ဂါမဏိ သူတို့အာဘော်

ဂါမဏိ – တနိုင်ငံလုံး စစ်မှုထမ်းရေး

 ဂါမဏိ – တနိုင်ငံလုံး စစ်မှုထမ်းရေး
(မိုးမခ) နိုဝင်ဘာ ၁၅၊ ၂၀၁၅

မအလ စစ်ရေးချုပ်ရဲ့ လျှို့ဝှက်အစီရင်ခံစာအရ ခြေလျင်တပ်ရင်းတရင်းရဲ့ ရှေ့တန်းထွက်စစ်သားအင်အားဟာ အလွန့် အလွန်ဆုံး ၁၀၂ ယောက်ဘဲ ရှိနေတယ်။ ကဖ ၇၀/ဆ ၂၀၀၁ ဖွဲ့စည်းပုံဇယားအရဆိုရင်တော့ ခြေလျင်/ခြေမြန် တပ်ရင်း တရင်းအင်အားကို အင်အားအပြည့်ဆိုရင် အရာရှိ ၃၁ ယောက်၊ အခြားအဆင့် ၈၂၆ ယောက်၊ စုစုပေါင်း ၈၅၇ ယောက် သတ်မှတ်ထားတယ်။ (၁၉၈၈ ခုမတိုင်မီ ပါလီမန်ခေတ်နဲ့ မဆလခေတ်တွေတုံးက တပ်ရင်းတရင်းကို အင်အားပြည့် ၇၇၇ ယောက် သတ်မှတ်ခဲ့တယ်။)

တိုင်းတပ်တွေမှာဆို ဒီ့ထက်အခြေအနေဆိုးလို့ တနိုင်ငံလုံးက ခြေလျင်/ခြေမြန်တပ်ရင်းစုစုပေါင်း ၅၂၀ ကျော်ကို ပျှမ်းမျှတွက် လိုက်ရင် တပ်ရင်းတရင်းမှာ တိုက်ခိုက်ရေးအင်အား လူ ၈၀ နှုန်းလောက်ဘဲရှိတော့တယ်။ လက်ရုံးတပ်/ဝန်ထမ်းတပ်တွေ ဆိုရင်လည်း ဖွဲ့စည်းပုံအင်အားပြည့် ၈၀၀ ကျော် ၉၀၀ ကျော်တွေ သတ်မှတ်ထားပေမဲ့ လက်တွေ့မှာ စစ်သည်အင်အား ၅၀-၆၀ တွေနဲ့ မနည်းလည်ပတ်နေရတယ်။ လူအင်အားများများ မဖြစ်မနေလိုတဲ့ ဆပ်ပလိုင်းတပ်တွေတောင် အင်အား အများ ကြီးလျော့နေလို့ ထောက်ပံ့ရေးပစ္စည်း အထုတ်အသွင်းလုပ်ရတာ ဒုက္ခရောက်နေတယ်။

ဒါကြောင့် ဗမာစစ်တပ်တခုလုံးရဲ့ လက်ရှိစစ်အင်အားဟာ အများပြောနေ ထင်နေကြသလို ၅ သိန်း လုံးဝ (လုံးဝ) မရှိဘဲ ၂ သိန်းတောင် မပြည့်တော့တဲ့ (၂ သိန်းတောင် မပြည့်တော့တဲ့) အခြေအနေ ရောက်နေပါပြီ။

အဲဒါ့ကြောင့်ဘဲ စစ်သားမယားတွေ သားသမီးတွေဟာ အဓမ္မစစ်သင်တန်း တက်ခိုင်းခံရ၊ ကင်းစောင့်ရ၊ စစ်တိုက်ရနဲ့ လူ့အခွင့် အရေးချိုးဖောက်ခံရတာ၊ ILO သဘောတူညီချက်ချိုးဖောက်ခံရတာတွေ အကြီးအကျယ်ဖြစ်နေတယ်။

ဒီအခြေအနေကို စစ်ရေးချုပ် ခန့်မှန်းထားတာက နောက်လာမယ့် ၅ နှစ်ဆိုရင် တိုက်ခိုက်ရေးတပ်ရင်းတရင်းအင်အားဟာ အများဆုံး ၄၀-၅၀ အထိ ကျသွားလိမ့်မယ်လို့ တွက်ထားတယ်။ တဖက်မှာတော့ စစ်တက္ကသိုလ် ပေါင်းစုံ၊ ဗိုလ်သင် တန်းပေါင်းစုံက တနှစ်တနှစ်ကို အနည်းဆုံး ဗိုလ် ၃၀၀၀ က ၅၀၀၀ အထိ တဗြွတ်ဗြွတ်မွေး ထုတ်နေတဲ့အတွက် တပ်ရင်း တရင်းမှာ အရာရှိ ၂၀-၂၅၊ အခြားအဆင့် ၂၀-၂၅ နဲ့ (လူထုကိုဗိုလ်ကျတဲ့ အလုပ်ကလွဲရင်)  ဘာမှအလုပ်မဖြစ်တဲ့ စစ်တပ် ဖြစ်သွားမယ်၊ ဒါကြောင့် နောက် ၅ နှစ်ကြာရင် တပ်မတော်ရဲ့ အဓိက လုပ်ငန်းတာဝန်ဖြစ်တဲ့ ကာကွယ်ရေးတာဝန်၊ သူပုန်နှိမ် နင်းရေးတာဝန်တွေ လုံးဝရပ်ဆိုင်းပျက်ပြားသွားနိုင်တယ်လို့ စစ်ရေးချုပ်က သုံးသပ်ထားတယ်။

အဲဒါကြောင့် ၁၉၆၀-၆၂ ကာလ ဦးနု ပထစအစိုးရလက်ထက်မှာ ပထမဆုံး အဆိုပြုတင်ပြခဲ့ဖူးပြီး စစ်အာဏာရှင်အလောင်း အလျာတွေကပယ်ချခဲ့တဲ့ တမျိုးသားလုံးစစ်မှုထမ်းဥပဒေ၊ နေဝင်း စစ်အစိုးရလက်ထက် ၁၉၆၉ တပ်မှူးညီလာခံမှာ “ဆိုရှယ် လစ်” မျက်နှာဖုံးနဲ့ကိုက်ညီအောင် ပြဋ္ဌာန်းကျင့်သုံးဖို့ တင်ပြခဲ့ပေမဲ့ စစ်အုပ်စုရဲ့ အထူးအခွင့်အရေးတွေ ထိခိုက်ဆုံးရှုံးသွားမှာ နဲ့ လူတိုင်းစစ်ပညာတတ် စစ်ဘက်အဆောက်အအုံတွေနဲ့ အကျွမ်းဝင်သွားပြီး ပြန်တော်လှန်ခံရမှာကို စိုးရိမ်လို့ ပယ်ချခဲ့တဲ့ တမျိုးသားလုံးစစ်မှုထမ်းဥပဒေကို အခုတော့ မဖြစ်မနေ ပြဋ္ဌာန်းလာရပြီး လက်တွေ့ကျင့်သုံးဖို့လဲ ကာကွယ်ရေးဌာနကောင်စီမှာ ဆွေးနွေးလာရပါတော့ တယ်။

တမျိုးသားလုံးစစ်မှုထမ်းဥပဒေကို ဒီမိုကရေစီနိုင်ငံတွေ အတော်များများမှာ ကျင့်သုံးကြသလို မြောက်ကိုးရီးယား၊ တရုတ်၊ အီရီထရီးယားလို အာဏာရှင်နိုင်ငံတွေမှာလဲ ကျင့်သုံးကြပါတယ်။ ဒီမိုကရေစီနိုင်ငံတွေရဲ့ တမျိုးသားလုံးစစ်မှုထမ်းစနစ် တွေဟာ ဒီမိုကရေစီကို အထောက်အကူပြုပြီး တပ်နဲ့ပြည်သူ အပြန်အလှန်ချစ်ကြည်ဖို့ ရင်းနှီးဖို့ အားပေးထောက်ကူဖို့ နည်းလမ်းဖြစ်သလို အာဏာရှင်နိုင်ငံတွေမှာတော့ အာဏာရှင်လက်ကိုင်ဒုတ်အဖြစ် အသုံးတော်ခံကြရတယ်။ အဆိုးဆုံး ပုံစံကို အာဖရိကတိုက်က အီရီထရီးယားနိုင်ငံမှာ တွေ့ရပြီး ကမ္ဘာ့အစုတ်ပြတ်ဆုံးနိုင်ငံဖြစ်နေလို့ တိုင်းပြည်ထဲက လူထုတွေ တောက်လျှောက်ထွက်ပြေးနေကြရတယ်။ အီရီထရီးယားနိုင်ငံဟာ ဟစ်တလာခေတ် နာဇီဂျာမဏီပုံစံအတိုင်း အုပ်ချုပ်နေ တဲ့နိုင်ငံ ဖြစ်တယ်။

ဒီကနေ့ ဗမာပြည်ကတော့ နာဇီဂျာမဏီပုံစံ အကြွင်းမဲ့အာဏာရှင်စနစ် သွားလို့မရတော့တဲ့အတွက် အီရီထရီးယားလို စစ်မှု ထမ်းဥပဒေစနစ် ကျင့်သုံးဖို့မဖြစ်နိုင်သလို တရားဝင်အားဖြင့် ဒေါ်အောင်ဆန်းစုကြည် NLD အုပ်ချုပ်ရေးအောက် ရောက်မှာ ဖြစ်လို့ ဒီမိုကရေစီနိုင်ငံတွေလို ပြည်သူတရပ်လုံး စစ်ပညာတတ် စစ်ဘက်ဆိုင်ရာကို ရင်းနှီးကျွမ်းဝင်နေခြင်းဖြင့် စစ်အာ ဏာရှင်စနစ် ဆန့်ကျင်တားဆီးရေး၊ တပ်တွင်းဒီမိုကရေစီထွန်းကား ကျင့်သုံးရေး၊ တပ်မတော်သားသမဂ္ဂ ဖွဲ့စည်းရေးတွေ ဖြစ်လာဖို့ အလားအလာများပါတယ်။ သူပုန်နှိမ်နင်းရေးတာဝန်ကလွတ်မြောက်ပြီး အစစ်အမှန် နိုင်ငံတော်ကာကွယ်ရေးတာဝန်ထမ်းလာလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။

ဒါကြောင့် ၂၀၁၅ ရွေးကောက်ပွဲပြီးတော့ ဒေါ်အောင်ဆန်းစုကြည် အစိုးရဖြစ်ချိန်မှာ တမျိုးသားလုံးစစ်မှုထမ်း ဥပဒေ ကျင့် သုံးပြီး လူတိုင်း စစ်ပညာတတ်ရေး၊ စစ်တပ်တွေထဲ ဝင်ထွက်လက်လှမ်းနိုင်ရေးလုပ်ပြီး စစ်အာဏာရှင်စနစ် ထာဝရ ထပ်ပေါ် မလာအောင် လုပ်နိုင်ဖို့ အခွင့်အလမ်းရှိနေပါပြီ။

လိုအပ်ရင်တော့ အီရန်နိုင်ငံလို တပ်မတော်အပြင် Republican Guards ထပ်တည်ထောင်ပြီး ပါတီစုံနိုင်ငံရေးစနစ်သာမက တိုင်းရင်းသားပြည်နယ်စောင့်တပ်တွေ (National Guard) ပါ ပါဝင်တဲ့ (ဆရာနိုင်ဝင်းဆွေ ပြောခဲ့ဖူးတဲ့) တပ်မတော်စုံ ကာ ကွယ်ရေးစနစ် ကျင့်သုံးဖို့ စဉ်းစားထားသင့်ပါတယ်။
ဂါမဏိ


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts