ရသဆောင်းပါးစုံ လူများ၊ ရုပ်ပုံလွှာများ

လှကျော်ဇော – ကျွန်မဆက်၍ရေးခြင်သော ဖေဖေအကြောင်းများ

၁၉၄၂-ဘီ-အိုင်-အေခေတ်က ဗိုလ်မှူးလေးကျော်ဇော
လှကျော်ဇော – ကျွန်မဆက်၍ရေးခြင်သော ဖေဖေအကြောင်းများ 
(ဆောင်းပါးအမှတ် -၃၈)
(မိုးမခ) ဒီဇင်ဘာ ၂၊ ၂၀၁၅

● ခင်ဆွေဦးရဲ့ “ဒို့တိုင်းဌာနီ”
ဖေဖေတပ်က ပင်စင်ယူရပြီးနောက် ၁၉၅၇ခုနှစ် ဇွန်လမှာ ကျွန်မတို့မိသားစု မင်္ဂလာဒုံကနေ စမ်းချောင်းရပ်ကွက်ထဲ ပြောင်း ရွှေ့နေထိုင်ခဲ့ကြရပါတယ်။ တိုင်းမှူးကြီးဘ၀က တခမ်းတနား ကင်းနဲ့ အလံတိုင်နဲ့နေနေတော့ တော်ရုံတန်ရုံလူ မလာရဲကြ ပါဘူး။ ဖေဖေကလည်း အဲဒီတုန်းက အလုပ်ကများတယ်လေ။ သာမန်အရပ်သားဘ၀နဲ့ ရပ်ကွက်ထဲရောက်လာတော့ မိတ် ဆွအပေါင်းအသင်း ရောင်းရင်းဟောင်းတွေ တယောက်ပြီးတယောက် တသုတ်ပြီး တသုတ် လာရောက်လည်ပတ်ကြပါတယ်။

ဒီလိုနဲ့ စနေ-တနင်္ဂနွေ ရက်အားတရက်မှာ မိသားစုကြီးတစု ရောက်လာပါတယ်။ ကွယ်လွန်သူ မျိုးချစ်ပြည်ချစ် စာရေး ဆရာကြီး မဟာဆွေရဲ့ ကျန်ရစ်သူဇနီး ဒေါ်ကြည်ကြည်နဲ့ သမီးကြီး ဒေါ်ခင်ဆွေဦးတို့ မိသားစုပါ။ အဲဒီတုန်းက မမခင်ဆွေဦးရဲ့ သမီးကလေး ပုလဲက ၄-၅ နှစ် အရွယ်ကလေးပါ။

မမကလည်း ဗိုလ်ချုပ်လမ်းက စိန်ဂျွန်းကွန်ဗင့် (မိန်းခလေးကျောင်း) မှာ ဆရာမလုပ်ယင်း တဖက်က စာတိုပေစလေးတွေ ရေးနေပါတယ်။ နာမည်သိပ်မကြီးသေးပါဘူး။ ဖေဖေကို ဒေါ်ကြည်ကြည်က ကိုရွှေလို့ခေါ်ပြီး မမကတော့ ကိုကိုရွှေတဲ့။ ကျွန် မတို့မောင်နှမတတွေက ဒီအခေါ်ကို ထူးဆန်းနေပါတယ်။ ဖေဖေထက်အငယ် ဆွေမျိုးတစုက အစ်ကိုရွှေလို့ပဲခေါ်ကြတာ လေ။ သူတို့ပြန်သွားမှ ဖေဖေက သူတို့မိသားစုနဲ့ ရန်ကုန်မှာလာကျောင်းနေစဉ်ကတည်းက ခင်မင်ရင်းနှီးခဲ့ကြောင်း ပြောပြပါ တယ်။ ဖေဖေတသက်လုံးမှာလည်း သူ့ကို ကိုကိုရွှေလို့ခေါ်တာ မမခင်ဆွေဦးတို့ ညီအစ်မနှစ်ယောက်ပဲ ဖြစ်ဟန်ရှိပါတယ်။

မမခင်ဆွေဦးက အဲဒီအခေါက်ကစပြီး အကြိမ်ကြိမ်လာရောက်ပြီး ဖေဖေနဲ့ စကားတွေပြော မှတ်တမ်းတွေရေး လုပ်ပါတယ်။ ဖေဖေကလည်း သူ့မှတ်တမ်းတွေ စာအုပ်စာတမ်းတွေ ဌားရမ်းပေးတာတွေလည်းတွေ့ရပါတယ်။

နောက်မကြာခင်မှာဘဲ မမခင်ဆွေဦးရဲ့ ပထမဆုံးလုံးချင်းဝတ္ထုရှည်အဖြစ် “ဒို့တိုင်းဌာနီ” ဆိုတဲ့စာအုပ် ထွက်လာပါတယ်။ ထွက်ထွက်ချင်းပဲ မမခင်ဆွေဦးကိုယ်တိုင် စာအုပ်ကိုလက်မှတ်ထိုးပြီး လာပို့ပါတယ်။

ပထမအကြိမ်ထုတ်ဝေတဲ့ စာအုပ် (၁၉၆၁) အဖုံးက ပုသိမ်ထီးလေးပုခုံးပေါ်တင်ဆောင်းထားတဲ့ အမျိုးသမီးလေးပုံ ပန်ချီ ကားလေးနဲ့ပါ။ စာရေးသူရဲ့အမှာစာက ကျေးဇူးတင်ရသူများစာရင်းမှာ … စစ်မှတ်တမ်းရှည်ကြီးများကို   စိတ်ရှည်လက်ရှည် ရှင်းလင်းပြောဆိုပေးခဲ့တဲ့  “ကိုကိုရွှေ (ဗိုလ်မှူးချုပ်ဟောင်းကျော်ဇော) ကို၎င်း … လို့ ဖေါ်ညွှန်းရေးထားတာတွေ့ရပါတယ်။(နောက်ပိုင်း ထွက်တဲ့စာအုပ်များမှာတော့ အဲဒီအမှာစာဖြုတ်ပေးရတယ်-တဲ့။)

စာအုပ်ထွက်ထွက်ချင်းပဲ ချက်ချင်းကုန်သွားလို့ ဒုတိယအကြိမ် ပြန်ရိုက်ရပါတယ်။ နောက်ပိုင်းလည်း အကြိမ်ပေါင်းများစွာ ပြန်ရိုက်ရပါတယ်။ စာအုပ်ဝေဖန်ရေးအခန်းများမှာလည်း ဒီစာအုပ်ကိုပဲ တခမ်းတနား ချီးကျူးထားတာတွေ ဖတ်ရပါတယ်။ မမခင်ဆွေဦး ကိုယ်တိုင်နောက်ပိုင်းပြောပြဖူးတာတခုလည်း ရှိပါသေးတယ်။ အဲဒီစာအုပ်ကို စာပေဗိမာန် စာပေဆုပေးဘို့ အားလုံးသဘောတူ ရွေးချယ်ပေးပြီးသားတဲ့။ နောက်ဆုံးအဆင့်ကျမှ “ဗိုလ်ကျော်ဇောကို မွှန်းလွန်းတယ်–ဆိုပြီး ပယ်ချခံ လိုက်ရတာ”တဲ့။

မမခင်ဆွေဦးလည်း တခါတည်း နာမည်ကြီးစာရေးဆရာစာရင်း ၀င်သွားပါတော့တယ်။ ၀င်လည်း ၀င်လောက်ပါတယ်။ နှစ် တွေနဲ့ချီပြီး အချိန်ယူရေးခဲ့တာကိုး။ ဒါ့အပြင် တကယ့်ဖြစ်ရပ်မှန်တွေနဲ့ ရောယှက်ပြီးစိတ်ကူးယဉ် သုံးပွင့်ဆိုင် အချစ်ဇာတ်လမ်း လေးရေးဖွဲ့ထားမှုဟာ တကယ့်ကိုလက်ရာမြောက်ပါတယ်။ နိုင်ငံရေးအနှစ်သာရ (မျိုးချစ်ပြည်ချစ်စိတ်) လည်း မသိမသာ လေး ပါသေးတယ်လေ။ မမက အဲသလိုမျိုးဇာတ်လမ်းဖွဲ့တာမှာ အတော်တော်တယ်။ နောက်ပိုင်း အဲသလိုမျိုးဝတ္ထုတွေ တော်တော်ထွက်သေးတယ်။

မမခင်ဆွေဦးက သူတို့မိသားစုတစိတ်တပိုင်း ဖေဖေ့ဘ၀ဖြတ်သန်းမှုတွေကို ဇာတ်အိမ်ဖွဲ့ပြီး ဗမာ့ပြည် နိုင်ငံရေးခရီးစဉ်ကြီး နောက်ခံထားပြီး ရေးခဲ့တာပါ။ အဲဒီစာအုပ်ထဲပါတဲ့ ကိုသူရရဲ့ ရုပ်ရည်ဖော်ပြချက်ကိုကြည့်လိုက်ယင် ဖေဖေရဲ့ ဘီ-အိုင်-အေခေတ် ဗိုလ်မှူးလေးကျော်ဇော (အသက်-၂၂-၂၃ အရွယ်) ဓာတ်ပုံနဲ့ တူမှတူပဲ။ အဲဒီစာအုပ်ဇာတ်လမ်း ဘယ်လောက် အောင်မြင်သလဲဆိုယင် ကျွန်မသူငယ်ချင်းတွေက… ယူ့မာမီက “မိ” လားတဲ့။ ဒို့တိုင်းဌာနီထဲက အဓိက အမျိုးသမီးဇတ် ကောင်က “မိ” လေ။ ဒီစာအုပ်ကို အစောပိုင်းမှာ အကြိမ်ကြိမ် ပုံနှိပ်ထုတ်ဝေခွင့်ရခဲ့ပေမယ့် ကျွန်မတို့ တောခိုသွားတဲ့နောက်ပိုင်း ၁၉၇၆ ကစလို့ ကာလတပိုင်း ပိတ်ထားတာခံရသေးတယ်လို့ ကြားရပါတယ်။

နောက်ပိုင်းစာပေစီစစ်ရေးက ဖြုတ်ခိုင်းတာတွေ ဖြုတ်ပြီး နအဖခေတ်မှာ ပြန်ထုတ်ခွင့်ရလာပါတယ်။

ကျွန်မတို့ ဒီစာအုပ်အကြောင်းပြန်ကြားလာရတာကတော့  ဒီချုပ်က ကြီးမှူးပြီးပြုလုပ်တဲ့ စာဖတ်ဝိုင်းအကြောင်းရေးထားတဲ့ အစိုးရသတင်းစာထဲက ဆောင်းပါးတစောင်မှာပါ။ အဲဒီဆောင်းပါးကို ကျွန်မမှတ်မိသလောက်ပြောပြပါဦးမယ်။  …. ခင်ဆွေဦး ရဲ့ “ဒို့တိုင်းဌာနီ”… စာအုပ်ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ စာဖတ်ဝိုင်းမှာ ဦးတင်ဦးကဦးစီးပြီး ဟောပြောပို့ချရာမှာ ဦး တင်ဦးဟာ ဗိုလ်ကျော်ဇော (တောခိုဗကပ) ရဲ့ အခန်းကဏ္ဍကို အလွန်အလေးပေးဟောပြောသွားကြောင်း  အထူးသဖြင့်-တရုတ်ဖြူတိုက်ပွဲများမှာ ရွတ်ရွတ်ချွံချွံတိုက်ခဲ့ပုံတွေကို အသားပေးပြောဆိုသွားကြောင်းတွေ  အပြည့်အစုံ  ရေးထားတာတွေ့ ရပါတယ်။

ဒီနေရာမှာ အကြောင်းတိုက်ဆိုင်လာလို့ နာယကကြီး ဦးတင်ဦးကို ကျေးဇူးစကားဆိုရပါဦးမယ်။ ဖေဖေက သူ့ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိကိုရေးတော့ အသက် ၈၀ ကျော်နေပါပြီ။ အတော်မေ့လျော့ကုန်ပါပြီ။ သတိတရရေးသားထားတာတွေလည်း ၁၉၈၉ ခုနှစ် ပန်းဆန်း ကထွက်လာရစဉ်က ကျန်ခဲ့ပါပြီ။ ဒါကြောင့်ဖေဖေ့ စာအုပ်မှာ တရုတ်ဖြူ တိုက်ပွဲများအကြောင်းရေးတော့ အသေးစိတ်တွေမပါနိုင်တော့ပါဘူး။ ဒါပေမဲ့ ဦးတင်ဦးက ဒီအပိုင်းတွေကို မှတ်တမ်းတင်ပေးခဲ့ပါတယ်။ အသက်အရွယ်နဲ့ မမျှအောင် မှတ်ဉာဏ်ကောင်းမှုဟာ အံ့သြအတုယူလောက်စရာဖြစ်ပြီး ကျေးဇူးလည်းအထူးတင်ရမှာပါ။

ဖေဖေကွယ်လွန်တော့ (၂၀၁၂-အောက်တိုဘာ-၁၀ရက်) ဗွီ-အို-အေ-တပ်မှူးတပ်သားပြောစကားအစီအစဉ်က ဦးရော်နီငြိမ်း က အထူးဂုဏ်ပြုအစီအစဉ် ၄ ပတ်ဆက်တိုက် တင်ဆက်ပါတယ်။ ဦးတင်ဦးနဲ့ တရုတ်ဖြူတိုက်ပွဲများအကြောင်း ဆက်သွယ် မေးမြန်းထားတာတွေပါ။ အဲဒီအသံခွေဟာ တနာရီကျော် ကြာပါတယ်။ ဖေဖေကွယ်လွန်တာ တနှစ်မြောက်အထိမ်းအမှတ် အဖြစ် စာအုပ်ထုတ်ဖို့စီစဉ်တော့ကျွန်မက အချက်အလက်တွေတောင်းစုဆောင်းရာမှာ ဦးရော်နီငြိမ်းက အဲဒီအသံခွေ ပို့ပေးခဲ့ ပါတယ်။ အသံလွှင့်စဉ်က အချိန်အခက်အခဲကြောင့် အကုန်မထုတ်လွှင့်နိုင်ခဲ့ပါဘူး။ အဲဒီအသံခွေရမှ အပြည့်အစုံ စာနဲ့ ပေနဲ့ — သူတို့ရင်ထဲက ဗိုလ်ကျော်ဇော အတွဲ (၂) မှာ မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။ ဖေဖေကွယ်လွန်တာ (၃) နှစ်မြောက် (၁၀-၁၀-၂၀၁၅) အထိမ်းအမှတ်အဖြစ်ထုတ်ဝေခဲ့တဲ့ “ဗိုလ်ကျော်ဇော ပုံရိပ်များ” သတင်းမှတ်တမ်းခွေမှာတော့ အဲဒီအခွေကြီးတခုလုံး ထည့်သွင်းထားပါတယ်။

ဒါတွေအားလုံးအတွက် ဒီချုပ်နာယကကြီး ဦးတင်ဦးကို ဖေဖေရဲ့ကျန်ရစ်သူကျွန်မတို့မိသားစုဝင်အားလုံးက ကျေးဇူးဥပကာရ တင်ရှိပါကြောင်းနှင့် ဦးတင်ဦးကြီးအနေနဲ့လည်း အနာရောဂါကင်းစင်၊ အသက်ရာကျော်ရှည်ပြီး တိုင်းပြည်အကျိုးကို ပိုမို ထမ်းဆောင်နိုင်ပါစေကြောင်း မေတ္တာပို့ရပါတယ်။ အဲဒီအစိုးရသတင်းစာဆောင်းပါးအဆုံးသတ်ကလေးမှာရေးထားတာ ကျန်ပါသေးတယ်။ “ဦးတင်ဦးအနေနဲ့ ဒီဗိုလ်ကျော်ဇောလို ဗမာ့တပ်မတော်ရဲ့ နံပါတ် (၁) သစ္စာဖောက်ကြီးကို ဘာ့ကြောင့် ဒီလောက် အမွှန်းတင်နေရပါသလဲ” တဲ့။ ဦးတင်ဦးကိုလည်း စောင်းချဟန်တူပါတယ်။

အဲ… သစ္စာဖောက်ဆိုလို့ – ဖိလစ်ပိုင်မှာ သမ္မတတာဝန်ယူသွားဘူးတဲ့ ဗိုလ်ချုပ်ကြီးဟောင်းရာမို့စ် ဟောပြောပွဲတခုမှာ ပြော သွားတဲ့ အကြောင်းအရာတခုကိုသတိရမိပါတယ်။ ရာမိုစ့်ဟာ သမ္မတရာထူးသက်တမ်း ၇ နှစ်ပြည့်ပြီးနောက်ပိုင်း အနားယူပြီး နောက် ဖိလစ်ပိုင်နိုင်ငံကိုယ်စား နိုင်ငံတကာကပြုလုပ်တဲ့ ကုန်သွယ်ရေးဆွေးနွေးပွဲတွေ နှီးနှောဖလှယ်ပွဲတွေကို တက် တတ်ပါတယ်။ တခါတော့ တရုတ်ပြည်ရောက်လာပြီး တက္ကသိုလ်ကျောင်းသားများနဲ့ တွေ့ဆုံဆွေးနွေးခန်းလုပ်ပါတယ်။ ဒီမှာ ကျောင်းသူတယောက်က ဒီလိုမေးပါတယ်။ “သမ္မတကြီးရှင့် ကျွန်မတို့ ကြားဖူးထားတာတခုရှိပါတယ်။ ယခင်သမ္မတ မာကိုစ့် က ပြောတာပါ။ ဖီလစ်ပိုင်မှာ လူထုလှုပ်ရှားမှုဖြစ်တော့ ရာမိုစ့်က ငါ့ကိုသစ္စာဖောက်တာလို့ ပြောဖူးပါတယ်။ ဒါကိုဘယ်လို ဖြေရှင်းချက်ပေးချင်ပါသလဲ” တဲ့။

ဒီတော့ ရာမိုစ့်က “ကျုပ်က ဘယ်သူ့ကိုသစ္စာရှိရမှာလဲ။ ပြည်သူကိုလား။ ပြည်သူ့အကျိုးကို သစ္စာဖောက်တဲ့ မာကိုစ့်ကိုလား” လို့ ပြန်မေးပါတယ်။ “မားကို့စ်လို တိုင်းပြည်ရောင်းစားပြီး ပြည်သူ့အကျိုးကို တစက်မှ ထည့်သွင်းစဉ်းစားခြင်းမပြုတဲ့သူ တွေက ကျုပ်ကို သစ္စာဖောက်လို့ခေါ်တာတော့ ခေါ်စမ်းပါစေဗျာ” တဲ့။

ဟုတ်ပါတယ်။ သစ္စာတရားဆိုတာ ပြည်သူအပေါ်မှာပဲ ထားဖို့လိုပါတယ်။ ဒေါ်ခင်ဆွေဦးအကြောင်းလည်း ဆက်ရပါဦးမယ်။

မမခင်ဆွေဦးက သူငယ်ငယ်လေးထဲက စွဲလမ်းကြည်ညိုခဲ့တဲ့ သူရဲ့သူရဲကောင်းကြီးဖေဖေအပေါ် အလွန်သစ္စာရှိပါတယ်။ ဖေဖေအကြောင်းတွေ ပိတ်ပင်ထားချိန်မှာ သူရရာနေရာက ဖေဖေ့သတင်းကို အဆက်မပြတ်နားစွင့်ရှာပါတယ်။ ကျွန်မတို့ တောထဲက ပြန်သွားသူများနဲ့ဆုံရင် “ကိုကိုရွှေနဲ့တွေ့ခဲ့သလား။ ဘယ်လိုနေသလဲ။ ဘယ်မှာရောက်နေသလဲ” နဲ့ မေးလေ့ မြန်းလေ့ရှိတယ်လို့ ပြန်ကြားရပါတယ်။

ဖေဖေအကြောင်းတွေ တစုံတရာရေးလို့ရလာတဲ့ ဖေဖေကွယ်လွန်ပြီးချိန်မှာတော့ သူရေးနေကျ ကလျာမဂ္ဂဇင်းမှာ ဖေဖေ အတွက်အမှတ်တရ ဆောင်းပါးတွေရေးလာတာတွေ့ရပါတယ်။

ဒါ့အပြင်ဖေဖေအတွက် ရည်စူးပြီး ရန်ကုန်ရှိ ဆွေမျိုးတွေက ပြုလုပ်တဲ့ ဆွမ်းကျွေးပွဲများကိုလည်း သွားရောက်ပြီး ၀မ်းနည်းခြင်းမှတ်တမ်းစာအုပ်မှာလည်း  အခုလိုရေးသားထားခဲ့ပါတယ်။

“ကိုကိုရွှေ (ဗိုလ်ကျော်ဇော) ဟာ ကျမအကိုရင်းပါပဲ။
ကျမ ‘ဒို့တိုင်းဌာနီ’ လုံးချင်းဝတ္တု ကိုကိုရွှေကြောင့် ထွက်ပေါ်လာတာအမှန်။
ကျမစိတ်ထဲ ကိုကိုရွှေ ကွယ်လွန်မယ်လို့ ဘယ်တော့မှမထင်တော့ပါဘူး”

ခင်ဆွေဦး။

မမခင်ဆွေဦးရယ် …. အားလုံး အားလုံးအတွက် ကျေးဇူးတင်ပါတယ်။

လှကျော်ဇော။
၃-၁၂-၂၀၁၅။

၃-၁၂-၂၀၁၅ ဖေဖေအသက် (၉၆) နှစ်ပြည့်မွေးနေ့
၎-၁၂-၂၀၁၅ မေမေကွယ်လွန်တာ (၁၆) နှစ်ပြည့်အတွက် အမှတ်တရရေးဖွဲ့ပါတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts