) ဒီဇင်ဘာ ၂၊ ၂၀၁၅(မိုးမခကဗျာဆရာတဦးဖြစ်သူ ဆရာခင်လွန်းရဲ့ ကဗျာဟောင်းတပုဒ်ကို မိုးမခပရိသတ်အတွက် ပြန်လည်မျှဝေလိုက်ပါတယ်။)

ဒီအသိုက်နဲ့
သူ့တောင်ပံတွေ မဆန့်တော့ဘူး
အချက်ပြမီးအရ
ဘီးချလိုက်ရမှာလည်း
ပြေးလမ်းက တိုတောင်းလွန်းနေ…
ခြေမန်းကွင်းကို ထိုးဖြုတ်
လောကထဲခုန်ချလိုက်ဖို့ဆိုတော့လည်း
ခမျာ့မှာ
ပျံသန်းခြင်းအတတ်တောင်မေ့လို့။

လေဥ ဥထားတဲ့နေ့တွေကို
ကိုယ်ငွေ့လေး ပေးနေရသူမှာ
သူ့အတိတ်သူ တသသ
စားမြုံ့ပြန်ကြည့်ရတာနဲ့
လေချဉ်တက်ကြည့်ရတာနဲ့
တနေ့တနေ့
ပြန်ပြန်ပွတ်သပ်နေခဲ့ရ။

မနက်ဖြန် ဘာဖြစ်လာမှာလဲ
မနက်ဖြန် ဘာဖြစ်လာမှာလဲ
မနက်ဖြန် ……..
သူကတော့
မနေ့ကတွေ့တဲ့မှိုကျင်းရှိရာ
ကောက်ကောက်ပါအောင် ထွက်ခဲ့ပြီ။    ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts