သူတို့အာဘော် မောင်မောင်စိုး

မောင်မောင်စိုး – ဒေါ်အောင်ဆန်းစုကြည် နှင့် ပြန်လည်ဆန်းသစ်စေမည့် တရုတ်မြန်မာဆက်ဆံရေး

NLD Chairperson Facebook – 18th NOV, SUU with Chinese Diplomat
 
မောင်မောင်စိုး – ဒေါ်အောင်ဆန်းစုကြည် နှင့် ပြန်လည်ဆန်းသစ်စေမည့် တရုတ်မြန်မာဆက်ဆံရေး
(မိုးမခ) နိုဝင်ဘာ ၂၀၊၂၀၁၅
ပြန်လည်ဆန်းသစ်ခြင်း
 
၁၄ ရာစုနှင့် ၁၆ ရာစုအတွင်း ဥရောပတလွှား၌အနုပညာ စာပေ၌ စိတ်ဝင်စားမှုပြန်လည်ဆန်းသစ်လာခြင်းကို ရီနေဆင့် renaissance ဟုခေါ်ဝေါ်သုံးစွဲကြသည်။ အလားတူ ရှိပြီးသား အဟောင်းများကို ပြန်လည်စိတ်ဝင်စားလာခြင်းကို ရီနေဆင့် ဝါ ပြန်လည်ဆန်းသစ်ခြင်းဟု ဆိုကြသည်။
 
လက်ရှိတရုတ်မြန်မာ ဆက်ဆံရေးသည်လည်းအကူးအပြောင်း ကာလ ပေါ်ပေါက်လာမည့် အစိုးရသစ်နှင့်အတူပြန်လည်ဆန်းသစ် လာမည်လောဆိုသည်မှာ စိတ်ဝင်စားဖွယ်ရာဖြစ်သည်။
 
ဒေါ်အောင်ဆန်းကြည်၏ ပြန်လည်ဆန်းသစ်ချက်
 
၂၀၁၅ ရွေးကောက်ပွဲတွင် ပြတ်ပြတ်သားသားအနိုင်ရခဲ့သော NLD ပါတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၁၅ နိုဝင်ဘာ ၁၈ ရက်နေ့တွင်မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စတာ ဟုန်လျန်အား လက်ခံတွေ့ဆုံခဲ့သည်။ ထိုအတူ၂၀၁၅ နိုဝင်ဘာ ၁၇ ရက်နေ့ကလည်း တရုတ်ပြည် ရှင်ဟွာသတင်းဌာနှင့် တွေ့ဆုံခဲသည်။ ထိုသို့တွေ့ဆုံရာတွင် တရုတ်မြန်မာဆက်ဆံရေး နှင့်ပတ်သက်သည့် သူမ၏ သဘောထားအား ရှင်းလင်းစွာ ဖေါ်ပြခဲ့သည်။
 
ဒေါ်အောင်ဆန်းစုကြည်က တရုတ်မြန်မာဆက်ဆံရေးနှင့် ပတ်သက်ပြီး တရုတ်ပြည်သည်အိမ်နီးနားချင်းနိုင်ငံဖြစ်သည့် အတွက် အဝေးကြီးကနိုင်ငံများထက် အများကြီး ပို၍ သိမ်မွေ့ ကြောင်း ထိုသို့ပို၍ သိမ်မွေ့သည့်အတွက် တရုတ်မြန်မာဆက်ဆံရေးကို သိပ်ပြီး အလေးထားကြောင်း ဤဆက်ဆံဆံရေးကို ကောင်းကောင်းမွန်မွန် တိတိကျကျ ထိထိရောက်ရောက်ဆက်ဆံသွားမည်ဖြစ်ကြောင်းမိတ်ဆွေဖြစ်ရေးကို နှစ်ဖက်စလုံးမှ လိုလား လျင်မဖြစ်စရာအကြောင်းမရှိဟု ဖေါ်ပြခဲ့သည်။
 
ထို့ပြင် တရုတ်မြန်မာဆက်ဆံရေးပုံစံနှင့်ပတ်သက်ပြီး မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးစဉ်က တည်းက ကျင့်သုံးခဲ့သော နိုင်ငံခြားရေးမူဝါဒကို ဆက်လက်ကျင့်သုံးသွားမည်ဟု ဆိုခဲ့သည်။ မြန်မာနိုင်ငံ လွတ်လပ်ရေးရစဉ်က ကျင့်သုံးခဲ့သော နိုင်ငံခြားရေးမူဝါဒသည် မြန်မာနိုင်ငံနှင့် သင့်တော်ပြီး ဆက်လက်၍ အောင်မြင် အောင်ဆောင်ရွက်နိုင်မည်ဟု ယုံကြည်ကြောင်း  တရုတ်ပြည်ရှင်ဟွာသတင်းဌာနနှင့် သီးသန့်အင်တာဗျူးတွင် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့သည်။
 
ထိုအင်တာဗျူးတွင် ဒေါ်စုက မြန်မာလွတ်လပ်ရေးရစဉ် ကျင့်သုံး ခဲ့သည့် နိုင်ငံခြားရေးဝါဒသည် မှန်ကန်သည်ဟုထင်ကြောင်း ၎င်းမူဝါဒအရ အိမ်နီးချင်းများနှင့် ရင်းရင်းနှီးနှီးခင်ခင်မင်မင် ကောင်းကောင်းမွန်မွန် ဆက်ဆံသကဲ့သို့ အဝေးကမိတ် ဆွေများနှင့်လည်း ရင်းရင်းနှီးနှီး ခင်ခင်မင်မင်ဆက်ဆံကြောင်း မည်သူကိုမှ ရန်သူကဲ့သို့ သဘောမထားဘဲ မိတ်ဆွေကဲ့သို့ သဘောထားကြောင်း ထို့ကြောင့် မြန်မာနိုင်ငံသည် ထိုအချိန်က ကမ္ဘာနိုင်ငံ အတော်များများ၏ စေတနာကို ရရှိခဲ့သည်ဟု ထောက်ပြခဲ့ပါသည်။


ဤသို့ဖြင့် ဒေါ်စုသည် အစိုးရသစ် တရုတ်နှင့်ပတ်သက်သည့် နိုင်ငံခြားရေးပေါ်လစီကို ဖေါ်ပြရာတွင် လွတ်လပ်ရေးခေတ်ဦး မြန်မာ့နိုင်ငံခြားရေးပေါ်လစီအား ပြန်လည်ဆန်းသစ် ဖေါ်ညွှန်း ခဲ့သည်။သူမ၏ ဤသို့ပြန်လည်ဆန်းသစ် ဖေါ်ပြမှုသည် နှစ် ၆၀ ကျော်ကြာခဲ့ပြီဖြစ်သော တရုတ်မြန်မာဆက်ဆံရေးအား ပြန်လည်သုံးသပ်ကြစေရန်လည်း ရည်ညွှန်းသည်ဟု ဆိုရပေမည်။


သို့ဖြစ်ရာ ၂၀၁၅ ဇွန်လ အတွင်း ဒေါ်အောင်ဆန်းစုကြည် တရုတ်ပြည်သို့မသွားမှီ ဇွန် ၈ ၊ ၂၀၁၅ နေ့က တရုတ်မြန်မာ ဆက်ဆံရေးနှင့် ပတ်သက် ပြီး မိမိရေးသား သုံးသပ်ခဲ့သည်ကို ပြန်လည်ဖေါ်ပြ၍ သုံးသပ်ရပေတော့မည်။
 
နွေးထွေးသော ဆက်ဆံရေး
 
၁၉၄၈ မြန်မာပြည်လွတ်လပ်ရေးရအပြီးနှင့် မရှေးမနှောင်း ၁၉၄၉ တွင် လွတ်မြောက်လာသော တရုတ်ပြည်သစ်တို့ စတင်ခဲ့သော နှစ်နိုင်ငံဆက်ဆံရေးသည် နွေးထွေးသော ဆက်ဆံရေးဟုဆိုရမည်။ မြန်မာဝန်ကြီးချုပ် ဦးနုနှင့် တရုတ် ဝန်ကြီးချုပ် ကြိုးအင်းလိုင် Zhou En-lai တို့လက်တွဲ၍ နှစ်နိုင်ငံ ချစ်ကြည်ရေးအပြင် တတိယကမ္ဘာနှင့်ပတ်သက် ၍၎င်း ကြားနေရေးနှင့်ပတ်သက်၍၎င်း အတူတကွကြိုးစားခဲ့ကြသည်။ ဘန်ဒေါင်းညီလာခံမူများ ချမှတ်နိုင်ခဲ့သည်။
 
မြန်မာပြည်တွင်းမှ တစုံတရာ မကြေလည်သူအချို့ရှိသော် ငြားလည်း တရုတ်မြန်မာနယ်စပ်တိုင်းထွာရေးကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့သည်။ ထို့ပြင် မြန်မာပြည်တွင်း ကျူးကျော်လာခဲ့သော တရုတ်ကူမင်တန်အရေးနှင့်ပတ်သက်ပြီး နှစ်နိုင်ငံပူးပေါင်း၍ အကောင်းဆုံးဆောင်ရွက်နိုင်ခဲ့သည်။ ကူမင်တန်ပြသနာကြောင့် နှစ်နိုင်ငံကြားနားလည်မှုလွဲမှားခြင်း မဖြစ်ပေါ်ခဲ့ပေ။
 
ထိုစဉ်က သမိုင်းပုံရိပ်များကို ပြန်ကြည့်လျင်တရုတ်ဝန်ကြီးချုပ် ကြိုးအင်းလိုင်ဇနီး မဒမ်တိန့်ရင်ချောင်တို့၏ ပြုံးရွှင်နွေးထွေးသော ပုံရိပ်များကိုမြန်မာလူထုကြားတွင် တွေ့ရမည်ဖြစ်သည်။ထို့ကြောင့်ပင် မြန်မာ့လွတ်လပ်ရေးခေတ်ဦး တရုတ်မြန်မာ နှစ်နိုင်ငံဆက်ဆံရေးကို နွေးထွေးသောဆက်ဆံရေးဟုဆိုရမည်။ တရုတ်နှင့်မြန်မာကြားအစိုးရပိုင်းရော ပြည်သူလူထုပါ မှန်တမ်းကျသောဆက်ဆံရေးရှိသည်ဟု ဆိုရမည်။
 
ခက်ထန်အေးခဲသော ဆက်ဆံရေး
 
၁၉၆၆ တွင် တရုတ်ပြည်၌ ပစ္စည်းမဲ့ယဉ်ကျေးမှုတော်လှန် ရေး ပေါ်ပေါက်လာသည်။ တရုတ်ကွန်မြူနစ်ပါတီမှ နိုင်ငံတကာ ရှိအဖိနှိပ်ခံပြည်သူများနှင့် ပစ္စည်းမဲ့များသွေးစည်းကြဟု ကြွေးကြော်လိုက်သည်။ ဘေကျင်းအသံမှ နေဝင်း စန်းယု စစ်အစိုးရအား ရှုံ့ချပစ်တင်လိုက်ပြှီး ဗမာပြည်ကွန်မြူနစ်ပါတီအား ဗြောင်အတိအလင်း ထောက်ခံလိုက်သည်။
 
ဦးနေဝင်းအစိုးရကလည်း တရုတ်ဆန့်ကျင်ရေးလှုံ့ဆော်ပြီး တရုတ်ဗမာအရေးအခင်းဖြင့် တုန့်ပြန်လိုက်သည်။ လူထု ဆန္ဒပြပွဲများ ဖန်တီးပြီး မော်စီတုန်းနှင့် သခင်သန်းထွန်း အလောင်းပုံဖျာလိပ်များမီးရှို့ပြသည်။ နိုင်ငံရပ်ခြားတရုတ်များအား မောင်းထုတ်ကြသည်။ အရှိန်မြင့်လာတော့ မြန်မာမျိုးချစ်လူငယ် တစ်ဦးဆိုသူက တရုတ်သံရုံးအတွင်းဝင်၍ သံဝန်ထမ်းတစ်ဦးအား သတ်ဖြတ်ခဲ့သည်။ မြန်မာပြည်ရှိ စီမံကိန်းများတွင် လာရောက် လုပ်ကိုင်နေကြသောတရုတ်များပါ ကွယ်လွန်သူ သံဝန်ထမ်း၏ အရိုးပြာအိုးထမ်းကာ တရုတ်ပြည်ပြန်ကြသည်။ မြန်မာတို့က လူမျိုးရေးအဓိကရုဏ်းဖြင့် တုန့်ပြန်သည်ကို တရုတ်တို့ကလည်း “ဥက္ကဌကြီးမော် ကျန်းမာပါစေ ။ ဝမ်စွေ့ ဝမ်စွေ့” ဖြင့် တုန့်ပြန်ခဲ့ကြသည်။
 
ဥက္ကဌကြီးမော် ကျန်းမာပါစေ ဟူသောကြွေး ကြော်သံသည် အကောင်အထည်မဲ့မဟုတ်ခဲ့။ ၁၉၆၈ တွင် တရုတ်တို့၏ အားပေးထောက်ခံမှုအပြည့်ဖြင့် ဗမာပြည်ကွန်မြူနစ်ပါတီ အရှေ့မြောက်စစ်ဒေသသည် အရှိန်ဟုန်ပြင်းစွာ ပေါ်ပေါက်ခဲ့သည်။ ထိုအခါ တရုတ်မြန်မာဆက်ဆံရေးသည်  ပိုမိုအေးခဲတင်းမာလာခဲ့သည်။
 
ရန်ကုန်တရုတ်သံရုံးသည်လည်း အစိုးရပိုင်းနှင့်ဆက်ဆံရေး ရော့ကျခဲ့ပြီး တရုတ်သံရုံးဧည့်ခံပွဲများတွင် လက်ဝဲသမားများ ဒီမိုကရက်များ စစ်အစိုးရဆန့်ကျင်သူများ ပြည့်နှက်နေခဲ့သည်။ ဥက္ကဌမော်သြဝါဒ အဘိဓမ္မာဆောင်းပါးလေးစောင် မော်စီတုန်းလက်ရွေးစင်ကျမ်းတို့သည် တရုတ်သံရုံး မှ ဒလဟောစီးဆင်းနေသည့်ကာလဟု ဆိုရမည်။ ပြင်းထန်သော နိုင်ငံရေးအယူအဆပေါ်တွင် အခြေတည်ထားသော နိုင်ငံခြားရေး ဆက်ဆံမှုဟုဆိုရမည်။
 
သို့သော် ၁၉၇၅ နောက် တရုတ်ပြည်တွင်း ငြိမ်သက်လာပြီး နောက်မြန်မာနှင့်ဆက်ဆံရေးကောင်းကြအောင် တရုတ်တို့ကြိုးစားလာသကဲ့သို့ မြန်မာစစ်အစိုးရကလည်း တရုတ်နှင့် ဆက်ဆံရေးကောင်းအောင်ကြိုးစားပြီး ဗကပတို့အား ရှင်းနိုင်ရန် ပစ်မှတ်ထားလာသည်။ နှစ်ဖက်စလုံး အပြောင်းအလဲများ စတင်လာသော်လည်း သိသိသာသာပြောင်းလဲလာခြင်းတော့ မရှိပေ။ ဤအေးခဲသောဆက်ဆံရေးသည် ၁၉၈၉ ခုနှစ် အရှေ့မြောက်တွင်ဗကပတို့ ပြိုကွဲအပြီး ၁၉၉၀ တွင် ရွေးကောက်ပွဲ အနိုင်ရသူ NLD ခေါင်းဆောင်များအား တရုတ်သံအမတ် သွားရောက်တွေ့ဆုံအပြီးတွင် တဆစ်ချိုးပြောင်းလဲ သွားတော့ သည်။
 
ရေပေါ်ဆီဆက်ဆံရေး
 
တရုတ်ပြည်တွင် တိန့်ရှောက်ဖင်တက်လာပြီးနောက် သဘော တရားများပြောင်းလဲသွားသည်။ ရဲရဲတောက်လက်ဝဲ သဘော တရားများနေရာတွင် ကြောင်ဖြူဖြစ်ဖြစ် ကြောင်မဲဖြစ်ဖြစ် ကြွက်ဖမ်း နိုင်ဘို့ဘဲတို့ ချမ်းသာတာ မင်္ဂလာပါတို့ဖြစ်လာသည်။
 
၁၉၉၀ နောက်ပိုင်း မြန်မာပြည်အခြေအနေလည်း များစွာ ပြောင်းလည်းသွားသည်။ မဆလအစိုးရပြုတ်၍ နဝတ အစိုးရတက်နေသည်။ ၁၉၉၀ရွေးကောက်ပွဲလုပ်ပေးသော်လည်း အာဏာလွှဲပေးမည့်ပုံ မပေါ်ချေ။ ထို့ပြင် နယ်စပ်ရှိ တရုတ်ကျောထောက်နောက်ခံပြု ဗကပတို့ပြိုကွဲပြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များဖြစ်သွားသည်။ထိုအခြေအနေတွင် တရုတ်နယ်စပ်တည်ငြိမ်ရေးနှင့် တရုတ်စီးပွါးရေးကို ရှေ့ရှု၍ စစ်အစိုးရနှင့် ပူးပေါင်းဆက်ဆံရန် ဆုံးဖြတ်လိုက်ပုံရသည်။
 
ဤကာလသည် ၂၀၁၀ အထိဖြစ်သည်။တရုတ် တို့နှင့် မြန်မာစစ်အစိုးရတို့ ဆက်ဆံရေးလွန်စွာကောင်းတော့၏။ ဒီမိုကရေစီလှုပ်ရှားသူများကိုပြင်းပြင်းထန်ထန်နှိပ်ကွပ်ခြင်းကြောင့် အနောက်အုပ်စုနှင့် နိုင်ငံတကာ ၏ဝိုင်းပယ်ခြင်း နိုင်ငံရေး၊ စီးပွါးရေး၊  စစ်ရေးအရ ပိတ်ဆို့ခြင်းများခံနေရသည့် မြန်မာ စစ်အစိုးရကို တရုတ်တို့ ဘက်စုံက ပံ့ပိုးပေးသည်။ UN တွင် ဗီတိုသုံးပေးသည်။ စစ်လက်နက်ပစ္စည်းရောင်းပေးသည်။ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းဖွင့်ပေးသည်။ဤသို့ဖြင့် မြန်မာစစ်အစိုးရအတွက် အသက်ရှူပေါက်ချောင်စေခဲ့သည်။

အပြန်အလှန်အားဖြင့် မြန်မာစစ်အစိုးရကလည်းတရုတ်တို့အား မြန်မာ့မြေပေါ်မြေအောက် သယံဇာတများ ထုတ်ယူခွင့်ပေးခဲ့သည်။ တရုတ်တို့လည်းစီးပွါးဖြစ်ကြသည်။ မြန်မာစစ်ခေါင်းဆောင်များလည်း စီးပွါးဖြစ်ကြသည်။ မြန်မာလူထုကတော့ စိတ်ပျက်ခဲ့ကြသည်။

 
ရန်ကုန်တရုတ်သံရုံးဧည့်ခံပွဲများတွင်လည်း ယခင်ရှိနေခဲ့သော အစိုးရအတိုက်အခံ လက်ဝဲသမားများ၊ ဒီမိုကရက်များနေရာတွင် စစ်ဗိုလ်များ အစိုးရအရာရှိများနှင့် အစားထိုးလိုက်သည်။ ဤသို့ဖြင့် ရေပေါ်ဆီဆက်ဆံရေးတရပ်တရပ် တရုတ်နှင့်မြန်မာကြား ပေါ်ပေါက်ခဲ့သည်။ ဤရေပေါ်ဆီဆက်ဆံရေးကာလ သည် မြန်မာပြည်သူများအဖို့ တရုတ်အား လွန်စွာစိတ်ပျက်ခဲ့ရသော ကာလလည်းဖြစ်သည်။ အစိုးရချင်းဆက်ဆံရေးကောင်းမွန်အောင်လုပ်သည်ဟု တရုတ်တို့ မည်သို့ပင် ဆင်ခြေပေးသည်ဖြစ်စေ တရုတ်တို၏ ၎င်းဆက်ဆံရေးသည် မြန်မာပြည်သူများနှင့် ဆက်ဆံရေးကို မျက်ကွယ်ပြုထားသည်သာဖြစ်သည်။ စစ်အစိုးရအား ကျားကန်ပေးသည်ဟုသာ မြန်မာပြည်သူတို့နားလည်ခဲ့ကြသည်။ သို့ဖြစ်ရာ ၎င်းရေပေါ်ဆီ ဆက်ဆံရေးကာလသည် တရုတ်နှင့် မြန်မာပြည်သူများကြား ဆက်ဆံရေးအဆိုးဝါးဆုံးကာလလည်း ဖြစ်သည်။
 
အိုးရွဲ့နှင့်စလောင်းရွဲ့
 
ထိုသို့တရုတ်မြန်မာနှစ်နိုင်ငံကြား မြန်မာ့လွတ်လပ်ရေးခေတ်ဦး နွေးထွေးသောဆက်ဆံရေးမှသည် ဝမ်နည်းစိတ်မကောင်းဖွယ်ရာ ဆက်ဆံရေးများပေါ်လာသည်မှာ တရုတ်တို့၏ ပေါ်လစီ အပြောင်းအလဲကြောင့်သာမက မြန်မာ့ပြည်တွင်းအပြောင်းအလဲ နှင့်သက်ဆိုင်သည်။ မြန်မာပြည်တွင်း၌ လည်း လွတ်လပ်ရေး ခေတ်ဦး ပါလီမန်ဒီမိုကရေစီစနစ်သည် ၁၉၆၂ ခုနှစ်တွင် ပျက်သုန်းပြီး စစ်အာဏာရှင်စနစ်သို့ ကူးပြောင်းသွားခြင်းကြောင့်ဖြစ်သည်။
 
ထို့ကြောင့်လည်း တရုတ်မြန်မာနှစ်နိုင်ငံဆက်ဆံရေးတွင် အေးခဲသောဆက်ဆံရေး ရေပေါ်ဆီဆက်ဆံရေးများ ပေါ်ပေါက် လာခြင်းမှာ အိုးရွဲ့နှင့် စလောင်းရွဲ့တို့၏ အဆင်မပြေလှသော ဇတ်လမ်းဟုဆိုရပေမည်။
 
ပြန်လည်ဆန်းသစ်ကြမည်လော
 
ထို့ကြောင့်ပင် ဒေါ်အောင်ဆန်းစုကြည်ကတရုတ်မြန်မာ ဆက်ဆံရေးနှင့် ပတ်သက်ပြီး လွတ်လပ်ရေးခေတ်ဦးက တရုတ်မြန်မာနှစ်နိုင်ငံတို့၏နွေးထွေးသောဆက်ဆံရေးကို ပြန်လည်ရည်ညွှန်းလိုက်ခြင်းဖြစ်သည်။ အစိုးရချင်းရော ပြည်သူချင်းရောပါ နွေးထွေးသောဆက်ဆံရေးကို ထူထောင်ရန် ရည်ညွှန်းလိုက်သည်။ နှစ် ၆၀ ကျော်ကြာခဲ့ပြီ ဖြစ်သော တရုတ်မြန်မာနှစ်နိုင်ငံ ဆက်ဆံရေးကို ပြန်လည်သုံးသပ်ဝေဖန်စေဖို့ဖြစ်သည်။တရုတ်တို့အနေနှင့် တရုတ်မြန်မာဆက်ဆံရေးတွင် အစိုးရချင်းဆက်ဆံရေးကောင်းမွန်စေရုံသာမက မြန်မာ

လူထုအား မျက်နှာပြုပြီး မြန်မာလူထုနှင့်ပါ ချစ်ကြည်သော ဆက်ဆံရေးတရပ် တည်ဆောက်ရန် ညွှန်ပြလိုက်ခြင်းဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်က နှစ်နိုင်ငံအစိုးရချင်းရော ပြည်သူချင်းပါ နွေးထွေးသောဆက်ဆံရေးကို ပြန်လည်ဆန်းသစ်ရန် ထောက်ပြရည်ညွှန်း လိုက်သည်သာမက နှစ်နိုင်ငံ နှစ်ဖက်စလုံးကဆန္ဒရှိလျင် အဆိုပါဆက်ဆံရေးကို အောင်အောင်မြင်မြင်ထူထောင်နိုင်မည်ဟုဆိုလိုက်ပါသည်။

 

 

သို့ဖြစ်ရာ ၂၀၁၆ အစိုးရသစ်နှင့်အတူ တရုတ်မြန်မာနှစ်နိုင်ငံ ပြည်သူနှစ်ရပ်ကြား နွေးထွေးသောဆက်ဆံရေးတရပ် ပြန်လည်ဆန်းသစ်ပေါ်ထွက်လာနိုင်ဖွယ်ရှိသည်ဟု ဆိုရပေမည်။ ထိုသို့သောဆက်ဆံရေးတရပ် ပြန်လည်ဆန်းသစ်နိုင်မှသာလျင် တရုတ်မြန်မာ ပြည်သူများကြား အပြန်အကျိုးရှိမှုနှင့် အပြန်အလှန်ယုံကြည်မှု ပေါ်ထွက်လာပေ လိမ့်မည်။ နှစ်နိုင်ံငံကြား မှန်တမ်းကျသည့် အခြေအနေတရပ် ပေါ်ထွက်လာပေလိမ့်မည်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts