မောင်မိုးသူ

ဘကြီးမိုး – ရွေးခံချင်ဦးဟဲ့ အမတ်

 
ဘကြီးမိုး – ရွေးခံချင်ဦးဟဲ့ အမတ်
(ကုမုဒြာ သတင်းဂျာနယ် ၊ ၁ ဒီဇင်ဘာ ၂၀၁၅)
(မိုးမခ) ဒီဇင်ဘာ ၂၊ ၂၀၁၅
ဘကြီးမိုးတို့ခေတ် ဂီတလောကထဲက ပျော်စရာကောင်းလှတဲ့ အဆိုတော် တစ်ယောက်ရှိပါတယ်။ သူကတော့ ဓနုဖြူစိုးသိန်း ပဲ ဖြစ်ပါတယ်။ ဓနုဖြူကြီးဟာ သီချင်းဆိုတာသာ ပျော်စရာကောင်းတာ မဟုတ်ပါဘူး။ လူကိုယ်တိုင် ဆက်ဆံရာမှာလည်း ပျော်စရာကောင်းလှပါတယ်။ ဦးကိုကိုတို့၊ စန္ဒရားလှထွတ်တို့၊ ဘကြီးမိုးတို့က ဓနုဖြူကြီးကို အမြဲစလေ့ရှိပါတယ်။ ဓနုဖြူကြီးဟာ သီချင်းတပုဒ်ကို ဘယ်တော့မှ နှစ်ခါပြန်မဆိုရဘူးလို့။ ဘာဖြစ်လို့လဲဆိုတော့ သူက သုံးလေးခါ ပြန်ဆိုရလို့ပါ။ ဓနုဖြူကြီးရဲ့ ` စာရေးကြီး ´ သီချင်းကို ဘကြီးမိုးနားထောင်ရတိုင်း ပြုံးစစဖြစ်ရပါတယ်။
 
` ယူချင်ဦးဟဲ့ မိန်းမ …ထိန်းမရတဲ့… ´ ဆိုတာလေ။
 
ဟဲ ဟဲ … အဲသည်စကားလုံးလေးကို သတိရစေတဲ့အကြောင်းကတော့ နိုဝင်ဘာလ ၂၈ ရက်နေ့ ရွှေဂုံတိုင် တော်ဝင်နှင်းဆီမှာ အင်န်အယ်လ်ဒီ နာယက ဦးတင်ဦးနဲ့ အင်န်အယ်လ်ဒီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့က အနိုင်ရလွှတ်တော်ကိုယ်စားလှယ်များနဲ့ တွေ့ဆုံစဉ် အင်န်အယ်လ်ဒီပါတီရေရှည်တည်မြဲစေရေး လျော့ရဲနေသော စည်းကမ်းများကို ပြင်ရမည်ဟု ဦးတင်ဦးက ပြောပါတယ်။
 
အင်န်အယ်လ်ဒီအမတ်များ လာဘ်မစားရ၊ အစိုးရ အဖွဲ့ဝင်ဖြစ်ရင် လစာတစ်ဝက်ပဲ ရမည်ဟု ဒေါ်အောင်ဆန်းစုကြည် သတိပေး။
 
ဥပဒေဖောက်ဖျက်မှုရှိပါက ဥပဒေအရ ရင်ဆိုင်ရမည်ဖြစ်ပြီး ထောင်ဝင်စာပဲ ပို့မည်ဟုပြော။
 
အမှိုက်ကောက်တဲ့အလုပ်လည်း လုပ်ကြရမယ်လို့ပြော။
 
အမှိုက်ဆိုလို့ ဘကြီးမိုးကိုယ်တိုင်ကိုယ်တွေ့ကြုံရတာလေးတစ်ခု ပြောချင်ပါတယ်။ ဒေါ်အောင်းဆန်းစုကြည်နဲ့ ပထမဆုံးအကြိမ် အထက်မြန်မာပြည်ခရီးစဉ်မှာ ဘကြီးမိုး လိုက်ပါရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဘကြီးမိုး ကားတစီးတည်းစီးရပါတယ်။ ကားမောင်းတဲ့သူက ပန်းသီးရဲ့ သူငယ်ချင်း မောင်မျိုးသိန်းပါ။ သားကြီးမောင်ပန်းသီးတို့၊မောင်မျိုးသိန်းတို့ဟာ ဒေါ်အောင်ဆန်းစုကြည် ခြံထဲကို အစောဆုံးရောက်သူများဖြစ်ပြီး ဒေါ်စုက မောင်မျိုးသိန်းကားကိုပဲ အမြဲစီးတာ ဖြစ်ပါတယ်။ ဘကြီးမိုးတို့က ကားမောင်းတဲ့ ဒရိုင်ဘာမောင်မျိုးသိန်းကို  ` တိုက်ဂါး ´လို့ နာမည်ပေးထားပါတယ်။ ဒေါ်စုက ဘာလို့ တိုက်ဂါး ခေါ်တာလဲဆိုတော့ တိုက်ဂါး ဟာ ကာတွန်းဦးအောင်ရှိန်ရဲ့ နာမည်ကျော် ဦးကပ်စီးရဲ့ ဒရိုင်ဘာနာမည်ဟုပြောတော့ ဒေါ်စုက သူ့ကို ဦးကပ်စီး လို့ ပြောတာပေါ့လေဆိုတော့ ဘကြီးမိုးတို့က ဒေါ်စုမှာ ပိုက်ဆံတပြားမှ မရှိတာဆိုတော့ ရယ်ပါတယ်။
 
အဲသည်လို ကားတစီးတည်း ခရီးသွားစဉ်မှာ ဒေါ်စုက နောက်ခန်းက ထိုင်ပြီးဘကြီးမိုးက  ရှေ့ခန်း မောင်မျိုးသိန်းနဲ့ အတူထိုင်ရပါတယ်။ ဒေါ်စုနဲ့အတူ ခရီးသွားရတော့ ဘကြီးမိုးတယောက် ကိုယ်ရေးကိုယ်တာ ဆုံးရှုံးမှု နှစ်ခု ရှိပါတယ်။ အဲဒါက ကွမ်းမစားရတာနဲ့ စီးကရက် မသောက်ရတာ ဖြစ်ပါတယ်။
 
ကိုယ်ရေးကိုယ်တာ ဆုံးရှုံးမှုကိုတော့ ဘကြီးမိုး ဒေါ်စုကို လေးစားတဲ့အတွက် ခံသာပါတယ်။ လိုက်နာနိုင်ပါတယ်။ ဒါပေမဲ့ ခရီးရှည်ကြီး ကားမောင်းရတဲ့ တိုက်ဂါး၊ အဲလေ မောင်မျိုးသိန်းကိုတော့ အိပ်မငိုက်စေဖို့ အချဉ်ထုပ်တို့ဘာတို့ ဘကြီးမိုးဆောင်ထားပြီး သူ့ကို ပလပ်စတစ်အိတ်ဖောက်ပြီး မက်မန်းပေါင်းတို့ဘာတို့ မောင်မျိုးသိန်းကို ကျွေးရပါတယ်။ ပြီးနောက် ပလပ်စတစ်အိတ်ခွံကို ကားမှန်ကို ချပြီး လွှင့်ပစ်မယ်ဆိုတော့ နောက်ခန်းက ဒေါ်စုက ` ဆရာမိုး အမှိုက်ကို အပြင်မှာ မလွှင့်ပစ်ပါနဲ့၊ ဒီမှာ အမှိုက်ပုံးလုပ်ထားပါတယ်´ ဆိုပြီး နောက်ခန်းမှာ သူလုပ်ထားတဲ့ အမှိုက်ပုံးပလပ်စတစ်အိတ်ကလေးကို ပြပါတယ်။
 
ဟိုင်းဝေး အဝေးပြေးလမ်းကြီး လူသူလေးပါးမရှိတဲ့ နေရာမှာ ဘကြီးမိုးက ပလပ်စတစ်အိတ်ခွံကလေး အပြင်လွှင့်ပစ်မလို့ လုပ်တာကို ဒေါ်စုပြောတာနဲ့ ဒေါ်စု လုပ်ထားတဲ့ အမှိုက်ပုံးထဲ ထည့်လိုက်ရပါတယ်။ ဩော် စည်းကမ်းဆိုတာ လူသူမရှိတဲ့ လမ်းမကြီးပေါ်မှာတောင် စည်းကမ်းတကျ နေထိုင်လုပ်ကိုင်ကြရတာပါကလားလို့ ဘကြီးမိုး နားလည်လိုက်ရပါတယ်။
  တစ်ချိန်တည်းမှာ စင်ကာပူ ခေါင်းဆောင် လီကွမ်ယု ဟာ အမှိုက်ကို စည်းကမ်းတကျပစ်ရမယ်ဆိုတဲ့ တင်းကျပ်တဲ့ စည်းကမ်း စထုတ်ခဲ့တဲ့ စင်ကာပူနိုင်ငံဟာ ယခုတော့ အမှိုက် လုံးဝမရှိတဲ့ နိုင်ငံဖြစ်လာတာကိုလည်း ပြေးပြီး သတိရမိပါတယ်။ လူ့စည်းကမ်းဆိုတာ ကိုယ်တိုင်က အမှိုက်ပစ်တာကလေးကစပြီး လုပ်ရပါကလားလို့လည်း နားလည်လိုက်ရပါတယ်။ ဩော် ဒါကြောင့်လည်း ဒေါ်အောင်ဆန်းစုကြည်က သူ့ရဲ့  အရွေးခံ လွှတ်တော်ကိုယ်စားလှယ်များကို အမှိုက်ကောက်ဖို့ ညွှန်ကြားတာကိုးလို့ နားလည်ရပါတယ်။
 
ဒေါ်အောင်ဆန်းစုကြည်တို့ ဦးတင်ဦးတို့က သူတို့ရဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကို လူထုလိုလားတဲ့၊ လိုချင်တဲ့ ပြောင်းလဲမှုကို သိသိသာသာ ဆောင်ရွက်နိုင်တဲ့ အနေအထားရောက်အောင် လုပ်ဖို့၊ ကြိုးစားကြဖို့ ဦးတင်ဦးက တိုက်တွန်းပြီး ဒေါ်အောင်ဆန်းစုကြည်က အနိုင်ရ အင်န်အယ်လ်ဒီကိုယ်စားလှယ်များ ဥပဒေ ချိုးဖောက်ခြင်း ၊အဂတိလိုက်စားခြင်းကို လုပ်ဆောင်က ထောင်ဒဏ်ချမှတ်သည်အထိ အရေးယူမည်ဖြစ်ကြောင်း ပြောကြားပါတယ်။
 
အင်န်အယ်လ်ဒီကိုယ်စားလှယ်များ လေ့လာသင်ကြားစရာများကိုလည်း လေ့လာသင်ကြားကြရမယ်လို့ ညွှန်ကြားပါတယ်။
 
သည်မှာတင် ဓနုဖြူကြီးရဲ့  ` ယူချင်ဦးဟဲ့ မိန်းမ ´ သီချင်းစာသားကို ` အရွေးခံချင်ဦးဟဲ့ အမတ် ´ လို့ ဆောင်းပါးခေါင်းစဉ် တပ်လိုက်ရတာဖြစ်ပါတယ်။ 
 
၂၀၁၅ ရွေးကောက်ပွဲမှာ ဘကြီးမိုးရဲ့ ရဲဘော် စာရေးဆရာတွေဖြစ်တဲ့ ဝင်းထွဋ်ဇော်တို့၊ မောင်တင်သစ်တို့၊ ငြိမ်းသစ် တို့၊ မောင်လွင်မွန်(ကသာ)တို့၊ နေဘုန်းလတ် တို့ အရွေးခံကြတယ်လေ။ ဘကြီးမိုး ညီတွေ တူမတွေလိုဖြစ်တဲ့ ဦးအောင်သိန်းတို့၊ ကိုဇော်သိန်းတို့၊ မိကွန်ချမ်းတို့၊ မပြုံးတို့၊ သက်သက်ခိုင်တို့ မိုးကုတ်က ကိုပါလေးတို့ နိုင်ငံကျော်တို့ အားလုံးဟာ ဘကြီးမိုး ရဲ့ ဘော်ဒါတွေလေ။ သူတို့အားလုံးကို ဦးတင်ဦးတို့ ဒေါ်စုတို့က လျော့ရဲရဲ ပေါ့ဆဆ မလုပ်ဖို့ သတိပေးပြီး စည်းကမ်းတင်းကျပ်ဖို့ ပြောတာဖြစ်လေတော့ ဘကြီးမိုး ဝမ်းသာလိုက်တာ။
 
လွှတ်တော်ကိုယ်စားလှယ်တွေ ကိုယ်တိုင်က စည်းကမ်းလိုက်နာကြပြီး အရည်အချင်းတွေ ပြည့်သထက်ပြည့်အောင် ဖြည့်ဆည်းရမှာ ဖြစ်တယ်ဆိုတာ ကိုယ်စားလှယ်များ သိနားလည်ကြဖို့ ဖြစ်တာမို့ ဘကြီးမိုး ဝမ်းသာရတာပါ။ ဒါ့ပြင် ရွေးကောက်ပွဲ စည်းရုံးရေးကာလအတွင်း ပြည်သူလူထုကို ပြုံးရွှင် ချစ်ခင်စွာ ပြောဆိုဆက်ဆံခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့ရဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကျတော့ တင်းကျပ်တဲ့စည်းကမ်း၊ လုပ်ရမယ့်တာဝန်တွေကို အမြဲမပြတ် စောင့်ကြပ်ကြည့်ရှုမယ့် သတိပေးစကား ပြောတာကြောင့် ဒေါ်အောင်ဆန်းစုကြည်ဟာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီးပါကလားလို့ ဒေါ်စုရဲ့ ဖခင် ဗိုလ်ချုပ်ကို သတိရစေပါတယ်။
 
ကဲကိုယ့်လူတို့ တိုင်းပြည်တာဝန်ကို ထမ်းဖို့၊ အပြောင်းအလဲကို ဖြစ်မြောက်အောင်လုပ်ဖို့၊ စည်းကမ်းရှိဖို့၊တာဝန်သိဖို့ ၊စွမ်းရည်ပြည့်တဲ့ တိုင်းပြည်သားကောင်းသမီးကောင်းများ ဖြစ်အောင် ကြိုးစားကြပါလို့ ဘကြီးမိုးကလည်း ခင်မင်ချစ်ခင်စွာ တိုက်တွန်းလိုက်ရပါတယ်။ ဦးတင်ဦး၊ ဒေါ်အောင်ဆန်းစုကြည်တို့ကိုလည်း အထူးကျေးဇူးတင်ပါတယ်။
 
ကိုယ့်လူတို့ကိုတော့ ` အရွေးခံချင်ဦး ဟဲ့ အမတ် ´ လို့ သတိပေး ခေါင်းလောင်းထိုးလိုက်ရပါတယ်။
ရွေးခံချင်ဦး အမတ် နှင့် ဘကြီးမိုးပါ။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts