ဇင်လင်း သူတို့အာဘော်

ဇင်လင်း ● ပို၍ခိုင်မာသော ပို၍ကျယ်ဝန်းသော အများကို ပို၍နေရာပေးနိုင်သော ပြည်ထောင်စုဆီသို့ ရှေးရှုရေး

ဇင်လင်း ● ပို၍ခိုင်မာသော ပို၍ကျယ်ဝန်းသော အများကို ပို၍နေရာပေးနိုင်သော ပြည်ထောင်စုဆီသို့ ရှေးရှုရေး
(မိုးမခ) ဖေဖော်ဝါရီ ၂၀၊ ၂၀၁၈

ယနေ့မြန်မာနိုင်ငံသည် နိုင်ငံရေးပြဿနာ အခက်အခဲပေါင်းများစွာနှင့် ရင်ဆိုင်နေရသည်။ လက်ရှိပြည်သူလူထုက ရွေးချယ် တင်မြှောက်လိုက်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရအနေဖြင့် ယင်းပြဿနာအထွေထွေကို အမွေခံ ယူခဲ့ရသဖြင့် ကံမကောင်းအကြောင်းမလှဟုဆိုနိုင်သော်လည်း၊ အဂတိမလိုက်စားဘဲ နောင်လာနောက်သားတို့အား ကောင်းမွေပေးနိုင် စေရန် အလုပ် လုပ်ပြခွင့်ရသဖြင့် ကံကောင်းသည်ဟုဆိုလျှင်လည်း မမှားပါ။ လက်ရှိအစိုးရအနေဖြင့် ခံယူခဲ့ရသည့် အဆိုးဆုံး အမွေမှာ ပြည်တွင်းစစ်ဖြစ်သည်။ အဆိုးဆုံးအမွေဟုဆိုရသည်မှာ ဤပြည်တွင်းစစ်သည် မြန်မာနိုင်ငံအား ဘက်ပေါင်းစုံ ခေတ်နောက်ကျစေခဲ့ရုံမက၊ ဆင်းရဲမွဲတေမှု နာတာရှည်ရောဂါကိုလည်း စွဲကပ်စေသောကြောင့် ဖြစ်သည်။ အရင်းအမြစ်ကို ပြန်စစ်လျှင် ၁၉၄၇ ပင်လုံစာချုပ်ပါ ကတိကဝတ်များကို အစိုးရအဆက်ဆက် အကောင်အထည်မဖေါ်ခဲ့ခြင်းကြောင့်ဟု ယေဘုယျကောက်ချက်ချနိုင်သည်။

ယခုအခါ လက်ရှိအစိုးရကို ဦးစီးဦးဆောင်လျှက်ရှိသူ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က “ပင်လုံ စာ ချုပ်ဟာ စက္ကူပေါ်မှာရေးထိုးထားတဲ့စာချုပ်မျှသာ မဟုတ်ပါဘူး၊ ပြည်ထောင်စုကို လိုလားယုံကြည်တဲ့ မြန်မာနိုင်ငံသူ နိုင်ငံ သားအားလုံးက သွေးစည်းညီညွတ်မှုကို ယုံကြည်ပါတယ်ဆိုပြီး နှလုံးသားပေါ်မှာထိုးထားတဲ့ ကတိကဝတ်ဖြစ်ပါတယ်” ဟု ဖေါ်ညွှန်းပြောဆိုထားသည်။

ထို့အပြင် ဤ ၂ဝ၁၈ ခုနှစ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ (၇၁) နှစ်မြောက် ပြည်ထောင်စုနေ့ကြေညာချက် အပိုဒ် ၃ တွင် “ယခုအခါ ကျွန်ုပ်တို့သည် ၂ဝ ရာစုပင်လုံညီလာခံကြီးက မပြီးပြတ်ခဲ့သော ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု ထူထောင်ရေး အစဉ်အလာကောင်းများအား ယနေ့ ၂၁ ရာစုပင်လုံညီလာခံကြီးက လက်ဆင့်ကမ်းလျှက် အဖြေကောင်းနှင့် ရလဒ်ကောင်း များရရှိအောင် ကြိုးကုပ်အားထုတ်လျှက်ရှိပါသည်။ အမျိုးသားပြန်လည်သင့်မြတ်ရေး၏ အခြေခံအနှစ်သာရမှာ တိုင်းရင်းသား လူမျိုးပေါင်းစုံ သွေးစည်းညီညွတ်ရေး၊ ငြိမ်းချမ်းရေးနှင့် ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံသစ် ပေါ်ထွန်းရေးဖြစ် သည်။ ပြည်သူ လူထုလက်မခံသော ဒီမိုကရေစီ စံချိန်စံညွှန်းများနှင့် မကိုက်ညီသော ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကိုလည်း တစ်ဆက်တည်း လုံ့လပြုကြမည်ဖြစ်သည်” စသည်ဖြင့် ဖေါ်ပြထားသည်ကို တွေ့ရသည်။ လက်ရှိ ဖြစ်ပေါ်နေသော နိုင်ငံရေးအကျပ်အတည်းများနှင့်တကွ ပြည်တွင်းစစ်ချုပ်ငြိမ်းရေးအတွက် ပဓာနပြဿနာမှာ ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင် ဆင်ရေးဖြစ်သဖြင့် NLD ၏ ယခုကြေညာချက်သည် အလွန်လျှော်ကန်သင့်မြတ်သည်ဟု ယူဆပါသည်။

၎င်းကြေညာချက် အပိုဒ် ၄ တွင် ဒေါ်အောင်ဆန်းစုကြည်၏ လမ်းညွှန်မူဝါဒစကားတစ်ရပ်ကို အောက်ပါအတိုင်း ဖေါ်ပြထား သည်။ “တခါတလေ ကျွန်မတို့ရဲ့မူဝါဒတွေ၊ ကျွန်မတို့ရဲ့အနေအထားတွေ၊ ကျွန်မတို့ရဲ့ရပ်တည်ချက်တွေနဲ့ပတ် သက်ပြီး အားလုံးကနေ သဘောတူချင်မှ သဘောတူမှာပါ။ ဒီလိုသဘောတူမှု မရှိတာကလည်း သဘာဝကျပါတယ်။ ဒီလိုပဲ ဖြစ်တတ် ပါတယ်။ ဒါပေမယ့် ဒီလိုသဘောတူညီမှုတွေ မရှိတာကြောင့် ကျွန်မညီညွတ်မှု မရှာနိုင်ဘူးဆိုတာလည်း မဟုတ်ပါဘူး။ ဒီမ တူ ကွဲပြားတာတွေကို လက်ခံပြီးတော့ မတူကွဲပြားမှုတွေကို အင်အားတစ်ခုလိုဖြစ်အောင် ကျွန်မတို့ လက်တွဲသွားမယ်ဆို ရင် ပိုပြီးတော့ ခိုင်မာတဲ့ ပြည်ထောင်စု၊ ပိုပြီးတော့ ကျယ်ဝန်းတဲ့ ပြည်ထောင်စု၊ ပိုပြီးတော့ အများကို နေရာပေးနိုင်တဲ့ ပြည် ထောင်စုမျိုးဖြစ်သွားမယ်လို့ ကျွန်မမျှော်လင့်ပါတယ်”

ဒေါ်အောင်ဆန်းစုကြည်၏ လမ်းညွှန်မူဝါဒစကားနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ပြည်ထောင်စုနေ့ကြေညာချက်တို့ တွင် ဖေါ်ပြထားသော အဓိဋ္ဌာန်ပြုချက်များကို လေ့လာကြည့်ပါက ပြည်တွင်းစစ် ရပ်စဲရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေး အလား အလာကောင်းများကို မြင်နေရသည်။ သို့ရာတွင် မြန်မာနိုင်ငံ၏ လက်ရှိအကျပ်အတည်းမှာ နိုင်ငံရေးအကျပ် အတည်း ဖြစ်သည်ကို ဘက်အသီးသီး အဖွဲ့အစည်းအသီးသီးက နားလည်လက်ခံဖို့လည်း လိုအပ်သည်။ လက်ငင်း အခြေအနေတွင် ပြဿနာကို ဖြေရှင်းရာ၌ စစ်ရေးနည်းနှင့် နိုင်ငံရေးနည်းတို့ အားပြိုင်နေဆဲ ဖြစ်သည်။ အထူးသဖြင့် တပ်တော်အပါအဝင် လက်နက်ကိုင်အဖွဲ့အစည်းအသီးသီးတွင် ဦးဆောင်နေကြသူ ပုဂ္ဂိုလ်များအနေဖြင့် ပြည်တွင်း ငြိမ်းချမ်းရေးအတွက် အဖြေသည် စစ်အင်အားမဟုတ်၊ မတူသောသဘောထားအမြင်များကို ဆွေးနွေးညှိနှိုင်းခြင်း (Political Dialogue) ဖြစ်သည် ကို လက်ခံကြရန် လိုပေသည်။ အများ၏ အမြင်သဘောထားများနှင့် ညှိနှိုင်းမှု မပြုနိုင်ဘဲ တရားသေ တစ်ယူသန်အစွဲများကို ဖက်တွယ်နေပါက ငြိမ်းချမ်းရေးနှင့် အလှမ်းဝေးနေမည်ကို သတိချပ်သင့်ကြသည်။ ငြိမ်းချမ်းရေးအတွက် အပေးအယူအလျှော့ အတင်း မလုပ်နိုင်လျှင် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့်တကွ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးလည်း သဲထဲရေသွန်ဖြစ်သွားမည်ကို ဆင်ခြင်သင့်သည်။

ပြည်တွင်းစစ် သက်တမ်းသည် နှစ်ပေါင်း ၇ဝ ရှိခဲ့ပြီ။ အစိုးရအဆက်ဆက် မူဝါဒ နည်းလမ်း အဖုံဖုံဖြင့် ကြိုးပမ်းခဲ့ကြသော် လည်း ညှိနှိုင်းမရနိုင်ကြသဖြင့် စစ်မီးမငြိမ်းနိုင်ဖြစ်ခဲ့သည်။ စစ်ပွဲ ကြာလေ တိုင်းပြည်နှင့် လူထုနစ်နာလေ ဖြစ်လျှက်ရှိသည်။ ပြည်တွင်းစစ်ကို လက်နက်ကိုင် ဖက်ပြိုင်တိုင်ခိုက်နေကြသော အင်အားစုများ အနေဖြင့် ပုဂ္ဂလဓိဋ္ဌာန်မူဝါဒများကိုသာ   လက်ကိုင်ပြုနေကြသည်။ ပြည်သူလူထုအကျိုး နိုင်ငံ့အကျိုးစသည်ဖြင့် လေးလေး နက်နက် ထည့်သွင်းစဉ်းစားခြင်း မပြုကြ သည်မှာ ဝမ်းနည်းစရာဖြစ်သည်။ လက်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရအနေဖြင့် အမျိုးသားပြန်လည်သင့်မြတ်ရေး နှင့် ငြိမ်းချမ်းရေးကို မူဝါဒချမှတ် အကောင်အထည်ဖေါ်နေသော်လည်း ယခုတက်တိုင် ပါဝင်ပတ်သက်သူများအတွင်း ပုဂ္ဂလဓိဋ္ဌာန် အစွဲများမကျွတ်သေး၍၊ ပဋိပက္ခများ တွေ့နေရဆဲဖြစ်သည်။ အထူးသဖြင့် အစိုးရက ငြိမ်းချမ်းရေး စကားဝိုင်း များ ပြုလုပ်နေစဉ် တပ်မတော်က ယာယီစစ်ပြေငြိမ်းရေးမျှပင် မလုပ်နိုင်သည်ကို မြင်တွေ့နေရသည်။ စစ်ရေးဖိအား လျှော့ချသွားခြင်း မရှိသဖြင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ (EAOs) အကြား ယုံကြည်မှုကျဆင်းကာ သံသယများ တိုးပွားလာနေသည်။ ထို့ကြောင့် အစိုးရက ငြိမ်းချမ်းရေး စကားဝိုင်းကျင်းပနေစဉ် တပ်မတော်က ယာယီမျှ ဖြစ်စေ  အပစ်ရပ်ထားနိုင်မှသာ သံသယများ လျှော့ပါးနိုင်မည်။

ကချင်ပြည်နယ်အတွင်း လတ်တလော ဖြစ်ပွားနေသည့် စစ်ပွဲများကို လေ့လာသုံးသပ်ကြည့်ပါက၊ သာမန်အလုပ်သမား လယ်သမား ဆင်းရဲသားပြည်သူများက စစ်ပွဲတွင် ဓါးစာခံဖြစ်နေရသည်ကို မြင်ရသည်။ သို့ဖြစ်၍ ပြည်သူလူထု တွေ့ကြုံ ခံစားနေရသည့် စစ်ပွဲအတွင်း ဆင်းရဲဒုက္ခများကို စာနာထောက်ထားကြသောအားဖြင့် တစ်ပြည်လုံးတွင် ယာယီ အပစ် အခတ်ရပ်စဲရေး ကြေညာသင့်သည်။ လက်ငင်းအခြေအနေများကို သုံးသပ်ပါက EAOs နယ်မြေဒေသအချို့တွင် တပ်မတော် က စစ်ဆင်ရေးများ ဆက်လုပ်နေသဖြင့် ဒေသခံပြည်သူများအကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲအပေါ် ယုံကြည်မှု ကျဆင်းစေသည်။

မကြာသေးမီက ကချင်လွတ်လပ်ရေး တပ်မတော် (KIA) နှင့် အစိုးရတပ်မတော်တို့အကြား တိုက်ပွဲများ ပြင်းထန်စွာ ဆက်လက် ဖြစ်ပွားနေသည်ဟု ကချင်လွတ်လပ်ရေးအဖွဲ့ (KIO)၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက NMG သတင်းသို့ပြောကြားသည်။ တိုက်ပွဲများမှာ တနိုင်း၊ မန်စီနှင့် ဆွမ်ပရာဘွမ် မြို့နယ်များအတွင်း ဖြစ်ပွားနေခြင်းဖြစ် သည်။ တနိုင်းဒေသ၊ လီဒိုလမ်းမ တစ်လျှောက် တိန်ကောက်ကျေးရွာ၊ ရှဒူးဇွပ်ကျေးရွာများတွင် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေသည်ဟု တနိုင်းဒေသခံများက ပြောသည်။

“တိုက်ပွဲက ဆက်တိုက်ဖြစ်နေတာ။ ဒီ ညနေ နှစ်နာရီလောက်ပေါ့ အခုနကပေါ့ လေယာဉ်နှစ်စင်းနဲ့ နှစ်ခေါက်ပြန်ပေါ့ လာပစ်သွားတယ်။ လက်နက်ကြီးသံတွေ သေနတ်သံတွေကလည်း တနိုင်းကနေ ကြားနေရတာ။ ဒီနေ့ တိန်ကောက် ဒီဂျန်ဘွမ်တောင်မှာလည်း တိုက်ပွဲဖြစ်တယ်။ အခုဒီ တိုက်ပွဲတွေမှာ ဒီနန်းကွမ်းဘက်၊ ရှဒူးဇွပ်နဲ့ တိန်ကောက်ဘက်မှာ ရှမ်းပြည်သူ့စစ်တွေ၊ စခုန်တိန်းယိန်းရဲ့ အဖွဲ့တွေ၊ ရင်း ၁၄ ဘက်မှာက လီဆူပြည်သူ့စစ်တွေလည်းပါတယ်။ တိုက်ပွဲက ပြန်ထွက်လာတဲ့လူတွေပြောပြတာပေါ့နော်” ဟု တနိုင်းဒေသခံတစ်ဦးက NMG သတင်းသို့ပြောသည်။

တချိန်တည်းမှာ ပင် မန်စီမြို့နယ်ရှိ တပ်မဟာ ၃ နယ်မြေဖက်တွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသည်ဟု ဗိုလ်မှူးကြီး နော်ဘူက ဆို သည်။ ကချင်ပြည်နယ် မြောက်ပိုင်း ဆွမ်ပရာဘွမ်မြို့နယ်တွင် တိုက်ပွဲများဖြစ်ပွားခြင်း မရှိသော်လည်း အစိုးရတပ်မတော် ဘက်က လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများရှိသည်ဟု NMG သတင်းက ဆိုသည်။ ယခုကဲ့သို့သော တိုက်ပွဲများကြောင့် ငြိမ်းချမ်းရေး အလားအလာကို ပိုမို၍ အလှမ်းဝေးစေနိုင်သည်ဟု ဗိုလ်မှူးကြီး နော်ဘူ က ဆိုသည်။

“အခုလိုမျိုး စစ်ရေးနှင့်ပဲ ဖိအားပေးနေတာ တိုက်ပွဲပဲဆင်နွှဲနေတာဆိုတော့ ငြိမ်းချမ်းရေးကတော့ သိပ်ပြီးမှ အခြေအနေက မကောင်းဘူးထင်တယ်။ ပြည်ထောင်စုလို့ပဲပြောပြော ဖက်ဒရယ်လို့ပဲပြောပြော အတူတူနေထိုင်ဖို့ ကျနော်တို့ ဆွေးနွေးချင် နေတာ။ ဒါပေမယ့် ဒီ တပ်မတော်ဖက်ကတော့ အခုလိုမျိုး စစ်ရေးနှင့်ပဲ သူကဖိအားပေးတယ်ဆိုတော့ အချင်းချင်းကတော့ အယုံအကြည်မရှိဘူး။ အယုံအကြည်မရှိတဲ့အခါကျတော့ နိုင်ငံရေးဆွေးနွေးတာဟာလည်း အောင်မြင်မှာမဟုတ်ဘူး။” ဟု သူက ဆိုသည်။

၂ဝ၁၁ ခုနှစ်ကစတင်၍ ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် အစိုးရတပ်မတော်တို့အကြား တိုက်ပွဲများ တစ်ကျော့ပြန် ဖြစ်ပွားလာခဲ့သောကြောင့် ငြိမ်းချမ်းရေး ကြိုးပမ်းမှုများ ရှိသော်လည်း တစ်ပြည်လုံး စစ်ပွဲများရပ်စဲရေးအလားအလာမှာ ယခုတိုင် မကောင်းသေးဟု ဆိုရပေမည်။

ဖေဖော်ဝါရီလ ၁ ရက်နေ့က တရုတ်နိုင်ငံ ယူနန်ပြည်နယ် တာလီမြို့တွင် KIO နှင့် အစိုးရတပ်မတော်တို့ အလွတ်သဘော တွေ့ဆုံဆွေးနွေးခဲ့စဉ် KIA တပ်မဟာ ၄ နှင့် တပ်မဟာ ၆  တို့ကို တပ်မတော်ကိုယ်စားလှယ်ဘက်က အသိအမှတ်မပြု ကြောင်း KIO အားပြောခဲ့သည်ဟု သိရသည်။ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) နှင့် အစိုးရတပ်မတော်တို့ တွေ့ဆုံဆွေးနွေး မှု နှင့်ပတ်သက်၍ ထုတ်ပြန်ကြေငြာချက်တစ်စောင်ကို KIO က ဖေဖော်ဝါရီလ ၈ ရက်နေ့တွင် ထုတ်ပြန်ချက် တစ်စောင် ထုတ်ပြန်ခဲ့သည်။ ထုတ်ပြန်ချက်တွင် မြန်မာ့တပ်မတော်ဘက်က KIA တပ်ရင်း ၁၄ ဌာနချုပ်အပါအဝင် KIA တပ်စခန်းများ ဖယ်ရှားပေးရန်နှင့် အချို့သော KIA တပ်မဟာများ တည်ရှိမှုကို အသိအမှတ်မပြုနိုင်ကြောင်း ဖိအားပေးဆွေးနွေးခဲ့သည်ဟု ဖော်ပြထားသည်။ KIO ဘက်က ၎င်းကိစ္စရပ်များနှင့်ပတ်သက်၍ ဆက်လက်ဆွေးနွေးရန် လိုအပ်သည်ဟုသာ တုန့်ပြန် ဆွေးနွေးခဲ့သည်ဟု ဆိုသည်။ ထို့ပြင် KIO ဘက်က လက်ရှိဖြစ်ပွားနေသော တိုက်ပွဲကိစ္စ အပါအဝင် ဒေသတည်ငြိမ်ရေး၊ တိုက်ပွဲများလျှော့ချရေး၊ ငြိမ်းချမ်းရေးဆောင်ရွက်ရာတွင် အားလုံးပါဝင်ရေးနှင့် ပင်လုံစာချုပ် ပင်လုံကတိကဝတ်နှင့်အညီ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးကို အလေးထားဆွေးနွေးခဲ့ပါသည်ဟု KIO ထုတ်ပြန်ချက်တွင် ဖေါ်ပြထား ကြောင်း သိရသည်။

တပ်မတော်ခေါင်းဆောင်များနှင့် KIO ဥက္ကဋ္ဌတို့ တွေ့ဆုံအပြီး နှစ်ရက်အကြာ ဖေဖော်ဝါရီ ၃ ရက်တွင် မြစ်ကြီးနားနှင့် မိုး ကောင်းမြို့နယ်ရှိ တပ်ဌာနချုပ်နှင့် တပ်စခန်းများကို KIA လာရောက်တိုက်ခိုက်ကြောင်း တပ်မတော်က သတင်းထုတ်ပြန် သည်။ ၎င်းထုတ်ပြန်ချက်နှင့်ပတ်သက်ပြီး တပ်မတော်က KIA တပ်ရင်းဌာနများသို့ထိုးစစ်ဆင်၍ အောက်ခြေတပ်များက ပြန်လည်တုံ့ပြန်သည့် သဘောသာဖြစ်သည်ဟု ဗိုလ်မှူးကြီး နော်ဘူကဆိုသည်။ အမှန်တကယ် ပြင်းပြင်းထန်ထန် ထိုးစစ် ဆင်ခြင်း မဟုတ်ပါဟု ၎င်းက ဆိုသည်။ ကချင်ဒေသ တိုက်ပွဲလျှော့ချရေးဆာင်ရွက်ရန် ထိုးစစ်ဆင်ခြင်း ပြုလုပ်နေသည့် တပ်မတော်နှင့်သာ အဓိကသက်ဆိုင်ကြောင်း KIA ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။

KIO ဒုဥက္ကဋ္ဌ ဟောင်း ဒေါက်တာမနာမ်တူးဂျာ က တပ်မတော်နှင့် KIA တို့ အနေဖြင့် ကချင်ပြည်နယ်အတွင်း တိုက်ပွဲများ ရပ်ဆိုင်းရေးနှစ်ဖက် တွေ့ဆုံဆွေးနွေးမှုများ ဆက်လက်ပြုလုပ်ရန် လိုကြောင်း ပြောဆိုသည်။

‘‘တိုက်ပွဲရပ်ပြီး အပစ်အခတ် ရပ်စဲရေးကို ဦးတည်စေချင်တယ်။ အနည်းဆုံး ယာယီ အပစ်အခတ်ရပ်စဲရေးကို သဘောတူညီ ပြီးတော့မှ ဆက်လက်ဆွေးနွေးပေါ့ဗျာ။ ဒါမှမဟုတ်ရင်တော့ ပြည်သူတွေက စစ်ဘေးဒုက္ခတွေ ထပ်ပြီးရောက်နေရမှာ။’’ ဟု ဒေါက်တာမနာမ်တူးဂျာက ပြောသည်။

လတ်တလော မြစ်ကြီးနား နှင့် မိုးကောင်းရှိ တပ်ဌာနချုပ် များအား KIA က တိုက်ခိုက်ခြင်း သည် တပ်မတော်နှင့် KIO ခေါင်းဆောင်တို့၏ တရုတ်နိုင်ငံ ဆွေးနွေးပွဲရလဒ်နှင့် သက်ဆိုင်ခြင်း မရှိဟုဆိုသည်။ တပ်မတော်နှင့် KIA တို့သည် ၂ဝ၁၁ ဇွန်လက စတင်၍ တစ်ကျော့ပြန်ဖြစ်ပွားနေသည့် တိုက်ပွဲများ ရပ်တန့်ရေးကို မဆောင်ရွက်နိုင်သေးဘဲ ၂ဝ၁၇ နိုဝင်ဘာမှ စ၍ တနိုင်းမြို့နယ် အပါအဝင် ကချင်ဒေသ၌ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသဖြင့် စစ်ပြေးဒုက္ခသည် ဦးရေ တိုးမြင့် လာသည်ကို နှစ်ဦးနှစ်ဖက် စစ်ရေးခေါင်းဆောင်များ အနေဖြင့် စာနာထောက်ထားကြဖို့သင့်သည်။ ဖေဖော်ဝါရီ ၅ ရက်နေ့ က ကချင်ပြည်နယ် တနိုင်းဒေသ တိုက်ပွဲများ အကြားပိတ်မိနေသော ပြည်သူများ၏ စားဝတ်နေရေးနှင့် ကျန်းမာရေး အခြေ အနေ အခက်အခဲများအတွက် အစိုးရက အမြန်ဆုံး ကူညီကယ်ဆယ်ပေးရန် ဆန္ဒထုတ်ဖော်ပွဲ မြစ်ကြီးနားမြို့၌ ပြုလုပ်ခဲ့ကြ သည်ကို တာဝန်ရှိသူများ လေးနက်စွာ ထည့်သွင်းစဉ်းစားသင့်သည်။ တိုက်ပွဲကြားတွင် ပိတ်မိနေသော ပြည်သူများ၏ အခြေအနေ စိုးရိမ်ရသည့်အတွက် ယခုကဲ့သို့ ဆန္ဒထုတ်ဖော် တောင်းဆို ရခြင်းဖြစ်သည်ဟု ‘စစ်ဘေးသင့်ပြည်သူများ အရေးအပေါ်ကယ်ဆယ်ကူညီရေးကော်မတီ’ ဥက္ကဋ္ဌ ဦးဇော်ဂျက် က NMG သတင်းဌာနသို့ ပြောကြောင်း သိရသည်။

တိုက်ပွဲကြားပိတ်မိနေသည့်သူများသည် အလွန်အေးသည့် ရာသီဥတုဒဏ်ကိုခံစားရပြီး၊ အစားအသောက် ခက်ခဲလျှက်ရှိ သည့်အပြင် ဝမ်းပျက်ဝမ်းလျှောအစရှိသော ရောဂါများကိုလည်း ခံစားနေရသည်ဟု စစ်ဘေးသင့် ပြည်သူများ အရေးအပေါ် ကယ်ဆယ်ကူညီရေး ကော်မတီက ပြောသည်။ ထို့ကြောင့် ကချင်ဒေသတွင် ဖြစ်ပွားနေသည့် စစ်ပွဲများသည် ဒေသခံ ပြည်သူလူထုအား ဆိုးဆိုးရွားရွား ထိခိုက်နစ်နာမှုဖြစ်စေကြောင်း သိသာနေသည်။ သို့ဖြစ်သောကြောင့် တပ်မတော်နှင့် KIA တို့အနေဖြင့် မိမိတို့ပြည်သူပြည်သားများအား သနားငဲ့ညှာသောအားဖြင့် လက်ရှိတိုက်ခိုက်နေမှုများကို ယာယီမျှဖြစ် စေ ရပ်တန့်ရန် နည်လမ်းရှာစေလိုသည်။

ဤအတောအတွင်း ဖေဖေါ်ဝါရီ ၁ဝ ရက်နေ့က ကချင်ပြည်နယ် မိုးကောင်း-ဖားကန့်လမ်းပေါ် နန့်ဟိုင်ရွာအနီးတွင် ဖြစ်ပွား ခဲ့သော တိုက်ပွဲအတွင်း KIA က ဖမ်းဆီးရမိသည့် အစိုးရတပ်မတော်သား ၃ ဦးကို ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ထံ လွှဲပြောင်းအပ်နှံခဲ့ကြောင်း RFA သတင်းအရ သိရသည်။ စစ်သုံ့ပန်းများကို ပြန်လွှတ်ပေးရမည်ဆိုသော မူဝါဒအရ လွှတ်ပေး ခြင်း ဖြစ်ကြောင်း KIA ပြန်ကြားရေး တာဝန်ခံ ဒုတိယဗိုလ်မှူးကြီး နော်ဘူက ပြောသည်။ ဖေဖေါ်ဝါရီ ၁ဝ ရက်နေ့ နေ့လည် ပိုင်းက ကထန်ယန်ရွာတွင် KIA တပ်ရင်း ၆ တပ်ရင်းမှူးက မြစ်ကြီးနားအခြေစိုက် PCG ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့ဝင် များထံ လွှဲပြောင်းပေးခဲ့သည်ဟု ဆိုသည်။ နှစ်ဘက်စစ်ရေးအရ တင်းမာနေဆဲ မြန်မာစစ်တပ်နှင့် ကချင်တပ်အကြား ယခု ကဲ့သို့ ဆောင်ရွက်ချက်အပေါ် ကြိုဆိုသော်လည်း စစ်ဖြစ်ရာ ဒေသများက အရပ်သားများကို တပ်မတော်ဘက်က ဖမ်းဆီး ထားသည်ကိုလည်း အမြန်ဆုံးပြန်လွှတ်ပေးစေလိုကြောင်း ‘ကချင်ငြိမ်းချမ်းရေးကွန်ရက်’ က တောင်းဆိုခဲ့သည်။

လက်ငင်း ဖြစ်ပွားနေသည့် ပြည်တွင်းစစ်ပွဲများကို လေ့လာသုံးသပ်ရလျှင် လက်တွေ့နစ်နာနေသူ အများစုကြီးမှာ တိုင်းရင်း သားပြည်သူလူထုဖြစ်သည်ကို တွေနိုင်သည်။ စစ်ရေးဖြင့် ပြဿနာဖြေရှင်းရန် လုပ်နေခြင်းကြောင့် ပြည်သူ့ အိုးအိမ်ပစ္စည်း ဥစ္စာများ တန်ဖိုး ခန့်မှန်းမရနိုင်အောင် ဆုံးရှုံးခဲ့ကြရသည်။ နိုင်ငံ့ဘဏ္ဍာများလည်း စစ်စရိတ်အတွက် ကုဋေကုဋာကျခံခဲ့ရ သည်။ စစ်ပွဲတွင် လူသားသယံဇာတ လူငယ်လူရွယ်များစွာ၏ အသက်နှင့် ဘဝများ အလဟဿဆုံးရှုံးခဲ့ရသည်။ ထိုသို့ ဆုံးရှုံးမှုများသည် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးကို အကြီးအကျယ် နစ်နာစေခဲ့သည်။ စစ်ဖြစ်ရာ ဒေသများတွင် ပြည်သူ လူထုခမြာ အေးအေးချမ်းချမ်း နေထိုင်လုပ်ကိုင်အသက်မွေးခွင့် မရဘဲ မြေစာပင်ဖြစ်ခဲ့ရသည်မှာ ဆယ်စုနှစ် ၇ ခုရှိနေပြီ။ စစ်ဒဏ်မခံနိုင်တော့သည့် လူငယ်လူရွယ်များ နိုင်ငံရပ်ခြားသို့ ထွက်ပြေးခဲ့ကြသဖြင့်၊ တိုင်းပြည်၏ အဖိုးတန် ဦးနှောက်များ အဆက်မပြတ် ယိုစီးဆုံးရှုံးနေရသည်။ ထို့ကြောင့် ပို၍ ခိုင်မာသော ပြည်ထောင်စု၊ ပို၍ ကျယ်ဝန်းသော ပြည်ထောင်စု၊ အများကို ပို၍ နေရာပေးနိုင်သော ပြည်ထောင်စုမျိုး ထူထောင်ရေးအတွက် ရိုးသားဖြောင့်မတ်စွာ နိုင်ငံနှင့် ပြည်သူ့အကျိုး ရှေးရှုကာ နိုင်ငံရေးနည်းအရ ညှိနှိုင်းဆွေးနွေး အဖြေရှာကြစေလိုကြောင်း လေးစားစွာ တိုက်တွန်းအပ်ပါသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts