ရန်လင်းအောင် – ပြောဇာတ် ( ၇ )
(မိုးမခ) နိုဝင်ဘာ ၂၀၊ ၂၀၁၅
တစ်နေ့သား
တောကောင်တွေကို မာယာသုံး
ဖမ်းဆီးသတ်ဖြတ်နေတဲ့ မုဆိုးတစ်ယောက်
ယမနေပင် အောက်မှာ
ဆတ်ကြီးတစ်ကောင်ရဲ့ ခြေရာကောက်မိပါလေရော၊
ဒီတော့ မုဆိုးက
ယမနေပင်ခွကြား လင့်စင်ပေါ်တက်
ဆတ်ကြီးအလာ လှံအသင့်ကိုင်ပြီး စောင့်နေတာပေါ့  ၊
လာပြီ…လာပြီ
လာနေကျ ဆတ်ကြီး ယမနေပင်အောက်လာပါပြီ
ကူလီကူမာနဲ့ မုဆိုး ယမနေသီးတွေခူးခူးပြီး
ပစ်ပစ်ချပေးသတဲ့
ဆတ်ကြီးကလည်း ခပ်ပါးပါးရယ်
အနေအထားကိုရိပ်မိပေမယ့် မမြင်သလိုလိုဘာလိုလိုနဲ့
”
ဟေ့ … ယမနေပင်ကြီး… ဒီနေ့ အသီးကြွေတာ အဆန်းသားပဲ အပင်အောက်တည့်တည့် မကြွေ သစ်ပင်က သစ်ပင်လို အထာမကျမှတော့ ကျုပ်လည်း တခြားအပင်ဆီ သွားပြီဗျို့ ”ဒီလို ဆတ်ကြီးက အော်ပြောပြီး
ထွက်သွားမယ်ဟန်လည်းပြင်ရော
လင့်စင်ပေါ်က မုဆိုး
ကပျာကယာ လှံနဲ့ထ အပစ် ချိန်သားမကိုက်တော့
လွဲသွားတာပေါ့  ။
ဆတ်ကြီးလည်း ခဏတန့်
”
ဒီမယ် … မုဆိုး အခု နင် ငါကိုလွဲပေမယ့် ငရဲ နဲ့တော့ မလွဲပါ နင့်အကုသိုလ်နဲ့ နင်တော့ တည့်တည့်တိုးတော့မှာ ”ဆတ်ကြီးလည် ပြောပြောပြေးပြေး……
လှည့်ကွက်သုံးတိုင်း အနိုင်မရတဲ့
မုဆိုးခမျာ လဒမှိုင်မှိုင် ငိုင်ကျန်နေတော့တာ ………
၅၅၀ ဇာတ်တော်လာ
ကုရုင်္ဂမိဂဝဂ်၊ ကုရုင်္ဂမိဂဇာတ် ကိုမှီးပါသည် ။