သတင်းဆောင်းပါး ဇော်အောင် (မုံရွာ)

ဇော်အောင် (မုံရွာ) – NLD စီးပွားရေး မူဝါဒ ၅ ချက်နဲ့ ပတ်သက်လို့

 
ဇော်အောင် (မုံရွာ) – NLD စီးပွားရေး မူဝါဒ ၅ ချက်နဲ့ ပတ်သက်လို့
(မိုးမခ) နိုဝင်ဘာ ၁၅၊ ၂၀၁၅
NLD က နိုင်ငံရှေ့ဆက်မယ့် စီးပွားရေးမူဝါဒလမ်းစဉ်အချက် ၅ ချက်ထုတ်ပြန်ထားပါတယ်။
 
(၁) အရှုံးပေါ်နေသော နိုင်ငံပိုင် စီးပွားရေးများ ရပ်ဆိုင်းပါမည်။ အခွန်ရှောင်မှုများကို နှိမ်နင်းပြီး အခွန်အခများ အပြည့်အဝရအောင် ဆောင်ရွက်သွားပါမယ်။ ဝန်ကြီးဌာနများရဲ့ မလိုအပ်တဲ့အသုံးစရိတ်များကို လျှော့ချသွားပြီး၊ ပြည်သူ့ အတွက်လိုအပ်တဲ့ လူမှုကိစ္စများအတွက် အသုံးချသွားပါမည်။
 
(၂) လာဘ်စားမှုများ တိုက်ဖျက်ပြီး တရားဥပဒေစိုးမိုးမှုရှိရေး၊ ဝန်ကြီးဌာနများ တာဝန်ယူတတ်မှုရှိရေးတို့ကို လုပ်ဆောင်ပါမည်။ စုစည်းလုပ်ကိုင်မှုအားနည်းနေသော အစိုးရဌာန ယန္တယားများ၊ ဖောင်းပွနေသော အစိုးရဌာန များကို ကျစ်လစ်မှုရှိအောင် ပြင်ဆင်ဖွဲ့စည်းသွားပါမည်။
 
(၃) စိုက်ပျိုးရေးကဏ္ဏ ဖွံ့ဖြိုးအောင် နိုင်ငံတကာ ရင်းနှီးမြုပ်နံမည့် ကုမ္ပဏီများကို ဖိတ်ခေါ်ပြီး၊ လယ်သမားများကို ချေးငွေများ၊ လယ်လုပ်ပိုင်ခွင့်များ ဖေါ်ဆောင်ပေးသွားပါမည်။
 
(၄) တိုင်းပြည်ဘဏ္ဍာရေး ငွေးကြေးခိုင်မာရေးများအတွက် ဗဟိုဘဏ်ကို ပြန်လည်ဖွဲ့စည်း၍ လုပ်ပိုင်ခွင့်အပြည့်အဝပေးပြီး ငွေကြေးကဏ္ဍကို ထိန်းညှိသွားပါမည်။
 
(၅) အခြေခံအဆောက်အအုံများကို နိုင်ငံခြားချေးငွေများ အကူအညီများနဲ့ ဖြည့်တင်း တည်ဆောက်ပေးသွားပါမည်။ကိုးကား။    ။ အင်အယ်ဒီထုတ်ပြန်ချက် နှင့်  မြန်မာတိုင်းသတင်းစာ ဖြစ်ပါတယ်။

(၁) အရှုံးပေါ် နိုင်ငံပိုင် စီးပွားရေးများ
 

ကျနော်သိသမျှ အနည်းကျဉ်း ရေးပါမယ်။ ဧရာဝတီတိုင်းမှာ ပုသိမ်မှန်စက်ရုံ ဝန်ထမ်း ၅၀၀ လောက် သန့်ရှင်းရေးလုပ်ရင်း စက်ရုံလာလည်ပတ်မဲ့ နိုင်ငံခြားကုမ္ပဏီကို စောင့်နေတာ နှစ်ပေါင်းများစွာ ရှိပါပြီ။ သာပေါင်း ပျော့ဖတ်စက်ရုံကလည်း စက်သုံးမရတဲ့အထိ လည်ပတ်သွားပြီး 
တရုတ်တွေ ပစ်ထားလိုက်တာ နှစ်တော်တော်ကြာပါပြီ။ ဝန်ထမ်း ၅၀၀၀ လောက် သန့်ရှင်းရေး လုပ်နေရပါတယ်။ မြင်းခြံ သံမဏိစက်ရုံ အကြီးမားဆုံးသော လေလွင့်မှုကြီးဖြစ်ပါတယ်။ ဒေါ်လာဘီလျံနဲ့ ချီပြီး ဦးနေဝင်းလက်ထက်ကတည်းက ဆောက်နေတာ၊ စက်ရုံပေါင်း ၂၀  လောက် သံမဏိကုန်ကြမ်းကနေ ပိုက်၊ စက်ပစ္စည်း၊ ကားပစ္စည်း စသည်ဖြင့် အင်မတန်ကြီးမားတဲ့ စက်ရုံကြီးကို ဘိန်းဘုရင် အေးရှားဝေါက ပစ္စည်းတွေပို့ပေး၊ ငွေအကုန်ထုတ်ယူသွားပြီး၊ လူတစ်ယောက်ထဲ သံမဏိစက်ရုံဝင်းထဲ ချန်ထားပါတယ်။ တောင်လိုပုံနေတဲ့ ကွန်တိန်နာများ၊ စက်ပစ္စည်း အသစ်များ မိုးလေထဲ ထောင်ပေါင်းများစွာ နှစ်ပေါင်းများစွာ တုံးလုံးပက်လက် လဲနေကြပါတယ်။ သံရည်ကြိုဖို့ ကုန်ကြမ်း အထက်ဗမာနိုင်ငံက ကားဟောင်းတွေလည်း တောင်လိုပုံနေပါတယ်။ တောင်ကိုးရီးယားက သံရည်ကြိုဖို့ သံကုန်ကြမ်းတွေလဲ တောင်လိုပုံပြီး ရောက်နေပါပြီ။ စစ်တပ်ထဲမှာ ပြသနာဖြစ်လို့ မကောင်းကျောင်းပို့ စစ်ဗိုလ်တွေ များပြားစွာ မြင်းခြံသံမဏိစက်ရုံ စီမံကိန်းမှာ ရောက်နေပါတယ်။
ဒါတွေကတော့ စက်မှုဝန်ကြီးဌာန တစ်ခုတည်းပါ။ တခြားဝန်ကြီးဌာနတွေလည်း စက်ရုံဆောက်ဖို့ ပစ္စည်းတွေရောက်လာပြီး တန်းလန်းပစ်ထားတဲ့ စီမံကိန်းတွေ အများကြီးပါ။ ဒါတွေအားလုံးကို ကျွမ်းကျင်သူတွေကတော့ အဟောင်းဈေးနဲ့ ရောင်းချရမှာ ဖြစ်ပါတယ်။ နှစ်ပေါင်းများစွာ ကြာခဲ့ပြီဆိုတော့ စက်ရုံတစ်ခုဟာ ၅နှစ် ဆိုရင် လွှင့်ပစ်ရမှာဖြစ်လို့ အဟောင်းဈေးနဲ့ပဲ တင်ဒါခေါ်ပြီး ရောင်းထုတ်ပစ်မယ်။ အဲဒီနေရာတွေမှာ ဂျာမန်၊ ဂျပန်၊ ကိုးရီးယား၊ တရုပ့် ပုဂ္ဂလိကစက်ရုံတွေကို အမြန်ဆုံးဆောက်ပြီး ဝန်ထမ်းတွေကို ပုဂ္ဂလိကပြောင်းပစ်လိုက်ရမှာ ဖြစ်ပါတယ်။

.



ဝန်ထမ်းများ

သူတို့ကို နှစ်အလိုက် လျော်ကြေးငွေနဲ့ ပင်စင်ပေးရမယ်။ နှစ်ရှည်လုပ်သက်ရှိသူများ အနှစ်၂၀ လုပ်သက်ရှိရင် ရောင်းစားမရတဲ့ မြေကွက်များကို ချပေးပြီး၊ အကြွေးနဲ့ အိမ်ဆောက်ပေးရပါမယ်။ ဒါမှမဟုတ် သူတို့နေရပ်မှာ တန်ဖိုးနည်းအိမ်ယာများ ဆောက်ပေးရပါမယ်။ တိုက်ခန်းတစ်ခန်းကို ဝန်ကြီးဌာနပိုင် မြေကွက်မှာ တန်ဖိုးနည်းတိုက်ခန်း ဆောက်မယ်ဆိုရင် တစ်ခန်းကို သိန်း၅၀ လောက်ပဲ ကုန်ကျစရိတ်ရှိတဲ့အတွက် တစ်လ ၃သောင်းလောက်နဲ့ အရစ်ကျ ရောင်းပေးနိုင်မှာ ဖြစ်ပါတယ်။

 
ဝန်ထမ်းများကို အရည်သွေးမြင့်အောင် ဖောင်ကြီးဝန်ထမ်းတက္ကသိုလ်မှာ ၅လ သင်တန်းများ အဆက်မပြတ်ပို့ချနေပါတယ်။ သူတို့ကို သင်တန်းမဆင်းခင် ဈေးသက်သာတဲ့ ထိုင်းနိုင်ငံ အစိုးရဌာနများနဲ့ လယ်ယာ၊ စက်မှုလုပ်ငန်းများသို့ ဘတ်စကားများနဲ့ တစ်ပတ်လောက် လေ့လာရေး ပို့ပေးသင့်ပါတယ်။ ဖောင်ကြီး – မြဝတီ။ မဲဆောက်၊ ချင်းမိုင်၊ ဘန်ကောက် – ဘတ်စကားနဲ့ ပျော်ရွှင်စွာ ထိုင်းနိုင်ငံအကြောင်း လေ့လာနိုင်ပါမယ်။ မြန်မာစီးပွားရေးက ဘယ်လိုပဲ ဖြစ်ဖြစ် ထိုင်းနိုင်ငံဟာ မကြာခင် နံပါတ်(၁) ရင်းနှီးမြှတ်နှံတဲ့ နိုင်ငံအဖြစ် တရုပ်ကို ကျော်တက်သွားမှာ သေချာပါတယ်။ ဗီယက်နမ် ပြုပြင်ပြောင်းလဲစဉ်ကလဲ ထိုင်းကုမ္ပဏီများပဲ ပထမ (၁၀)နှစ်က လာရောက်အမြတ်ထုတ်ခဲ့ပါတယ်။ နောက်ပိုင်းတော့ ဗီယက်နမ်များက လုပ်ကိုင်တတ်သွားကြပါတယ်။  အခုအခါမှာ ဗီယက်နမ်းလူမျိုးအများစုက ကုမ္ပဏီကြီးများကို ပိုင်ဆိုင်နေပြီ ဖြစ်ပါတယ်။ မြန်မာနိုင်ငံ စီးပွားရေးလဲ ပွင့်လင်းမြင်သာရှိလာရင် ထိုင်းကုမ္ပဏီများပဲ သူတို့နိုင်ငံမှာ အလုပ်လာလုပ်တဲ့ မြန်မာကျွမ်းကျင်ဝန်ထမ်းများနဲ့ မြန်မာပြည်ကို ဝင်လာကြမှာ ဖြစ်ပါတယ်။
 
ဒါကြောင့် မြန်မာ အစိုးရဝန်ထမ်းများကို စံနမူနာပြ ဖောင်ကြီးဗဟိုဝန်ထမ်းတက္ကသိုလ်မှာ သင်တန်းပေးတဲ့အခါ ထိုင်းနိုင်ငံ တစ်ပတ်ခရီးစဉ် ကုန်ကျစရိတ်နည်းစွာနဲ့ စီစဉ်နိုင်ပါတယ်။ လေယာဉ်စီးရတဲ့ စင်ကာပူ၊ တောင်ကိုးရီးယား လေ့လာရေးများကတော့ အဆင့်မြင့်အရာရှိများအတွက် ပို့ပေးနေတာကို အင်အယ်ဒီအစိုးရလက်ထက်မှာ ပိုမိုအရှိန်ဟုန် မြင့်လာစေမယ် မျှော်လင့်ပါတယ်။ 

(၂) လာဘ်စားမှုတိုက်ဖျက်ရေး
 ဒေါ်အောင်ဆန်းစုကြည် နဲ့ မြန်မာအစိုးရလူကြီးမင်းတွေ စင်ကာပူ CPIB အဂတိတိုက်ဖျက်ရေးဗျူရို အသေအချာ လေ့လာခဲ့ပြီးဖြစ်ပါတယ်။ မြန်မာအစိုးရလူကြီးတွေ တောင်ကိုးရီးယားနိုင်ငံအစိုးရလုပ်ငန်းတွေ လနဲ့ချီပြီး လေ့လာခဲ့ပြီးဖြစ်ပါတယ်။ ဘယ်လို ပွင့်လင်းမြင်သာအောင် အဂတိတိုက်ဖျက်သလဲ ..။ အင်အယ်ဒီပါတီနဲ့ အစိုးရဌာနဆိုင်ရာများ ညီညွတ်စွာ လုပ်နိုင်ပါတယ်။ တပ်မတော် ဦးပိုင်စီးပွားလုပ်သူများကတော့ အင်အယ်ဒီပါတီ အစိုးရနဲ့ ဌာနဆိုင်ရာဝန်ထမ်းများ လုပ်ပုံကိုင်ပုံကို နမူနာယူရမှာ ဖြစ်ပါတယ်။
(၃) စိုက်ပျိုးရေး တောင်ယာလုပ်ကိုင်သူများ
စက်မှုလယ်ယာ ဖြစ်လာရေးအတွက်တော့ တရုပ်၊ ဗီယက်နမ်၊ ထိုင်းနိုင်ငံများကို နမူနာယူရပါမယ်။ လယ်ယာသုံးကုန်ပစ္စည်း ဓါတ်မြေသြဇာ၊ ပိုးသတ်ဆေး၊ မျိုးစေ့ ကအစ နောက်ဆုံး လယ်ထွန်စက်၊ ကောက်ရိတ်စက်အဆုံး .. အရည်သွေးမီ ၊ အစိုးရက ၄၀% အထိ ပံ့ပိုးကူညီရပါတယ်။ လယ်ယာသုံးဆိုရင် အခွန်မရှိ တင်သွင်းခွင့်ပေးတဲ့အြ့ပင် အစိုးရက ၄၀%လောက် ပံ့ပိုးတဲ့အတွက် တောင်ယာလုပ်သူများ ရင်းနှီးငွေနည်းပါးပြီး အမြတ်ပိုထွက်လာပါမယ်။
 
ဒီစနစ်အကောင်အထည်ဖော်ဖို့ ..အရေးကြီးဆုံးကတော့ လယ်ယာမြေဥပဒေကို လယ်လုပ်သူတိုင်းလယ်ပိုင်အောင် ပြုပြင်ပြောင်းလဲရပါမယ်။ တိုင်ဝမ်း၊ ကိုးရီးယား၊ ထိုင်းနိုင်ငံများက လယ်ယာမြေဥပဒေကို ချစ်တီးကုလားလို လယ်ပိုင်ရှင်များလက်ထဲကနေ လယ်လုပ်သူများကို ခွဲဝေပေးနိုင်လို့ တိုင်ပြည်တိုးတက်တာ မြန်သွားပါတယ်။ လယ်သမားများ ဝင်ငွေပိုရလာပြီး စက်မှုလယ်ယာအဖြစ် တဟုန်ထိုးပြောင်းသွားပါတယ်။ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ ကမ္ဘောဒိယားနိုင်ငံများမှာ လယ်ပိုင်ရှင်၊ ဥယျာဉ်မြေလွတ်ပိုင်ရှင်များ လက်ဝါးကြီးအုပ်ခွင့် ပေးထားတဲ့အတွက် လယ်သမားများ ဆင်းရဲစွာ ရှိနေကြပါတယ်။
 
ဒါကြောင့် လယ်ယာမြေ၊ ဥယျာဉ်မြေများကို လယ်သိမ်းထားတဲ့ ကုမ္ပဏီများ၊ စစ်တပ်များ သေချာပြန်လည်စီစစ်ပြီး လယ်လုပ်သူတိုင်းလယ်ပိုင်အောင် လုပ်ပေးဖို့ အင်အယ်ဒီအစိုးရ သိပြီးသားဖြစ်ပါတယ်။ လယ်ယာမြေများကို ပိုင်းစိတ်ပြီး၊ လူနေအိမ်မြေများအဖြစ် ရောင်းစားနေသူများကို ပိတ်ပင်ရမှာ ဖြစ်ပါတယ်။
(၄) ဘဏ္ဍာငွေများ 
အထူးသဖြင့် အခွန်ကောက်ခြင်း နဲ့ ဘတ်ဂျတ် ခွဲဝေသုံးစွဲခြင်းတို့မှာ စာရင်းစစ်အဖွဲ့နဲ့ အာမခံအဖွဲ့တို့ကို သြဇာကြီးအောင် လုပ်မှာဖြစ်ပါတယ်။ အခွန်ရှောင်ကုမ္ပဏီ အလွန်များသလို တစ်ဥိးချင်း အခွန်ရှောင် ရောင်းဝယ်နေသူများစွာ ရှိပါတယ်။ နောက်တစ်ခုကတော့ နာမည်ကျော်တဲ့ ဇီးသီးဗန်းမှောက်ခြင်း (ဘတ်ဂျတ်ချပေးငွေများ နှိုက်ယူခြင်း) ဖြစ်ပါတယ်။ ငွေကြေးကိစ္စ ကိုင်တွယ်သူ အစိုးရဝန်ထမ်းများကို လစာ မပေးရင်နေပါစေ၊ ဘောနပ်ဆုကြေးငွေ လုံလောက်အောင် ပေးရပါမယ်။ သူတို့အဖွဲ့ရဲ့ လုပ်ဆောင်မှု ငွေကြေးအမြတ်ပေါ် မူတည်ပြီး အစိုးရငွေကြေးကိုင်တွယ်သူများကို လုံလောက်အောင် ပံ့ပိုးရပါတယ်။ အထူးသဖြင့် စားဝတ်နေရေး .. နေအိမ်ခန်းတစ်ခုကို ဈေးချိုသာစါာ ရောင်းပေးရပါမယ်။
 
အရေးကြီးတဲ့ ဝန်ထမ်းများဖြစ်လို့ သူတို့မိသားစု ခံစားချက် ပညာရေးနဲ့ကျန်းမာရေးအတွက် အစိုးရက အတိုင်းတာတစ်ခုထိ တာဝန်ယူရပါမယ်။ အခု အင်ဒိုနီးရှားက အရပ်သားသမ္မတ ဂျိုကိုဝီ ဆောင်ရွက်နေတဲ့ လစာနည်းဝန်ထမ်း မိသားစုများအတွက် ပညာရေးနဲ့ ကျန်မာရေး စောင့်ရှောက်မှု ပေါ်လစီတွေက အတုယူစရာကောင်းပါတယ်။
 
တောင်ကိုးရီးယား နိုင်ငံမှာတော့ အတိုက်အခံပါတီ ပထမဆုံးအာဏာရလာတဲ့ ကင်ဒေးဂျုံ (၁၉၉၈-၂၀၀၃)့ Kim Dae-jung  8th President 1998 to 2003, the 2000 Nobel Peace Prize recipient လက်ထက်မှာ အဂတိအမှုများကို အစိုးရ ဝက်ဆိုဒ်မှာ တိုင်ကြား၊ မှတ်တမ်းတင်ခြင်း စတင်လုပ်ဆောင်ခဲ့ပါတယ်။ အဲဒိနောက်ပိုင်း တောင်ကိုးရီးယား စီးပွားရေး အလွန်လျှင်မြန်စွာ တိုးတက်သွားပြီး အခု ၁၅နှစ်အတွင်းမှာ ကမ္ဘာထိပ်တန်းနိုင်ငံ ဖြစ်သွားပါပြီ။
 
တကမ္ဘာလုံး နိုင်ငံများစွာ ကျင့်သုံးနေတဲ့ ဝန်ထမ်းများရဲ့ လစာကနေ ဖြတ်တောက် စုဆောင်းစေတဲ့ စနစ်ကို မြန်မာအစိုးရဝန်ထမ်းများ စတင်နေပြီဖြစ်ပါတယ်။ စင်ကာပူမှာတော့ စီပီအက်ဖ် CPF Saving လို့ခေါ်ပြီး၊ မလေးရှားမှ အီးပီအက်ဖ်၊ အမေရိကားမှာ ဖိုးအိုဝမ်း-ကေ လို့ခေါ်ပါတယ်။
(၅) အခြေခံအဆောက်အဦများ
 လျှပ်စစ်၊ လမ်းတံတား၊ ဆည်မြောင်း စတဲ့ အရာများကို နိုင်ငံခြားချေးငွေ သုံးတဲ့အခါ နှစ်ရှည်အကျိုးဖြစ်သလား ဆိုတာ၊ ပညာရှင်များနဲ့ ဆုံးဖြတ်ပြီး ချေးငွေ လက်ခံရပါတယ်။ 
 
ဥပမာ ဖိလစ်ပိုင်မှာ လျှပ်စစ်လုပ်ငန်းကို ဖက်စပ်လုပ်ဖို့ ပြည်တွင်းခရိုနီများက ဥပဒေလက်တစ်လုံးခြား လုပ်ခဲ့ပါတယ်။ အနှစ်၃၀ ကြာတဲ့ အချိန်မှာ ဖိလစ်ပိုင်လျှပ်စစ် မီတာခဈေးနှုန်းက ကမ္ဘာပေါ် ဈေးအကြီးဆုံး ဖြစ်နေပါပြီ။ ထိုင်း၊ တရုပ်မှာ တစ်ယူနစ် ကျပ် ၁၀၀ လောက်ပဲ ပေးရချိန် ဖိလစ်ပိုင်မျာ တစ်ယူနစ် ကျပ်တစ်ထောင်လောက်ထိ ဈေးကြီးနေပါတယ်။ ဒါကတော့ ပြည်တွင်းခရိုနီများ အခြေခံအဆောက်အဦ ချေးငွေကို ဥပဒေအလွဲသုံး လုပ်စားသွားတာကြောင့်ပါ။ 
 
တယ်လီဖုန်းအော်ပရေတာ ၂ခုကို သမ္မတဦးသိန်းစိန် အစိုးရက ကောင်းမွန်စွာ ရွေးချယ်ခဲ့လို့ မြန်မာ့ဆက်သွယ်ရေးက ခရိုနီလုပ်ငန်းရှင်များ အကြပ်ရိုက်သွားခဲ့ရပါတယ်။ 
 
 နိုင်ငံခြားရင်းနှီးမြှတ်နှံမှု ကော်မရှင်မှာ ဆေးလိပ်၊ အရက်၊ ဘီယာ၊ သံယံဇာတ လုပ်ငန်းတွေချည်း မဟုတ်တော့ပဲ အလုပ်သမားများစွာ ခန့်နိုင်မဲ့ ကုန်ထုတ်လုပ်ငန်း စက်ရုံများ ရောက်ရှိလာကြပါမယ်။  ပိုမိုကောင်းအဆင့်မြင့် နိုင်ငံခြား ကုမ္ပဏီကောင်းများစွာကို ဆွဲဆောင်နိုင်မှာ ဖြစ်ပါတယ်။
 
ဒါကြောင့် နိုင်ငံခြားချေးငွေများကို လက်ခံတဲ့အခါ .. ငွေဖောင်းပွနှုန်း၊ ဘဏ်အတိုးနှုန်း၊ စက်ပစ္စည်းထိန်းသိမ်းမှုစရိတ်၊ ကုန်ကြမ်းစရိတ်၊ ငွေလဲလှယ်နှုန်း စသဖြင့် ရင်းနှီးမြုတ်နှံမှု ကျွမ်းကျင်သူများကို နိုင်ငံတော်က ငှားရမ်းအသုံးပြုရပါတယ်။
ဒါတွေကတော့ အကျဉ်းပဲ စီးပွားရေးပေါ်လစီ (၅)ချက်ကို စာရေးသူ သိသမျှ အကျဉ်းရေးလိုက်ရပါတယ်။
အင်အယ်ဒိ ဗဟိုကော်မတီမှာ အလွန်ထူးချွန်တဲ့ စီးပွားရေးပညာရှင်များ ရှိပါတယ်။ မြန်မာပုဂ္ဂလိကဘဏ်များ၊  မြန်မာဗဟိုဘဏ် စသဖြင့် ငွေကြေးအဖွဲ့ကို ကမ္ဘာ့အဆင့် ပုဂ္ဂိုလ်များနဲ့ ဖွဲ့စည်းထားပါတယ်။ သမ္မတဦးသိန်းစိန် လက်ထက်မှာ အိမ်ခြံမြေဈေးနဲ့ကုန်ဈေးနှုန်း မထိန်းနိုင်ပေမဲ့ အခြေခံ ငွေကြေးစနစ်ကိုတော့ ခိုင်မာအောင် လုပ်ဆောင်ထားနိုင်တာ ကျေးဇူးတင်ရပါမယ်။
 
သမ္မတ ဦးသိန်းစိန် အစိုးရကတည်းက တတ်ကျွမ်းသူများနဲ့ ပူးပေါင်းအကြံယူ၊ လုပ်ကိုင်နေတာကို တွေ့ရပါတယ်။ မြန်မာအစိုးရကိုယ်တိုင် ကိုယ် မတတ်ရင်လည်း တတ်ကျွမ်းတဲ့ နိုင်ငံခြားအစိုးရများ၊ အဖွဲ့အစည်းများရဲ့ အကြံပေးချက်များ ကို လိုက်နာရပါမယ်။ အထူးသဖြင့် စေတနာစိတ်နဲ့ကူညီမဲ့ ဂျပန်၊ ဂျာမဏီ၊ တောင်ကိုးရီးယား၊ စင်ကာပူ၊ တရုတ် စတဲ့ တိုးတက်တဲ့ နိုင်ငံများက စီးပွားရေးပညာရှင်များ အကြံပေးချက်ကို လိုက်နာလုပ်ကိုင်နေပါတယ်။
 
အမေရိကန်နိုင်ငံကတော့ နိုင်ငံရေးနဲ့ လက်နက်ရောင်းချရေးပဲ စိတ်ဝင်စားပါတယ်။ အမေရိကန်နဲ့ အင်္ဂလိပ် စီးပွားရေး ကုမ္ပဏီများက အားကိုးရလောက်အောင် ရိုးသားမှု မရှိပါဘူး။ သူတို့နိုင်ငံကလည်း စီးပွားသိပ်မကောင်းကြပါဘူး။  ရိုးသားမှန်ကန်၊ နည်းပညာရှိတဲ့ စီးပွားရေးအခြေနေ သိပ်မဆိုးတဲ့ ဂျပန်၊ ဂျာမဏီ၊ တောင်ကိုးရီးယား၊ တိုင်ဝမ် ကုမ္ပဏီကြီးများ၊  တရုပ်ပြည်များက စီးပွားရေးကုမ္ပဏီကောင်း အချို့တို့နဲ့ဆိုရင်  ပိုပြီး အလုပ်ဖြစ်မှာပါ။
နိဂုံးချုပ်
 
အခုခေတ်က လက်နက်နိုင်ငံခေတ် မဟုတ်တော့ပါဘူး။ တရုတ်ပြည်ကြီးတောင် လေယာဉ်တင်သင်္ဘော တစ်စီးမှ မရှိလို့ တလောက ရုရှားလေယာဉ်တင်သင်္ဘောဟောင်းကို ဝယ်ပြီး ပြုပြင်သုံးစွဲနေရပါတယ်။ ဂျပန်ကတော့ လွန်ခဲ့တဲ့ နှစ်၆၀ ဒုတိယ ကမ္ဘာစစ်ကတည်းက လေယာဉ်တင်သင်္ဘောများစွာ ပိုင်ဆိုင်၊ နည်းပညာကျွမ်းကျင်သူ ဖြစ်ပါတယ်။ ဒါကြောင့် ကာကွယ်ရေး ခေတ်မှီပစ္စည်းကအစ လူသုံးကုန် တီဗွီ၊ မိုဘိုင်းဖုန်းအထိ စီးပွားရေးပိုင်နိုင်စွာ လုပ်ကိုင်နိုင်မှု အလွန်အရေးကြီးတဲ့ ကာလ ဖြစ်နေပါတယ်။
(၅)နှစ်အတွင်းမှာ ကမ္ဘာ့အဆင်းရဲ့ဆုံး နိုင်ငံအဖြစ်က လွတ်မြောက်မယ်လို့ လူထုတရပ်လုံး ယုံကြည်မျှော်လင့်ချက် အရမ်းမြင့်မားနေပါတယ်။ NLD  နိုင်ငံရှေ့ဆက်မယ့် မူဝါဒလမ်းစဉ် ၅ ချက်ကို ဝမ်းမြောက်စွာ  ကြိုဆိုလိုက်ပါတယ်။

၁၄-နိုဝင်ဘာ-၂၀၁၅

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts