စာစုတို

ညွန့်ထွေး – လှည့်လည် အလှူခံခြင်း အနုပညာ

 ညွန့်ထွေး – လှည့်လည် အလှူခံခြင်း အနုပညာ
(မိုးမခ) နိုဝင်ဘာ ၁၈၊ ၂၀၁၅

တနေရာတည်းတွင် ကျောက်ချပြီး အလှူခံခြင်းထက် နေရာအနှံ့ လှည့်လည် အလှူခံခြင်းသည် ကောင်း၏။
ကထိန် အလှူခံကာလအတွင်း လူဦးရေသိပ်သည်းဆများသောရန်ကုန်မြို့အနှံ့တွင် အလှူခံမဏ္ဍပ်တို့ကို ပေါပေါများများ တွေ့ရသည်။

ထိုမဏ္ဍပ်များက မိုးလင်း မိုးချုပ် လော်စပီကာသံတညံညံဖြင့် ပရဟိတအကျိုးတော်ဆောင်ကြသည်။ ရပ်ကွက်အတွင်း နေထိုင်ကြကုန်သော
သူတော်စင်များ အလှူငွေထည့်ဝင်နိုင်ကြရေးအလို့ငှာ အော်ချက်ထုတ် လှုံ့ဆော်ပေးကြသည်။ မုဒိတာပွားနိုင်ရေး၊ လှူတန်းချင်စိတ်ပေါ်လာရေးတို့အတွက် အလှူရှင်စာရင်းနှင့် မည်မျှ ထည့်ဝင်လှူတန်းကြောင်း အကြိမ်ကြိမ် ကြေညာပေးသည်။
ကြေညာချက်များအပြင် ကြားဖြတ်ကာလ သီချင်းများလည်း ဖွင့်ပေးသည်။ ဖျော်ဖြေရေးကဏ္ဍဟုလည်း ယူဆနိုင်သည်။

ဖျော်ဖြေရေးပဲဆိုဆို၊ ပရဟိတလှုံ့ဆော်ရေးပဲပြောပြော … သေချာသည်ကတော့ လော်စပီကာ၊ ဆောင်းဘောက်တို့မှ ကျယ်ကျယ်လောင်လောင် ထွက်လာသမျှမှ ဆူညံသံများ ဖြစ်သည်။

အသံဟူသည်မှာ စက္ကန့်ပိုင်းခန့် ဆူညံလျှင် လူအများ ခံနိုင်ရည် ရှိကြသည်။ ကြိုးစားပြီး မေတ္တာထားနိုင်သည်။
ထိုအသံက မိနစ်ပိုင်း၊ နာရီပိုင်းကြာသွားလျှင်တော့  ခံနိုင်ရည် ကုန်ခမ်းသွားသည်။ ကြိုးစားပြီးလည်း မေတ္တာမထားနိုင်တော့။
အလှူခံမဏ္ဍပ်နှင့် နီးသောနေရာတွင် သင်နေထိုင်ပါသလား။  နေထိုင်သည်ဆိုလျှင်တော့ အများ၏ကိုသိုလ်ရေးအလို့ငှာ သင်က နားဒုက္ခပန်ဆင်သူဖြစ်နိုင်သည်။
ထိုအသံတို့ကို သည်းခံနိုင်သည်ဆိုပါက သင်သည် လောကဓံကို ခံနိုင်ရည်ရှိသူဟု ချီးကျူးခံထိုက်သူဖြစ်မည်။

အလှူခံမဏ္ဍပ်မှာ တနေကုန် လော်စပီကာ သုံးနေတာ ခွင့်ပြုချက် တောင်းပြီးပြီလား၊ ခွင့်ပြုချက် ရပြီးပြီလား၊ ဘယ်မှာလဲ ခွင့်ပြုချက်ဟု မေးခွန်းထုတ်သူ မရှိဘူးဟု ယူဆရသည်။
ကုသိုလ်ရေးလုပ်ဆောင်နေခြင်း၊ ဘာသာတူအများစု၏လုပ်ရပ်များဖြစ်ခြင်းကြောင့် ထိုသို့ မေးခွန်းထုတ်ရမှာ ဝန်လေးခြင်းလည်း ဖြစ်နိုင်သည်။

အလှူခံမဏ္ဍပ်တို့တွင် ပင်တိုင် အကျိုးတော်ဆောင်ကြီးများ ရှိသည်။ သူတို့၏အလုပ်မှာ စေတနာ့ဝန်ထမ်းအလုပ်။ လုပ်အားပေး ဆိုသော်ငြား ဖြစ်ကတတ်ဆန်းလုပ်ကြသည်မဟုတ်။ စိတ်ပါလက်ပါ လုပ်သည်၊ အချိန်ပေးသည်၊ ဇွဲရှိသည်၊ တနေကုန် တနေခန်း မိုက်ကို ကိုင်ထားပြီး အလှူဒါနပြုကြသူငါများ ပေါ်ပေါက်ရေးအတွက် အခမဲ့ အကျိုးဆောင်ပေးကြသည်၊ လော်စပီကာမှ ထွက်ပေါ်လာသော သူတို့၏ အသံကြောင့် အရပ်ရှစ်မျက်နှာ ကြားသိစေသည်။

တချို့သော အကျိုးတော်ဆောင်ကြီးများက ကာရံ၊ နဘေ ပိုင်နိုင်ကြသည်၊ လင်္ကာတေးသွား တပိုင်းတစ ထည့်ပြီး လှုံ့ဆော်တတ်ကြသည်။ ဒါလည်း ပါရီမီကြီးမားသူမှ တတ်ကျွမ်းသော ပညာများပင်။

အလှူခံမဏ္ဍပ်မှ ထွက်ပေါ်လာသမျှအသံကို ခံနိုင်ရည်ရှိသူမှာလည်း ပါရမီကြီးသူများစာရင်း ဝင်နိုင်သည်။ ယနေ့ နေ့ခင်းပိုင်း ရန်ကုန်မြို့လယ်တွင်
လှည့်လည် အလှူခံသူတစုနှင့် တိုးမိသည်။ အလွန်တရာမှ မြူးကြွလှသော ကိုကြီးကျော် နတ်သီချင်းကို ကျယ်ကျယ်လောင်လောင် ဖွင့်ပြီး အလှူခံသည်။
ကြားရသူအပေါင်း ဝင်ရောက် ကခုန်လိုစိတ်ပေါက်သော နတ်ဒိုးသံများက ဆူဆူညံညံ။ ကိုကြီးကျော်ယူနီဖောင်းဝတ်ပြီး ကခုန်သူလည်း လေးဦးခန့် ရှိမည်။
လမ်းသွားလမ်းလာပရိသတ်၏အာရုံကို ကောင်းကောင်း ဆွဲဆောင်သော တင်ဆက်မှုပင်။

ယနေ့ခေတ် အလှူခံတို့က တင်ဆက်မှုအနုပညာ (ပါဖောမင့်န်)များ  ထည့်သွင်းကြသည်။ သူတို့၏အနုပညာဓာတ်ခံစိတ်ကြောင့် ထည့်သွင်းခြင်း ဖြစ်နိုင်သည်။
ဤသို့ တင်ဆက်လျှင် ငါတို့လည်း အပျင်းပြေ၊ အလှူရှင်တို့လည်း အပျင်းပြေမည်ဟု သဘောရခြင်းကြောင်းလည်း ဖြစ်နိုင်သည်။
ဈေးကွက်၏သဘောတရားကို နောကျေနေခြင်းကြောင့်လည်း ဖြစ်နိုင်သည်။ တချို့က ကိုရီးယားပေါ့ပ်သီချင်းဖြင့် အလှူခံထွက်သည်။ အနောက်တိုက်ပေါ့ပ်သီချင်းလည်း သုံးသည်။

ဆူဆူညံညံဂီတသံ၊ မြူးမြူးကြွကြွ တင်ဆက်ကခုန်မှုတို့ကြောင့် ပရိသတ်၏အာရုံမှာ အလှူခံသူတို့ထံ မဖြစ်မနေ ရောက်ကြသည်။ တချို့က အလှူငွေ ထည့်ဝင်ကြသည်။ မလှူနိုင်သော်လည်း ၀င်ရောက် သာဓုခေါ်သူလည်း ရှိပေမည်။
မည်သို့သော ဂီတအမျိုးအစားကို သုံးသည်ဖြစ်ပါစေ …  တနေရာတည်းတွင် ကျောက်ချပြီး အလှူခံခြင်းထက် နေရာအနှံ့ လှည့်လည် အလှူခံခြင်းသည် ကောင်း၏။

ထိုသို့ လှည့်လည်လျှင် ပရိသတ်အဖို့ လှုံ့ဆော်သံဆူဆူညံညံကို နားသောတဆင်ချိန်မှာ မိနစ်ပိုင်းသာလျှင် ဖြစ်လိမ့်မည်။ သူ့အတွက် အနှောင့်အယှက် များစွာ မဖြစ်နိုင်တော့။
ခဏတာ ဖြစ်သောကြောင့် ပရိသတ် မုဒိတာ ပွားနိုင်မည်၊ မေတ္တာ ထားနိုင်မည်။ လှည့်လည်ခြင်းသည် လူများစွာနှင့်တွေ့ဆုံရန် အကြောင်းဖန်လာသဖြင့် အလှူငွေ ပိုမို လက်ခံရရှိနိုင်သည့်အခြေအနေ ပေါ်ပေါက်လာနိုင်သည်။

ထိုသို့သော အချက်တို့ကြောင့် စာဖတ်သူ မိတ်ဆွေ အလှူခံထွက်မည် ဆိုလျှင်ဖြင့် ပရိသတ်ထံ အရောက်သွားသော လှည့်လှည်အလှူခံသည့်နည်းကို သုံးသင့်သည်ဟု ပရဟိတအကျိုးဆောင်လိုခြင်း အလို့ငှာ တိုက်တွန်းလိုက်သည်။
တင်ဆက်မှုအနုပညာ  အမျိုးအစား၊ ဝတ်စားဆင်ယင်မှု၊ ဆင်မြန်းမှုတို့နှင့် ပတ်သက်ပြီး ရွေးချယ်ရေးမှာမူ ပါဝင်ပူးပေါင်းသူတို့နှင့် တိုင်ပင်ဆွေးနွေးပါက ပိုမို အကျိုးများမည် ဖြစ်ပါကြောင်း။     ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts