ကဗျာ

လင်းသက်ငြိမ် – အိမ်ဝေး

 
လင်းသက်ငြိမ် – အိမ်ဝေး
(မိုးမခ) နိုဝင်ဘာ ၃၀၊ ၂၀၁၅
မျှော်လင့်ခြင်းများရဲ့တစ်ဖက်မှာ
မမျှော်လင့်ထားတဲ့အရာတွေရှိသလား
အိပ်မက်လှလှလေးတွေနဲ့
ပျော်ရွှင်ခြင်းကို ခဏမျက်လုံးမှိတ်ထားတယ်
မိသားစုအသိုက်အမြုံလေးဆီအတွေးကို
လေတံခွန်လို လွင့်တင်လို့
ကျွန်တော်ဖျားနေတယ် မေမေ။

မနက်ဖြန်ကို အတောက်ပဆုံးချယ်သဖို့
ဒီကနေ့ ပင်ပန်းနွမ်းနယ်မှုများ
ဒဏ်ရာများ
ချွေးသီးချွေးပေါက်များ…
လူချင်းအတူတူမှာ ကျွန်တော်က
ဘာအတွက်ခက်ခဲနေရတာလဲ
တက်ရမယ့်လှေကားထစ်တွေကိုကြည့်ရင်း ဘယ်ကိုမှမရောက်သေးမှန်းသိရတော့
ညည အိပ်မပျော်တာ အထူးအဆန်း
မဟုတ်တော့ပါဘူးမေမေ။

တဖြည်းဖြည်း ကျယ်လောင်လာတဲ့
နာရီသံများ
တစ်နေ့တစ်ခြား ကြီးရင့်လာတဲ့
အသက်အပိုင်းအခြား
ရွှေအိုးထမ်းပြန်လာမယ့်သားကို
မျှော်နေပါသလားမေမေ ။

တစ်နေ့ ထမင်းနှစ်နပ်စားသလို
စိတ်ဓာတ်လည်း ပုံမှန်ကျတယ်
အောင်မြင်မှု ခေါင်နေတဲ့ရပ်ဝန်းမှာ
အကောင်းမြင်ဝါဒတွေ
မပေါက်ရောက်တတ်ကြဘူး မေမေ။

တရားလည်း နှလုံးမသွင်းနိုင်
အမှားလည်း လုံးလုံးမကင်းနိုင်
အလိုလိုနေရင်း မာကျောကျွတ်ဆတ်
အလကားနေရင်း သွေးဆူ
အားလုံးကို ရန်သူလို့မမြင်မိအောင်
မနည်းထိန်းထားရတယ်
ခါးပါတယ် မေမေ
တကယ့်ကို ခါးသီးလွန်းလှပါတယ်
ဘဝမှာ ကဗျာမရှိခဲ့ရင်
ကျွန်တော် သေဆုံးနေတာကြာပေါ။့

ဘာကို အရသာခံရမှာလဲ
ဘယ်လို ရောင့်ရဲတင်းတိမ်ရမှာလဲ
လာလာပြီးတရားပြကြသူတိုင်းရဲ့လည်ပင်းထက်မှာ အနည်းဆုံး
ရွှေ ၁ ကျပ်သားလောက်ဆင်ယင်လို့
ရယ်ရတယ်  မေမေ
မျက်ရည်ထွက်အောင်ကို ရယ်ရတယ်
နည်းနည်းပေးပြီးများများ
ကျေးဇူးဆပ်ခံချင်တဲ့လူများ
တစ်ခုမှမပေးဘဲ
အလကားရတဲ့လေအတွက်
ကျေးဇူးအတင်ခံချင်သူများ
အရူးတွေပါ
အရူးကြီးတွေပါ  မေမေရယ်…။

မြွေမျိုခံရတဲ့ အံစာတုံးကစားနည်းလို
အစက ပြန်ပြန်စနေရတာနဲ့
အပေါ်လည်း မရောက်နိုင်
အောက်မှာလည်း မပျော်နိုင်
ဘာကိုမှ ဆုပ်ကိုင်စရာလည်းမရှိဘူး
အရှိကို အရှိအတိုင်း လက်ခံဖို့
သုည ကသိုဏ်းရှုနေရတယ်
အားလုံးဟာ အမေနဲ့ခွဲခဲ့ရတဲ့
သားတွေချည်းပဲတဲ့
အစ်ကိုတစ်ယောက်ပြောဖူးတယ်
သူလည်းပျော်မှာမဟုတ်သလို
ကျွန်တော်လည်း မပျော်ပါဘူး မေမေ။

ငွေသံကြေးသံတွေကိုနားစွင့်ရင်း
အောင်မြင်မှုကို အမျှင်မပြတ်မျှော်ရင်း
မနက်ဖြန်ကို ချွေးစက်တွေနဲ့ဲ့ထုဆစ်လို့
တစ်ခုခုကိုပေးဆပ်ခဲ့ရမှတော့
တစ်ခုခုပြန်ရမယ်ဆိုတာ
ကျွန်တော်ယုံတယ် ။

ဒဏ်ရာဒဏ်ချက်တွေက
အနာဂတ်ကို တံတားထိုးခြင်းပဲ
ရှုံးနိမ့်ခြင်းတွေက ရင့်ကျက်မှုတွေကိုပေးတယ်
ကျွန်တော်မလျှော့နိုင်ဘူး
ဘယ်တော့မှ မလျှော့ဘူး
ဒီထက် လျှော့စရာလည်း
မရှိတော့ပါဘူးမေမေ။

အိမ်ပြန်ချိန်တွေက ခက်ခဲသလား
ဘာမှမလွယ်ကူတဲ့ဘဝမှာ
စိတ်ကူးတွေကို ဇက်ကြိုးမလျှော့နိုင်ဘူး
မေမေ့ပန်းခင်းလေးထဲ
ကျွန်တော်ပြန်လာမယ့်နေ့
တိမ်တွေက သိုက်စာပေးထားတယ်
ကျွန်တော်ပြန်လာခဲ့ပါ့မယ်
ကျွန်တော်ပြန်လာခဲ့ပါ့မယ် မေမေ ။   ။

လင်းသက်ငြိမ်
ဇူလိုင် ၇၊ ၂၀၁၄
သိန္နီမြို့


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts