သတင်းဆောင်းပါး

ဝတ်မှုန် (စင်ကာပူ) – တိုးတက်လာသော မြန်မာမိုဘိုင်းဖုန်း အသုံးပြုမှုနှင့် တာဝါတိုင်လုပ်ငန်း

My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles


ဝတ်မှုန် (စင်ကာပူ) – တိုးတက်လာသော မြန်မာမိုဘိုင်းဖုန်း အသုံးပြုမှုနှင့် တာဝါတိုင်လုပ်ငန်း

(မိုးမခ) ဒီဇင်ဘာ ၂၊ ၂၀၁၅

အင်အားကြီးတဲ့ တယ်လီနော၊ အိုရာဒူး တို့နဲ့ အမ်တီပီ မိုဘိုင်းဖုန်း အော်ပရေတာများရဲ့ အင်အားသုံး အနိုင်ကျင့်ပုံများ၊ အစိုးရထိပ်ဆုံး ဆ.ည.န နဲ့ပေါင်းပြီး မိုဘိုင်းတာဝါတိုင်ထူလုပ်ငန်းရှင်လေးများ အရှုံးထွက်၊ ဒုက္ခရောက်ကြပုံ၊ တာဝါတိုင် အိမ်များမှာထူထားတဲ့အတွက် ဟန်ကျပြီထင်တဲ့ အိမ်ရှင်လဲ ဒုက္ခရောက်ရပုံ၊ ပိုက်ဆံမရပုံ နဲ့အတူ အိမ်နီးနားချင်းတွေလဲ ဆူညံသံ၊ ရေဒီရေးရှင်း မီတာ ၅၀ ထက်နိုမ့်တဲ့ တာဝါတိုင်များ၊ ပတ်ဝန်းကျင်ညစ်ညမ်းခြင်း၊ တိုင်ထူပြီးရင် ပြန်ဖျက်လို့မရအောင် မိုဘိုင်းအော်ပရေတာများက အနိုင်ကျင့်ခြင်းများကို တင်ပြပါမယ်။

၈၀% ပြည်သူလူထု၊ (တောင်သူလယ်သမား လူတန်းစား) ပိုပြီးဆင်းရဲလာပါတယ်။ ဆင်းရဲသားပြည်သူများခမြာ သူတို့ခမြာ ဖုန်းဝယ်၊ ဖုန်းနဲ့ စကားပြောမိရင်း မိုဘိုင်းဖုန်းဖိုးက စားစရိတ်ထက် လေးပင်နေတာမျိုး ဖြစ်နေပါတယ်။ ဒါတွေက စာရေးသူ တောနယ်၊မြို့များ ရောက်ရှိစဉ် တွေ့ရတာပါ။ လယ်သူရင်းငှား၊ လယ်မပိုင်သူတွေ ဖုန်းဝယ် မကိုင်နိုင်ပါဘူး။ မြို့ပေါ်က လူငယ်တွေလည်း မိုဘိုင်းဖုန်းအတွက် တလကို ကျပ်သောင်းချီ ၊ တစ်ချို့  စွဲလမ်းသွားပြီး ကျပ်သိန်းချီ ကုန်နေတဲ့ခေတ်ပါ။ မိုဘိုင်းဖုန်းကုမဏီများ 

၁။ နိုင်ငံတော်ကို အခွန်ရှောင်ခြင်း၊ 

၂။ ကုမ္မဏီငယ်များ တာဝါတိုင်ထူလုပ်ငန်းမှာ အနိုင်ကျင့်စီးပွားဖြတ်တုတ်ခြင်း၊ 

၃။ ပြည်သူလူထုအပေါ် ဖုန်းစွဲလမ်းအောင်လုပ်ပြီး ငွေတွေ သဲ့ယူနေခြင်း များအကြောင်း ရေးချင်ပါသေးတယ်။

အနိုင်ကျဗိုလ်ကျခြင်း ဥပမာတစ်ခု

တကယ်တော့ တစ်နိုင်ငံလုံးမှာ မိုဘိုင်းဖုန်းကုမဏီများက အေးဂျင့်များခန့်ထားပြီး အိမ်ရှင်များ၊ ရပ်ကွက်များနဲ့ ညှိနှိုင်း တာဝါတိုင်ထူခြင်းများ လုပ်ကိုင်နေတာ ၃ နှစ်လောက်ရှိပါပြီ။ အဆင်ပြေသူများပြားသလို အဆင်မပြေမှုများစွာ ရှိနေပါတယ်။ သက်ဆိုင်ရာ မြို့နယ်၊ ရပ်ကွက် အုပ်ချုပ်ရေးမှုးနဲ့ပဲ ပြေလည်သွားသလို နေပြည်တော်အထိ တိုင်ကြားပေမဲ့လည်း မထိရောက်သေးတဲ့ ပြသနာများစွာ ရှိပါတယ်။

ပုသိမ်မြို့၊ ၊ မင်းကြီးလမ်းက ခြံတခြံမှာ တယ်လီနော တာဝါတိုင်တစ်ခု ဇူလိုင် ၂၀၁၅ မှာ (၃) ရက်အတွင် ရွှေ့လျားကားနဲ့ သယ်လာပြီး ထောင်လိုက်ပါတယ်။ ဘေးအိမ် အသက်(၈၅)နှစ် အသက်ရွယ်ကြီးသူခမြာ ဆူညံသံ၊ လျှပ်စစ်ဓါတ်အားပေးစက် မီးခိုးများအပြင် ၁၀မီတာလောက်ဝေးတဲ့ သူ့အိမ်အပေါ် ဘယ်အချိန် တာဝါတိုင်ကြီး ပြိုကျမလဲ နေ့တိုင်း စိုးရိမ်နေရပါတယ်။ ရပ်ကွက်၊ မြို့နယ်၊ စည်ပင်နဲ့ အုပ်ချုပ်ရေးမှုးများကို တင်ပြပြီး တယ်လီနောရုံးချုပ်နဲ့ ဆ.ည.န ကိုယ်စားလှယ်ကို တရားဝင် တိုင်ကြားပေမဲ့ အခု (၆)လ ကြာတဲ့ Nov 2015 အထိ မထူးခြားသေးလို့၊ နေပြည်တော် ဆ.ည.န ရုံးအထိ တိုင်စာပို့ထားရပါတယ်။ မထူးခြားပါဘူး။ မြို့နယ် ရဲတပ်ဖွဲ့နဲ့ တရားရုံးတွေကလည်း တယ်လီနော ကုမ္မဏီကြီးကို တရားစွဲအမှု လက်ခံဖို့ ဝန်လေးနေကြပါတယ်။ ဒါကြောင့် ဘယ်လို လူနေရပ်ကွက်က တာဝါတိုင်ကြီးကို ဖယ်ရှားရမယ်၊ နစ်နာကြေးတောင်ခံဖို့ လေ့လာနေဆဲဖြစ်ပါတယ်။

တကယ်တော့ တာဝါတိုင်ဆိုတာ အနည်းဆုံး မီတာ ၅၀ အမြင့်ရှိမှ ရေဒီယေးရှင်း အနည်းဆုံးဖြစ်မှာပါ။ တည်ထားတဲ့ အောက်ခြေမြေကြီးကိုလည်း ကြံခိုင်မှု စစ်ဆေးရမှာဖြစ်ပါတယ်။ လူနေအိမ်ကြားမှာ တာဝါတိုင်ထူထောင်ခြင်းက အင်မတန် မသင့်လျော်ပါ။

မိုဘိုင်းဖုန်းတိုးတက်မှု ဂုဏ်ယူစရာ

မြန်မာအစိုးရသစ်ကို လေးစား၊ ချီးကျုးရတာကတော့ မိုဘိုင်းအော်ပရေတာ (၂) ခု တယ်လီနောနဲ့ အော်ရီဒူး တို့ကို တင်ဒါရွေးချယ်ပေးခြင်းကြောင့် ဆက်သွယ်ရေးကော်ပိုရေးရှင် (အမ်တီပီ) ရဲ့ ဗိုလ်ကျကြီးစိုးမှုက လွတ်မြောက်စေခြင်း ဖြစ်ပါတယ်။ ဒါပေမဲ့ အစိုးရအပေါ်မှာလည်း အတိုင်းတာတစ်ခုအထိ ဗိုလ်ကျနေမှု ရှိခြင်းက အဂတိလိုက်စားမှုများကြောင့် ဖြစ်ပါတယ်။ မိုဘိုင်းဖုန်းမှာ တစ်ဒေါ်လာတန် (ကျပ် တစ်ထောင်) ဖုန်းကဒ်ကို အလွယ်တကူ ငွေဖြည့်နိုင်ပြီး၊ ဒီငွေနဲ့ ယူကြု ဗွီဒီယိုတစ်ခုကို တစ်နာရီ မိုဘိုင်းဖုန်းနဲ့ ကြည့်နိုင်ပါတယ်။ ပညာရပ်ပိုင်းဆိုင်ရာ လေ့လာလိုသူများအတွက် ဂူဂယ် google.com ယူကြု youtube ၊ ဝီကီ Wikipedia စတဲ့ ဝက်ဆိုဒ်တွေကို လျင်မြန်စွာ အင်တာနက်ဆက်သွယ်ကြည့်ရှုနိုင်ပါတယ်။ အများစု ပြည်သူလူထုကတော့ ဖေ့ဘုတ် ဖွဘုတ်သတင်း ဗွီဒီယို၊ ညစ်ညမ်း၊ ကြမ်းတမ်း၊ အလှအပ ဗွီဒီယို၊ သတင်းများ နဲ့ပဲ အချိန်ကုန်နေပေမဲ့ တိုးတက်လိုသူများအတွက်တော့ မိုဘိုင်းအင်တာနက်ရရှိခြင်းဟာ မဟာလာဘ် တစ်ပါး ဖြစ်ပါတယ်။

 မိုဘိုင်းဖုန်းသုံးခ ချွေတာရေး..
အရင်ကတော့ အမ်ပီတီ တစ်ခုပဲ အင်တာနက်ရလို့ Data On လုပ်ထားရင် Auto Download ထည့်ထားပေးပြီး ပိုက်ဆံသဲ့ယူခဲ့ပါတယ်။ အခုတော့ တယ်လီနော၊ အော်ရီဒူးတို့ အင်တာနက်ကောင်းလာပြီဖြစ်လို့ Data On လုပ်ထားရင်လဲ ..ပိုက်ဆံတွေ စားမသွားတော့ပါဘူး။ ဒါပေမဲ့ မြန်မာလူထုက ကြောက်လန့်နေဆဲ ဖြစ်ပါတယ်။ Data On လုပ်ထားရင် မိမိဒေါင်းလုပ်ထားတဲ့ အပလီကေးရှင်းများက မိုဘိုင်းဖုန်းထဲ ဝင်ထိုင်နေပြီး Auto Download ဖြစ်နေတတ်လို့ အကောင်းဆုံးကတော့ အင်တာနက်သုံးပြီးရင် Data Off လုပ်ထားသင့်ပါတယ်။ နောက်ထပ် မလိုအပ်ပဲ Data Download မဖြစ်အောင် Data Usage , Access Point မှာ Allow Background Data ကို ပိတ်ထားရပါမယ်။ ဒါမှ နောက်ကွယ်က တခြားပရိုဂရမ်တွေက ဒေါင်းလုပ်နေတာမျိုး ကာကွယ်နိုင်ပါမယ်။


နိုင်ငံခြားမှာ Unlimited Access ဆိုရင် တစ်လ ကန်ဒေါ်လာ ၃၀ လောက်ပဲ ကျသင့်ပါတယ်။ ဒါကြောင့် Data Usage သိပ်များလဲ အကြောင်းမဟုတ်လို့ အင်တာနက်ကနေ ဗွီဒီယို၊ ယူကြုတွေ ဒေါင်းလုပ်ကြည့်ရှုကြပါတယ်။ လက်ရှိမြန်မာနိုင်ငံမှာတော့ ဒီလိုမဖြစ်သေးပါဘူး။ မိုဘိုင်းဖုန်း ကုမ္ပဏီများက ပြည်သူလူထု ဗွီဒီယိုသိပ်ကြည့်ချင်တာကို အခွင့်ရေးယူပြီး Data Usage အခကြေးငွေ နင့်နေအောင် တောင်းပါတယ်။ အခမဲ့ ဆိုတဲ့ ဗိုင်ဗာ viber နဲ့ အင်တာနက်တယ်လီဖုန်းတောင် 1 minute = 0.3 MB ကုန်ပါတယ်။ ဒါကြောင့် ၁၀မိနစ်လောက် ပြောလိုက်ရင် ဗိုင်ဗာကတော့ အခမဲ့ပါ၊ မိုဘိုင်းဖုန်း ဒေတာ 3MB သုံးလိုက်တော့ ကျပ်ငွေ တော်တော်ကုန်ပါတယ်။ အဆိုးဆုံးကတော့ ဗွီဒီယို ကြည့်တာပါပဲ၊ ရုပ်ရှင်တကား တနာရီဆိုရင် 500MB အနည်းဆုံးကုန်ပါတယ်။ ဒီတော့ ရုပ်ရှင်တကားကြည့်ရင် ကျပ်တစ်ထောင်လောက် ကုန်သွားပါတယ်။ ဖေ့ဘုတ်သုံးစွဲသူများ ဗွီဒိယိုကလစ်များကို ခေါက်ကြည့်တာနဲ့ ပိုက်ဆံကုန်နေတဲ့ လက်ရှိမြန်မာနိုင်ငံရဲ့ မိုဘိုင်းဖုန်း အခြေအနေပါ။ အစိုးရ  ဆ.ည.န  ဆက်သွယ်ရေးညွန်ကြားမှု ဦးစီးဌာနက ဒါတွေကို မလုပ်သင့်တာမျိုး ပြည်သူလူထုနစ်နာတာမျိုးတွေ … ကြားဝင်ပေးဖို့လိုပေမဲ့ ..သတင်းစာ မီဒီယာသမားများက ကူညီဖော်ပြပေးမှ ဖြစ်မှာပါ။

မီဒီယာများ အကူညီ

 

ခက်တာကလည်း မီဒီယာတွေက ကုမ္ပဏီကြီးများရဲ့ လက်ဝေခံတွေ များနေပါတယ်။ စစ်မှန်တဲ့ မီဒီယာဆိုတာ ပြည်သူလူထုအကျိုးကို ဦးထိပ်ထားပြီး၊ ဒါမျိုး ပြည်သူလူထုအပေါ် မိုဘိုင်းဖုန်း၊ ကားစီးခ၊ အစားအသောက်၊ အိမ်ငှားခ တွေကို မတရားလုပ်နေတဲ့ လူတွေကို ဖော်ထုတ်တင်ပြပါမှ၊ အစိုးရက လှုပ်မယ် ဖြစ်ပါတယ်။ အစိုးရ လှုပ်လာအောင် မနည်းလုပ်ရပါတယ်။

ဒေါ်အောင်ဆန်းစုကြည် အစိုးရသစ်နဲ့ တပ်မတော် ခေါင်းဆောင်သစ်များ လက်ထက်မှာ ပိုမိုကောင်းမွန်စွာ၊ ဈေူသက်သာစွာ မိုဘိုင်းအင်တာနက်များ သုံးနိုင်ကြမှာဖြစ်ပါတယ်။

လက်ရှိခံစား နစ်နာနေရသူများကတော့
၁။ နိုင်ငံတော် – အခွန်ငွေရဖို့ စာရင်းစစ်ရှိပါရဲ့လား။
၂။ မိုဘိုင်းတာဝါတိုင် လုပ်ငန်းရှင်များ – အကြွေးနဲ့လုပ်ပြီး ငွေပြန်မရသေးမှုများ
၃။ တာဝါတိုင်အိမ်ရှင်များ – မြေငှားခမရမှု၊ ပတ်ဝန်းကျင်ညစ်ညမ်းမှုတို့ ဖြစ်ပါတယ်။

ပြည်သူလူထု – ဒါကတော့နောက်ဆုံးပိတ်တစ်ချက်နဲ့ အရေးကြီးဆုံး ဖြစ်ပါတယ်။ ဒါကတော့ တစ်ဦးချင်းနဲ့ပဲဆိုင်ပါတယ်။ မိုဘိုင်းဖုန်း ကုမ္ပဏီ (၃)ခုကတော့ နည်းမျိုးစုံနဲ့ ပြည်သူလူထု မိုဘိုင်းဖုန်းစွဲလမ်းအောင် လုပ်ပြီး ငွေကိုသဲ့ယူနေမှာပဲ ဖြစ်ပါတယ်။ စာရေးသူအနေနဲ့ကတော့ … ဘာမှမတတ်နိုင်တဲ့အချက်ပါ။

နိုင်ငံခြားသားများကတော့ လူလည်များဆိုတော့ မိုဘိုင်းဖုန်းကုမ္ပဏီရဲ့ လှည့်ဖျား ငွေသဲ့ယူမှုကို ကာကွယ်နိုင်ကြပါတယ်။ ဥပမာ ဖေ့ဘုတ်စွဲလမ်းမှုကြောင့် မိုဘိုင်းဖုန်းကို ပိုက်ဆံပေးနေရခြင်း…အစရှိသဖြင့်ပါ။ ဒါပေမဲ့ ဖုန်းဘယ်လိုသုံးရမလဲ နားမလည်တဲ့ပြည်သူများ ဖုန်းထဲငွေဖြည့်လိုက်ရင် စားသွားခံရတဲ့ ဒုက္ခ မြန်မာပြည်သူလူထု အထူးသဖြင့် ဆင်းရဲသား မသိနားမလည်သေးသူများ ခံနေရပါတယ်။ ခံနေဆဲဖြစ်ပါတယ်။ ခံနေရဦးမယ် ဖြစ်ပါတယ်။

  ၂၈-နိုဝင်ဘာ-၂၀၁၅


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts