သတင်းပဒေသာ

လူထုဒေါ်အမာ၏ အနှစ်(၁၀၀) ပြည့် မွေးနေ့အထိမ်းအမှတ်ပွဲပြုလုပ်မည်

လူထုဒေါ်အမာ၏ အနှစ်(၁၀၀) ပြည့် မွေးနေ့အထိမ်းအမှတ်ပွဲပြုလုပ်မည်
(မိုးမခ) နိုဝင်ဘာ ၁၈၊ ၂၀၁၅

သတင်းစာဆရာ၊ စာရေးဆရာမကြီး လူထုဒေါ်အမာ၏ အနှစ်(၁၀၀) ပြည့် မွေးနေ့အထိမ်းအမှတ်ပွဲ အခမ်းအနားများကို မန္တလေးမြို့၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းနှင့် ၃၁လမ်းထောင့်ရှိ ဓမ္မသာလာ ခန်းမကြီးတွင် ၂၀၁၅ နိုဝင်ဘာ ၂၆ မှ နိုဝင်ဘာ ၂၉ ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်သည်။

နိုဝင်ဘာ ၂၉ ရက် နံနက် (၉ ) နာရီအချိန်တွင် အမရပူရ၊ တောင်လေးလုံးကျောင်းတိုက် သူဌေးဘုရားရင်ပြင်တွင် သံဃာတော်များအား ဆွမ်းကပ်လှူဒါန်း၍ ကြွရောက်လာမည့် ပရိသတ်များအား နေ့လည်စာဖြင့် ဧည့်ခံကျွေးမွေးခြင်းနှင့် အမှတ်တရစကားပြောကြားခြင်းများ ကျင်းပမည်ဖြစ်သည်။

ဓမ္မသာလာခန်းမတွင် ကျင်းပမည့် အခမ်းအနားအစီအစဉ် အသေးစိတ်များကို မကြာမီ ထုတ်ပြန် ကြေညာသွားပါမည်။

 

သတင်းစာဆရာ၊ စာရေးဆရာမကြီး လူထုဒေါ်အမာ၏ အထ္ထုပ္ပတ္တိအကျဉ်း
သတင်းစာဆရာ၊ စာရေးဆရာမကြီး လူထုဒေါ်အမာကို ၁၉၁၅ခု နိုဝင်ဘာလ ၂၉ ရက်နေ့က မန္တလေးမြို့ ဂုန္တန်ရပ်မှာ မွေးဖွားခဲ့ပါတယ်။ အဖဦးထင်နဲ့ အမိဒေါ်စုတို့ရဲ့ မွေးချင်း ၁၂ ယောက်အနက် စတုတ္ထမြောက် သမီးဖြစ်ပြီး အမျိုးသမီးနေရှင်နယ်ကျောင်း၊ အေဘီအမ်ကျောင်းနဲ့ ဗဟိုအမျိုးသားအထက်တန်းကျောင်းတို့မှာ ပညာသင်ကြားခဲ့တယ်။

၁၉၃၃ မှ ၁၉၃၅ အထိ မန္တလေးဥပစာကောလိပ်၊ ၁၉၃၆ ခုနှစ်မှာ ရန်ကုန်တက္ကသိုလ် ဘီအေတန်းတက်ရင်း ဒုတိယကျောင်းသားသပိတ်မှာ ပါဝင်ခဲ့တယ်။ အိုးဝေ၊ ကြီးပွားရေး၊ ဘားမားဂျာနယ်တို့မှာ ခင်လဝင်း၊ မြမဉ္စူ စတဲ့ကလောင်များနှင့် စာရေးခဲ့တယ်။

၁၉၃၉ ခုနှစ်မှာ ကြီးပွားရေးဦးလှနဲ့ ထိမ်းမြားလက်ထပ်ခဲ့ပြီး ၁၉၄၅မှ လူထုဂျာနယ် လက်ထောက်အယ်ဒီတာ၊ ၁၉၄၆ မှ လူထုသတင်းစာ အယ်ဒီတာများအဖြစ် ဆောင်ရွက်ခဲ့ကာ သတင်းစာခေါင်းကြီးများ၊ သတင်းဆောင်းပါးများ၊ နိုင်ငံရေးဝေဖန်ချက်များ၊ ယဉ်ကျေးမှုရေးရာစာတမ်းများ၊ ဆောင်းပါးများ၊ ဘာသာပြန်များ စတဲ့ စာအုပ်စာတမ်းများစွာ ရေးသားပြုစုခဲ့တယ်။

သတင်းစာဆရာ၊ စာရေးဆရာအဖြစ် ပြည်သူလူထုဘက်က အစဉ်တစိုက် ရပ်တည်ရေးသားခဲ့တာကြောင့် လူထုမိခင်၊ စာပေမိခင်ကြီးအဖြစ် လေးစားကြည်ညိုခြင်းခံခဲ့ရသူလည်းဖြစ်ခဲ့တယ်။ ၂၀၀၈ ခုနှစ် ဧပြီ ၇ ရက်နေ့မှာ ကွယ်လွန်ခဲ့တဲ့ လူထုဒေါ်အမာဟာ ၂၀၁၅ခုနှစ် နိုဝင်ဘာ ၂၉ ရက်နေ့မှာ အနှစ် ၁၀၀ ပြည့်မွေးနေ့သက်တမ်းတိုင်ခဲ့ပါပြီ။

ဒါကြောင့် သတင်းစာဆရာ၊ စာရေးဆရာမကြီး လူထုဒေါ်အမာရဲ့ အနှစ် ၁၀၀ ပြည့် မွေးနေ့အထိမ်းအမှတ်နဲ့ ပတ်သက်တဲ့ ယခုစာမျက်နှာကို ဖွင့်လှစ်လိုက်ရတာပါ။
—————————————————-
အနှစ် ၁၀၀ ပြည့်မွေးနေ့ အထိမ်းအမှတ် အခမ်းအနားများနှင့် ပတ်သက်ပြီး..

– ညီပုလေး ၀၉ ၂၀၀၁၂၇၇
– သိုက်ထွန်းသက် ၀၉ ၂၀၁၀၂၂၆
– ကျော်ရင်မြင့် ၀၉ ၂၀၀၇၄၂၁
– ညီစေမင်း ၀၉ ၂၀၃၅၀၃၆
– သင့်နော် ၀၉ ၉ ၁၀၁၀၉ ၃၁
– အောင်မြင့်ဦး ၀၉ ၄၀၂၅၃၁၁၃၂
– ဆူးငှက် ၀၉ ၂၀၀၃၁၃၉ တို့ထံ ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

သတင်းနှင့် အချက်အလက်များကို  လူထုဒေါ်အမာ အနှစ် ၁၀၀ ပြည့် မွေးနေ့အထိမ်းအမှတ်ပွဲ စာမျက်နှာမှ ရယူပါသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts