Poems

မောင်ဖေသက်နီ – ကမာပုလဲသို့ အမှတ်တရ တမ်းချင်း

 မောင်ဖေသက်နီ – ကမာပုလဲသို့ အမှတ်တရ တမ်းချင်း
(မိုးမခ) နိုဝင်ဘာ ၁၉၊ ၂၀၁၅

မမျှော်လင့်ပဲကြားလိုက်ရတဲ့ ထိုင်းမြန်မာနယ်စပ်က သတင်းတခုအရ
ရဲဘော်ကြီး ကမာပုလဲ မနေ့က ကျဆုံးသွားပြီတဲ့
အဲဒါ ကျုပ်အတွက် ဘယ်လိုမှ လက်မခံနိုင်တဲ့ သတင်းတပုဒ်ပေပ
အဲဒါ (ကျုပ်ကိုယ်တိုင်သာမက) ကျုပ်ရဲ့ ရဲဘော် ရဲဘက်တွေအားလုံးအတွက်
ဘယ်လိုမှ လက်ခံနိုင်ကြမှာ မဟုတ်ပေဘူး၊

သူဟာ  မင်းလွင်ဆိုတဲ့ နာမည်နဲ့ တမျိုး၊ ကိုပေါက်ဆိုတဲ့ နာမည်နဲ့ တမျိုး
ပြည်တွင်းမှာနေစဉ်ကတည်းက ကျုပ်နဲ့ တရင်းတနှီး ပေါင်းသင်းခဲ့ရင်း (ကလောင်လက်နက်ကို အသုံးပြုရင်း)
အဓမ္မအုပ်ချုပ်နေခဲ့တဲ့ စစ်အုပ်စုကို တစိုက်မတ်မတ် ဝေဖန်ဆန့်ကျင်နေခဲ့သူ မဟုတ်ပေလော၊

မတရားဖိနှိပ်အုပ်ချုပ်ခံနေခဲ့ရတဲ့ ပြည်သူပြည်သားတွေအတွက် (သူ့အသက်ကိုမျှ မငဲ့ကွက်ပဲ) နယ်စပ်ဒေသကနေ
လက်နက်ဆွဲကိုင် တော်လှန်နေခဲ့သူ မဟုတ်ပေလော၊

နယ်စပ်ဒေသမှာ ခိုလှုံရင်း နိုင်ငံချစ်ကျောင်းသားတပ်မတော်ကို ၀င်ရောက်ပြီး
နိုင်ငံအတွက် သူ့ အသက်ကို အရင်းအနှီးပြုနိုင်ခဲ့သူ မဟုတ်ပေလော၊
အဲသည်လို မျိုးချစ်ပုဂ္ဂိုလ်တဦး ကျဆုံးသွားပြီတဲ့လား၊

သူဟာ ခင်ဗျားအတွက်ရော၊ ကျုပ်အတွက်ရောသာမက
မိခင်မြန်မာနိုင်ငံက အ၀ိစိတွင်းထဲ ကိုယ်ခန္ခာတခုလုံးနီးပါး နှစ်မြှုပ်ခံနေခဲ့ကြရတဲ့
မြန်မာနိုင်သားတွေအားလုံးလွတ်မြောက်စေရေးအတွက်
သူ့ အသက်ကို အရင်းအနှီးပြုနိုင်ခဲ့သူ မဟုတ်ပေလော၊

အဲသည်လို ထူးမြတ်လှတဲ့ ရဲဘော်တယောက် ကျဆုံးသွားရတာဟာ
(ကျုပ်တယောက်တည်းအတွက်သာမကပဲ) မြန်မာတနိုင်ငံလုံးအတွက်
ဆုံးရှုံးမှုကြီးတခုလည်းဖြစ်သမို့ ကျုပ်ရင်ထဲမှာရော
သူ့ ရင်ထဲမှာရော၊ သူတို့ရင်တွေထဲမှာရော
(ကျုပ်လိုမျိုးပဲ မြန်မာနိုင်ငံသူ၊ နိုင်ငံသားအားလုံးရဲ့ ရင်တွေထဲမှာရော)
အားလုံးတညီတညွတ်တည်းနဲ့ တပြိုက်နက်တည်း
ညီတူညီမျှခံစားနေကြရကြောင်း သူ့ ကို အော်ပြောပြလိုက်ချင်မိပါရဲ့၊

သူငယ်ချင်း ရဲဘော်ကြီးရေ အသင်ရောက်ရောက်ရှိနေတဲ့ ရောက်ရာဘုံဘ၀ကနေ၊
မတရားတဲ့ အာဏာရှင်တွေကို (ကမ္ဘာပေါ်က ဘယ်နေရာမှာပဲ ရှိနေ ရှိနေ)
ရောက်ရှိရာ ဘုံဘ၀ကနေ အမြစ်ပြတ်တွန်းလှန်ဖယ်ရှားနိုင်ရေးအတွက်
(ခင်ဗျားဟာ) တူညီရာအပေါင်းအဖေါ်တွေနဲ့  လက်တွဲပြီး
ဆက်လက်တိုက်ပွဲဝင်နေလိမ့်မယ်လို့  ကျုပ်နဲ့ 
ကျုပ်ရဲ့ ရဲဘော်ရဲဘက်တွေက ယုံကြည်လျက် ရှိနေပါကြောင်း။        ။

 မောင်ဖေသက်နီ
၂၀၁၅ ခုနှစ် နိုဝင်ဘာလ ၁၉ ရက်နေ့၊
နော်ဝေနိုင်ငံ အော်စလိုမြို့။

(၂၀၁၅ ခုနှစ် နိုဝင်ဘာလ ၁၈ ရက်နေ့က ထိုင်းမြန်မာနယ်စပ်တနေရာ၌ တော်လှန်ရေးတာဝန်ထမ်းဆောင်နေခိုက် ကျဆုံး သွားခဲ့တဲ့ ရဲဘော်ကြီး ကိုမင်းလွင်ခေါ် ကမာပုလဲသို့ အမှတ်တရတမ်းချင်း)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts