ကိုသစ် (သီတဂူ) – တို့ချစ်တဲ့ကမ္ဘာ …. တို့ချစ်တဲ့ကလေးတွေ

 ကိုသစ် (သီတဂူ) – တို့ချစ်တဲ့ကမ္ဘာ …. တို့ချစ်တဲ့ကလေးတွေ
(မိုးမခ) နိုဝင်ဘာ ၃၀၊ ၂၀၁၅
(၁)
ကလေးငယ်များကို ညှင်းပန်းနှိပ်စက်ခြင်းနဲ့အတူ အခုတလော ကျယ်ကျယ်လောင်လောင် ကြားနေရသည့်သတင်းများတွင် ကလေးငယ်များပျောက်ဆုံးသတင်းသည်လည်း တစ်ခုအပါအ၀င်ဖြစ်ပါသည်။ မြန်မာပြည်ရှိ မြို့ကြီး မြို့ငယ် နေရာအတော် များများမှာ ကလေးငယ်များပျောက်ဆုံးနေကြောင်းသတင်းတွေကို ခပ်စိပ်စိပ်ကလေး တွေ့မြင်နေရပါသည်။ ရန်ကုန်မှာ ကလေးငယ်တွေ ပျောက်သတဲ့၊ မန္တလေးမှာ ကလေးငယ်တွေပျောက်သတဲ့၊ တောင်ငူမှာလည်း ကလေးငယ်တွေ ပျောက် သတဲ့၊ ကော့သောင်း၊ မြစ်ကြီးနား စသဖြင့်စသဖြင့် အထက်အောက်အရပ်ဒေသ တော်တော်များများမှာ ကလေးပျောက်ဆုံး သတင်းတွေကို တွေ့မြင်ကြားသိနေပြီဖြစ်ရာ ဒါတွေအားလုံးက ကျွန်တော်တို့ ကလေးငယ်တွေရဲ့ အနာဂတ်တွေကို ခြိမ်း ခြောက်လာပြီဖြစ်သည်။

ပျောက်ဆုံးကလေးငယ်များတွင် လူမမယ်အရွယ်ကလေး ငယ်ငယ်လေးများပါသလို ခြောက်တန်းခုနှစ်တန်း ဆယ်တန်း စသည့် အလယ်တန်း အထက်တန်းကျောင်းသား ကျောင်းသူကလေးများပင် ပါဝင်နေသည်ဖြစ်ရာ မိဘပြည်သူများအနေဖြင့် အေးအေးလူလူ စိတ်သက်သက်သာသာ မနေနိုင်ရှာကြတော့။ မိမိတို့ကလေးငယ်တွေကို အရိပ်တကြည့်ကြည့် ကြည့်နေရ သည့်အဖြစ်မျိုးဖြစ်သည်။ သည်ကိစ္စကို ပေါ့ပေါ့တန်တန် သဘောထား၍မဖြစ်ကြောင်း မိဘပြည်သူတွေက ပိုမိုသိရှိကြပါ လိမ့်မည်။ လမ်းထိပ်ကဈေးဆိုင်ကို ဖရောင်းတိုင် အ၀ယ်လွှတ်လိုက်ရာက အိမ်ပြန်မရောက်လာသည့် ကလေးငယ်များ ရှိနေ သလို ကျောင်းသွား၊ ကျူရှင်သွား၊ ခရီးသွားလာရာမှ မိသားစုနဲ့ ဝေးကွာသွားသော ကလေးငယ်လေးများလည်းရှိပါသည်။ မိဘတွေအနေနဲ့ ကိုယ့်ရင်သွေးလေး ဘယ်အချိန်ဘယ်လိုပျောက်သွားမလဲဆိုတဲ့ စိုးရိမ်စိတ်နဲ့ အသက်ရှင်သန်နေရတာ ပင်ပမ်းလိုက်တာ။ ကျွန်တော်တို့ကလေးငယ်တွေရဲ့ အနာဂတ်က မလုံခြုံတော့ဘူးတဲ့လား။

(၂)
လူငယ်ဆိုတာ တိုင်းပြည်ရဲ့ အနာဂတ်၊ တိုင်းပြည်ရဲ့ ဖန်တီးရှင်ကလေးတွေဆိုရင် ဘယ်အကြောင်းကြောင့်နဲ့မှ ကျွန်တော်တို့ တိုင်းပြည်ရဲ့ အနာဂတ်ကလေးတွေကို အညွှန့်မချိုးသင့်တော့။  မြို့ပြတွေမှာ ကလေးငယ်ကလေးတွေကို လစ်ရင်လစ်သလို ကောက်ချီသွားတတ်တဲ့ လူတွေရှိပါသည်။ ဂိုဏ်းဖွဲ့ပြီး ကလေးခိုးနေတဲ့ အဖွဲ့တွေပင် ရှိသတဲ့။ ကျွန်တော်တို့လူမျိုးများသည် ဗြဟ္မစိုရ်တရားများဖြင့် ကြီးပြင်းခဲ့ကြသူများ ဖြစ်ပါသည်။ ငွေကြေးရုပ်ဝတ္ထုပစ္စည်း၊ အသိပညာနှင့် ကိုယ်ကျင့်တရားတို့ ဆင်းရဲ ချို့တဲ့လာခြင်းနှင့်အတူ ကျွန်တော်တို့ရဲ့ ပုံရိပ်ကောင်းကလေးတွေကလည်း တဖြည်းဖြည်းနှင့် လုံးပါးပါးခဲ့ရပါတော့သည်။

ထေရ၀ါဒဗုဒ္ဓအဆုံးအမအောက်တွင် မေတ္တာတရားနှင့် ရှင်သန်ပြည့်ဝသည့်လူမျိုး၊ ကရုဏာတရားဖြင့် လူလားမြောက်ခဲ့သည့် လူမျိုးတို့ နေထိုင်ရှင်သန်ကြီးပြင်းရာ ရပ်ဝန်းတစ်ခုတွင် အခုတော့ ကလေးငယ်တွေကို ရောင်းစား၊ အလွဲသုံးစားပြုလုပ် လာ ပြီဖြစ်ရာ သည်လုပ်ရပ်က ကျွန်တော်တို့တိုင်းပြည် ကျွန်တော်တို့လူမျိုးရဲ့ ဂုဏ်သိက္ခာတွေကိုေ၀၀ါးသွားစေပါတော့သည်။ ကလေးခိုးပြီး ရောင်းစားတဲ့လုပ်ရပ်တွေကို ရပ်တန်းကရပ်ဖို့ ကျွန်တော်တို့အားလုံးမှာ တာဝန်ရှိပါသည်။ ကျွန်တော်တို့အား လုံး ပေါ့ပေါ့တန်တန် မနေသင့်တော့။ သတိဝီရိယ ရှိကြပါစို့ရဲ့။

(၃)
မြန်မာတနိုင်ငံလုံးမှာရှိသည့် မိဘမဲ့ကလေးများစောင့်ရှောက်ရေးကျောင်းများရဲ့ လိပ်စာ များစာရင်းကို ဖတ်လိုက်ရပါသည်။ ကျောင်းပေါင်းတစ်ရာကျော်ရှိသော အဲဒီစာရင်းကြီး ကိုကြည့်ပြီး ကြေကွဲရပါသည်။ ဗြဟ္မစိုရ်တရားနဲ့ ရှင်သန်နေထိုင်ကြသည့် ကျနော်တို့ တိုင်းပြည်တွင် မိဘမဲ့ကလေးစောင့်ရှောက်ရေးကျောင်းက တစ်ရာကျော်ရှိသတဲ့။ နေပြည်တော် သာဝတ္ထိမြို့ရှိ စမတောင်တွင် မိဘမဲ့ကလေးများ စောင့်ရှောက်ရေးဂေဟာ တစ်ခုရှိပါသည်။ မိဘမဲ့နဲ့စွန့်ပစ်ခံ ကလေးတွေကို ကူညီစောင့် ရှောက်နေတဲ့ အဲဒီလူငယ် ဖွံ့ဖြိုးရေးဥယျာဉ်မှာ ကလေးပေါင်း အယောက်ငါးရာကျော်ရှိပြီး “နို့ဘူးတိုက်အရွယ်ကပဲ အ ယောက်သုံးဆယ်ကျော်ရှိသည်ဟု သိရပါသည်။ သည်လိုကျောင်းမျိုးတွေ နေရာအများအပြားမှာ ရှိပါသည်။

လူကုန်ကူးသူတွေ၊ ကလေးခိုးဂိုဏ်းတွေကြောင့် မိဘမဲ့ကလေးဘ၀ကို ရောက်သွားကြသည့်ကလေးငယ်တွေရှိသလို တစ်ချို့ကလေးငယ်ကလေးများမှာမူ သူတို့မိဘတွေကိုယ်တိုင်က လမ်းဘေးစွန့်ပစ်ထားခဲ့လို့ မိဘမဲ့ကလေးဘ၀ ရောက်သွား ကြရသည့်ကလေးငယ်တွေလည်း ရှိပါသည်။ မိဘများသည် ဗြဟ္မာကြီးများနှင့်တူကြောင်း သင်ယူမှတ်သားခဲ့ဖူးပါသည်။ သို့သော် မိမိတို့ရဲ့ လသားအရွယ် လူမမယ်ရင် သွေးငယ် ကလေးများကို အမှိုက်ကလေးတစ်ခုလို လမ်းဘေးစွန့်ပစ်ထားခဲ့သော၊ မိဘမဲ့ဂေဟာတွင် ကိုယ့်ရင်သွေးဖြစ်ပါလျှက် ကိုယ့်သားသမီးမဟုတ်သယောင်၊ ကောက်ရသလိုလိုနဲ့ လာရောက်အပ်နှံနေ ကြသော၊ ပိုက်ဆံငွေးကြေးတို့ဖြင့် ကိုယ်တိုင်ရောင်းစားနေကြသော တစ်ချို့တစ်ချို့သောမိဘများကို တွေ့မြင်နေရပြီဖြစ် သည်။

မိဘမဲ့ကလေးဟုဆိုရာ၌ မိဘရင်ခွင်အောက်ကနေ မသမာသူ လူတစ်ချို့ရဲ့ လက်ချက်ကြောင့် မိဘမဲ့ကလေးဘ၀ရောက်သွား ကြသူတွေရှိသလို မိဘတွေကိုယ်တိုင်က တာဝန်မယူလိုသည့်အတွက် စွန့်ပစ်ခံခဲ့ရသောကြောင့် မိဘမဲ့ကလေးဘ၀ကို အ လိုလို ရောက်သွားကြသည့် ကလေးများလည်းရှိပါသည်။ အများစုမှာ ငွေကြေးပစ္စည်း ချို့တဲ့ဆင်းရဲမှုကြောင့်ဟု ဆင်းရဲခြင်း ကို ရိုးမယ်ဖွဲ့ တရားခံရှာကြသူတွေလည်း ရှိပါသည်။ သို့သော် ဘ၀ရဲ့ ဆင်းရဲမွဲတေမှုတစ်ခုတည်းကြောင့်တော့ မိဘမဲ့ ကလေးဘ၀ကို ရောက်သွားကြသည်မဟုတ်ပါလေ။ တစ်ချို့ငွေကြေးပြည့်စုံကြွယ်ဝသည့် အသိုင်းအ၀ိုင်း တွင် အရှက်တရား၊ သူတို့ဖွင့်ဆိုသောဂုဏ်သိက္ခာနှင့် တာဝန်ယူစိတ်ကင်းမဲ့ခြင်း ကြောင့်လည်း မိဘမဲ့ဘ၀ရောက်သွားကြသူတွေရှိပါသည်။

မိဘနှစ်ပါးက ငွေကြေးလည်း ချမ်းသာပါရဲ့၊ အသက်ထင်ရှားလည်း ရှိပါရဲ့။ သို့တိုင် ကျွန်တော်တို့ရဲ့ ကလေးငယ်တွေမှာ မိဘနှစ်ပါး၏ရင်ခွင်အောက်တွင် ရှင်သန်ခွင့် မရရှာပါလေ။ မိဘတွေရဲ့ အတ္တနှင့် မာနတို့ ပေါင်းစုံမိကြသောအခါ ကျွန်တော်တို့ ကလေးငယ်ကလေးတွေရဲ့စိတ်မှာ ဒဏ်ရာတွေ ထင်ကျန်နေရစ်ပါတော့သည်။ နုနုငယ်ငယ် ကလေးငယ်ကလေးတွေရဲ့ စိတ်ကို ဒဏ်ရာတွေနဲ့ မကြီးပြင်းစေချင်တော့ပါ။ ဘာပဲဖြစ်ဖြစ် အစွန့်ပစ်ခံမိဘမဲ့ကလေးဦးရေ တိုးလားခြင်းဟာ ကျွန်တော်တို့ တိုင်းပြည်၊ ကျွန်တော်တို့လူမျိုးအတွက် အနှုတ်လက္ခဏာတစ်ခုပင်ဖြစ်ပါသည်။ ဆင်ခြင်တုံတရားများဖြင့် အုံနဲ့ကျင်းနဲ့ ထိန်း ကြောင်းကြဖို့ လိုအပ်ပါသည်။

(၄)
“နင်ကလည်းဟာ။ စိတ်ညစ်မနေစမ်းပါနဲ့။ ငါဆို တစ်ခါမှ စိတ်မညစ်ဖူးဘူး။ ပြီးခဲ့လတုန်းက ငါ့အဖေ လာလည်တယ်။ ငါ့ဆီမှာ နှစ်ပတ်လောက်နေသွားတယ်။ ငါ့အဖေက အရက်ကြိုက်တော့ သူကြိုက်တဲ့အရက်လည်း ငါဝယ်တိုက်လိုက်တာပဲ။ အခုဆို ငါစုထားတဲ့ ပိုက်ဆံတစ်သောင်းကျော်က ပြောင်သွားပြီ။ ဘာဖြစ်လဲ၊ ကိုယ့်အဖေကို ကျွေးတာပဲ။”

အထက်ပါစကားများသည် ရန်ကင်းမြို့နယ် ကံဘဲဘူတာရုံလမ်းရှိ အမှိုက်ပုံတစ်ခုတွင် အမှိုက်ကောက်နေကြသည့် ဆယ့် နှစ်နှစ်သားအရွယ် ကလေးမကလေးများ သူတို့ အချင်းချင်းပြောနေကြသော စကားများဖြစ်ပါသည်။ သူတို့လေးတွေ ဘ၀ကို ဘယ်လို ရုန်းကန်ဖြတ်သန်းနေကြသည်ဆိုတာကို ကျွန်တော်ကောင်းကောင်းသိပါသည်။

“သားက ဒီလဘက်ရည်ဆိုင်မှာ လုပ်တာ တစ်နှစ်ကျော်ပြီ။ အသက်ကလား။ အခု ၁၁ နှစ်လို့ ပြောတာပဲ။ အဖေ့ကိုတော့ မမြင်ဖူးဘူးလေ တစ်ခါမှ။ အမေကတော့ တစ်လတစ်ခါ ဒီဆိုင်ကိုလာတယ်။ ပိုက်ဆံလာယူတာလေ။ သားလုပ်ခပေါ့။ တစ်လ ကို သုံးသောင်းခွဲရတယ်။ ဆိုင်အိပ် ဆိုင်စားပေါ့။ ဒီလိုပဲပေါ့။ ညမိုးချုပ်ဆို အရမ်းအိပ်ချင်တယ်။ ဒါပေမယ့် ဆိုင်မှာ လူကုန် အောင်စောင့်ပြီး လူကုန်ဆိုင်ပိတ်မှ အိပ်ရတယ်။ ကျောင်းလား။ နေချင်တာပေါ့။ မနေဖူးဘူး တစ်ခါမှ။ စာလည်း ဖတ်တတ် ချင်တယ်။ သင်ပေးမလို့လား။ ဒီဆိုင်မှာ လာသင်ပေးလေ။ ရေနွေးကြမ်း လိုက်ပွဲအလကားတိုက်မယ်။” သူမျက်နှာကို ငေး ကြည့်နေရင်း စိတ်မကောင်းဖြစ်နေမိသည်။

မဟာရန်ကုန်မြို့တွင် ကျနော်ဆုံခဲ့ကြုံခဲ့ဘူးသော သည်လိုကလေးငယ်တွေ အများကြီး ရှိခဲ့ဘူးပါသည်။ အဲဒီအချိန်တွေ တုန်းကတော့ ကျောက်ကုန်း၊ ကံဘဲ့၊ ကမ္ဘာအေး၊ တ၀ိုက်က လဘက်ရည်ဆိုင်တိုင်းမှာလိုလို ငုတ်တုတ်ထိုင်ပြီး ဘ၀အမော တွေကို တခုတ်တရ ငေးမောကြည့်နေခဲ့မိသည့်အချိန်။ သူတို့လေးတွေ ဘယ်လိုအိပ် ဘယ်လိုစားကြရသည်ဆိုတာကို ကျွန်တော်ကောင်းကောင်း သိပါသည်။

ခင်ဗျားတို့ သတိပြုမိမလားပဲ။ ဒီလိုအခြေအနေဆိုးရောက်နေသည့် ကလေးငယ်များတွင် ဘာသာခြားကလေးငယ်များ မရှိသလောက် အတော်နည်းပါးသည်ဟု ကျွန်တော်ထင်ပါသည်။ ကျွန်တော်ကိုယ်တိုင်က ခရီးသွားနည်း၍ မတွေ့ဘူးတာ လည်း ဖြစ်နိုင်ပါသည်။ စာဖတ်သူရော တွေ့မိပါရဲ့လား။

(၅)
ဒီကနေ့ကစလို့ နောင်တက်လာမယ့် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သည့် NLD အစိုးရသစ်ဆီမှာ တောင်းဆိုချင်တာ တစ်ခုရှိပါသည်။ ၎င်းမှာ ကလေးများကို အကာအကွယ်ပေးသည့် ဥပဒေပြဋ္ဌာန်းပြီး ကလေးလုပ်သား ပပျောက်းရေးနှင့် က လေးငယ်တိုင်း ပညာမသင်မနေရစီမံကိန်းကို အစွမ်းကုန်ကြိုးစားပေးဖို့ပင် ဖြစ်ပါသည်။ အကြောင်းအမျိုးမျိုးကြောင့် ကံမ ကောင်း အကြောင်းမလှလို့ လမ်းဘေးရောက်သွားရသည့်တိုင် သူတို့လေးတွေရဲ့ ပညာရေးကို လျစ်လျူရှုမထားစေချင်ပါ။ ကလေးတွေအတွက် စာသင်စာဖတ် ပညာရေးကိုတော့ ဂရုတစိုက်နဲ့ စီမံကိန်းချ၊ အလေးအနက်ထားပြီး လုပ်ပေးစေချင် ပါသည်။

လဘက်ရည်ဆိုင်တွေမှာ ကလေးငယ်တွေကို စားပွဲထိုးခိုင်းစေခြင်းမျိုး မရှိသင့်တော့။ မထားသင့်တော့။ ကလေးငယ်များ စားပွဲထိုး မပြုလုပ်သင့်တော့ပါ။ ကလေးငယ်တွေရဲ့အားကို ဖြုန်းတီးခြင်းသည် တိုင်းပြည်နဲ့လူမျိုးရဲ့အားကို ဖြုန်းတီးပစ်ခြင်း ပင်ဖြစ်ပါ သည်။ လဘက်ရည်သောက်ချင်သူတွေအနေနဲ့ လဘက်ရည်ဆိုင်ကိုရောက်တဲ့အခါ ကောင်တာမှာ ကိုယ်တိုင်မှာပါ။ ပိုက်ဆံတစ်ခါတည်းပေး စားစရာကိုယ်တိုင်ယူပြီး သုံးဆောင်တဲ့စနစ်ကို ကျင့်သုံးသင့်ပါသည်။

လဘက်ရည်ဆိုင်မှာ ကလေးငယ်တွေ မရှိသင့်တော့။ ဘီယာဆိုင်တွေမှာ ကလေး ငယ်တွေ မထားသင့်တော့။ ညကလပ်တွေ၊ စင်တင်တွေမှာလည်း ကလေးငယ်တွေကို မခိုင်းစေသင့်တော့။ စစ်တပ်ထဲမှာလည်း ကလေးစစ်သားများ မရှိသင့်တော့။ ကလေးငယ်တွေရဲ့အားကို ဖြုန်းတီးခြင်းသည် တိုင်းပြည်နဲ့ လူမျိုးရဲ့အားကို ဖြုန်းတီးပစ်ခြင်းပင်ဖြစ်ပါသည်။

ကျွန်တော်တို့ချစ်ရတဲ့ကမ္ဘာ၊ ကျွန်တော်တို့ ချစ်ရမယ့်ကလေးတွေရဲ့ အနာဂတ်ကို ထုဆစ်ဖို့ဆိုသည်မှာ ကျွန်တော်တို့ အားလုံးတွင် တာဝန်ရှိပါသည်။ ကျွန်တော်တို့ ချစ်ရတဲ့ကမ္ဘာ၊ ကျွန်တော်တို့ ချစ်ရတဲ့ကလေးတွေရဲ့စိတ်ကို အနာတရ မဖြစ်ရ လေအောင် ကျွန်တော်တို့ အုံနဲ့ကျင်းနဲ့ ကြိုးစားကြရအောင်ဗျာ။ လူထုခေါင်းဆောင်လည်းပါ၊ NLD လည်းပါ၊ ခင်ဗျားလည်း ပါ၊ ကျွန်တော်လည်း ပါ၊ အားလုံးပါဝင်ကြစို့ဗျာ။ ကျွန်တော်တို့ကလေးတွေရဲ့ မနက်ဖြန်တွေလှပပါမှ ကျွန်တော်တို့တိုင်းပြည် ကျွန်တော်တို့လူမျိုးရဲ့ မနက်ဖြန်တွေက လှပလာမှာမဟုတ်လား။

ကိုသစ် (သီတဂူ)
နိုဝင်ဘာ ၂၈၊ ၂၀၁၅