စာစုတို

သားဝင့်ကျော် – အိမ်ပြန်ချိန် နွေရောက်ပီလား

 သားဝင့်ကျော် – အိမ်ပြန်ချိန် နွေရောက်ပီလား
(မိုးမခ) နိုဝင်ဘာ ၃၀၊ ၂၀၁၅

နွေဦးကိုရောက်ချင်ကြရော့မယ်။
အထူးသဖြင့် ၂၀၁၆ နွေဦးကို ရောက်ချင်ရော့မယ်။
အိမ်ပြန်ချင်ပီ အမေ
အကြောင်းအမျိုးမျိုးကြောင့် အဝေးတစ်နေရာ ရောက်နေရသူတွေအတွက် အိမ်ပြန်ချင်နေကြပြီပေါ့။

အမေကလည်းမျှော်
အမေကပဲခေါ်နေပြီလေ……
ဖြစ်နိုင်ရင် အထုပ်အပိုးတောင်မယူဘဲ ဒုန်းဆိုင်းပြန်ချင်ကြသူတွေ ဒုနဲ့ဒေးပေါ့။
အိမ်ပြန်ပြီး မရှိအတူ ရှိအတူ ငပိရည်အလယ်တယ်ထား တို့စရာအစုံနဲ့ မိသားစုတွေစုံစုံညီညီ ကျိတ်လိုက်ရရင်….

မျှော်သူကလည်း မျှော်
ခေါ်သူကလည်းခေါ်
လက်မတို့ခင်ကထဲက ငိုချင်ရက်မျက်ရည်ခိုတဲ့သူကခိုနဲ့

ဒီနေရာမှာ အာဏာရှင်ခေတ်ကယောက္ခမလောင်း လေသံနဲ့ လူကြမ်းစကားဆိုရတော့မည်။
”ဟဲ့ ညည်းအကောင် နိုင်ငံခြားပြန်က ကားပါမှာလား Tv ပါလား အောက်စက်ပါလား”
”မပါရင်တော့အေ အိမ်ပေါ်ခေါ်မတင်လာနဲ့ အိမ်သာပြည့်တာ အဖတ်တင်တယ်”

ခုလည်း ဒီလေသံမျိုးပဲ ကျနော်ဆိုရတော့မည်။
သို့သော် ကျနော့်မှာ မတော်လောဘမပါပါ။
စေတနာမှန်နဲ့ဆိုပါရစေ။
ဘယ်လိုကြောင့်ပဲ နိုင်ငံရပ်ခြားမှာရောက်နေပါစေ ပြန်လာချင်ရင်
#အတတ်ပညာပါလား
#ရင်းနှီးမြှုပ်နှံဖို့ ဒေါ်လာ ယူရိုပါလား
အဲဒါတွေမပါဘဲနဲ့တော့ ပြန်မလာကြပါနဲ့လို့ ယောက္ခမဆန်ဆန်ဆိုပါရစေ။

အစကနေစပြီးတည်ဆောက်ရမယ့် ကျနော်တို့နိုင်ငံ့အတွက်
အတတ်ပညာလိုတယ် ငွေလိုတယ်
ဘယ်အဆင့်နဲ့ပဲ သွားလုပ်လုပ် ကိုယ်လုပ်တဲ့အဆင့်မှာရှိတဲ့ အတတ်ပညာကို နိုင်ငံတကာစံနဲ့ တတ်အောင် ကျွမ်းကျင်အောင်
ယူပြီး ပြန်လာခဲ့ကြပါ။
ဒါမှမဟုတ် မသုံးမဖြုန်းပဲ နိုင်ငံတကာငွေထုပ်ကြီးပိုက်ပြီး ပြန်လာခဲ့ကြပါ။
ဘာမှမပါဘဲနဲ့တော့……

ကျနော်တို့မှာ ရှိရင်းစွဲ အိမ်သာတွေတောင်ပြည့်လျှံနေတာမို့
အတတ်ပညာအပြည့် ရင်းနှီးငွေအပြည့်နဲ့ သားရွှေအိုးထမ်းပြီး ပြန်လာမယ့်သူတွေကို မျှော်နေပါ့မယ်။

အိမ်ပြန်ချိန် နွေရောက်ပြီ …အမေ

သားဝင့်ကျော်
၃၀ နိုဝင်ဘာ၂၀၁၅


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts