ကဗျာ

မောင်ကြီးပြည်စိုး – ကမ္ဘာသစ်သို့ သီချင်းတပုဒ်

 မောင်ကြီးပြည်စိုး – ကမ္ဘာသစ်သို့ သီချင်းတပုဒ်
(မိုးမခ) နိုဝင်ဘာ ၁၈၊ ၂၀၁၅
၁။
မမွေးမီကတည်းက
နှင်းခါးတွေအရိုက်ခံထားရတဲ့အဖြစ်နဲ့
သားလေးဟာ
ဒုက္ခသည် စာရင်းသစ်ဝင်သွားတယ်
ဒါ … ကမ္ဘာဆန်သွားတာပေါ့ သားရယ်(၄) ကီလိုနီးပါး
ကျက်သရေတိုးလာတဲ့
မဟာပထ၀ီမြေဟာ
သူ့အတွက်
အာဟာရမှုန့်ကိုဖျော်ပြီ။၂။
လောကမလင်းမီ
ထစ်ချုန်းငိုကြွေးလိုက်တဲ့
မြင့်မိုရ်တောင်ကြားက
ဓားတစင်းရဲ့တေး
မင်းထွဋ်ခေါင်လေးရေ
လက်ပုခက်လွှဲနေတဲ့
မင်းမေမေရဲ့တေးသံမှာ
သမုဒ္ဒရာ ခုနှစ်စင်းအနှံ့
ပဟေဠိတွေဆန့်လို့ …
ရွက်ဖျင်ဟောင်းကိုထိုးဖျက်
ရဲတိုက်ပေါ်ကိုတက်လို့။

မင်းဖေဖေက
သင်္ဘောတစင်းဆိုရင်တော့
ခေါင်းတိုင်မှာ
မီးခိုးတလူလူနဲ့ပေါ့လေ။     ။

မိုးမခ မှတ်ချက်
ဒီကဗျာက ၂၀၀၇ တုန်းက ခေတ်ပြိုင်အင်တာနက်စာမျက်နှာမှာ ဖော်ပြခဲ့ဖူးတဲ့ မောင်ကြီးပြည်စိုး (ကဗျာဆရာ ခင်လွန်း) ရဲ့ ကဗျာပါ။ အဲ့အချိန်က ကဗျာဆရာခင်လွန်းက ထိုင်း – မြန်မာနယ်စပ် ဒုက္ခသည်စခန်းတနေရာမှာ ရှိနေခဲ့တာဖြစ်ပါတယ်။ သိမ်းထားတာတွေ ပြန်ရှာတော့ မိုးမခကိုဝန်းရံပေးနေတဲ့ မိုးမခကဗျာဆရာတယောက်ဖြစ်လေတော့ မိုးမခပရိသတ်အတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts