ကဗျာ

ခက်ဦး – နန်းတွင်းကား ကြည့်ခြင်း

 

ခက်ဦး – နန်းတွင်းကား ကြည့်ခြင်း

(မိုးမခ) နိုဝင်ဘာ ၂၀၊ ၂၀၁၅

 
”အရှင့်အတွက်ဆို မီးပုံထဲလည်း ခုန်ချပါ့မယ်တဲ့
အဲ့လို ဇာတ်လိုက်ကျော်တွေနဲ့
မင်းမဟုတ်တာ ငါဖော်လိုက်မယ်”
အေး … ငါ့ ဖော်လို့တော့ မင့်လည်း မစားသာဘူးမှတ်တဲ့
 
အဲ့လို အဲ့လို ဝန်မင်းတွေနဲ့ 
တပည့်မွေးသူ မွေးကြ ဆရာမွေးသူ မွေးကြ 
ဘက်ရွေး ရပ်သူ နေရာရွေး ရပ်သူတွေနဲ့
အခွင့်မျိုးငယ်မျှော်
အဲ့လို အမှုတော်ထမ်းတွေနဲ့
 
အထက်က`“သယ် … … …” ဆိုတာမှ မဆုံးသေး
ယဉ်နေတဲ့လက်က ဇက် ပိုင်းပြီးသား
အဲ့လို အာဏာတော်ထမ်း ပါးကွက်သားတွေနဲ့
 
စစ်ပဲရူးတဲ့ စစ်ဘီလူးအိုတွေ နဲ့
စစ်ဖြစ်ခဲ့ရင် ငါ့ဘဏ္ဍာတွေကို … …” ဆိုတာထက်
ကျော် မတွေးတတ်တဲ့ မှူးမတ်အိုတွေနဲ့
 
စိတ်တော်သိတွေ ရှေ့တိုးခစား … 
လာ ရော့ လက်ဆောင်တော် ယူသွား …
ဆန့်ကျင်ဝံ့သူလား မင်းလာခဲ့! ကျောတစ်ရာ ရင်တစ်ရာ …
ဒါပဲ သိတဲ့ နှလုံးရည်မျိုးနဲ့ … 
 
မလုံမလဲ ဖရိုဖရဲ ရုပ်အဆင်းအင်္ဂါ နဲ့
ထိုကဲ့သို့သော ဘုရင်ဟု မည်ခေါ်
အနှီပုဂ္ဂိုလ်ကျော် နဲ့
ဦးထောင်လို့ ပဲ့နင်း၊ ပဲ့နင်းလို့ ဦးထောင်
မဟာ့ မဟာ ဇာတ်ချာချာလည်ကြီး
ပက်ပက်စက်စက် ခမ်းနားလှချည်ရဲ့
 
ရုတ်တရက်
နန်းဆောင်တွေပေါ်မှ တည့်တည့်
ဘယ်ကမှန်း မသိ
ယမ်းတွေ အမြောက်တွေ တဝုန်းဝုန်း ကျကွဲ
မြားမိုး ဓားမိုးတွေနဲ့ ဝရုန်းသုန်းကား
အားလုံး ဟုန်းဟုန်းတောက်ကုန် ပါလေရော
 
ဘာပြောကောင်းမလဲ
မီးထဲ ငိုသူငို အော်သူအော် နဲ့
ဇောချွေး အရွှဲသား သောကမျက်နှာ နီနီကြီးတွေနဲ့
မှူးမတ်တွေ ဝန်တွေ ဘုရင်နဲ့ မိဘုရားတွေပေါ့
ဘဏ္ဍာထုပ်ဆွဲ ရတနာထုပ်ဆွဲ ဓားဆွဲ သန်လျက်ဆွဲ
ကမူးရှူးထိုး ရောက်မိ ရောက်ရာ
ဖန်သားပြင်ရှိရာ တည့်တည့် ပြေးလာတော့မယ် အလုပ်
 
ကမန်းကတန်းပဲ
တီဗီကို ကျွန်တော် ထ ပိတ် လိုက်တယ်

 

 
(နိုဝင်ဘာ ၁၈၊ ၂၀၁၅)

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts