ခင်လွန်း – တစ်တီတူးတကောင်ရဲ့အလံတော်
(မိုးမခ) နိုဝင်ဘာ ၁၅၊ ၂၀၁၅
ညီတို့
ဒီနေ့တော့
ငါဟာ
မီးသမုဒ္ဒရာ အစင်းစင်းကိုဖြတ်
ဓားတောင် အထပ်ထပ်ကိုကျော်
ငါ့အလံတော်ကို ငါ
လွှင့်တင်ရတော့မှာပဲ။
ညီတို့
ငါ့အလံကို
ဓားမိုး ရွာရင်လဲ
ငါ လွှင့်တင်ရတော့မှာပဲ
ကျည်မိုး ရွာရင်လဲ ငါ
လွှင့်တင် ရတော့မှာပဲ
ပြီးတော့ …
တစ်တီတူးတကောင်လိုပဲ ငါ့အကြောင်းငါ
ပြောရတော့မှာပဲ
ငါဟာ မင်းတို့တရွာထဲသား
တရေထဲ သောက်ခဲ့သူပါကွဲ့။
ညီတို့ရေ
သမိုင်းဝန်ကို ပခုံးပေါ်တင်ရဲသူတို့သာ
ကိုယ့်အကြောင်းကို ပြောဝံ့ကြ
ငါဟာ
တစ်တီတူးတကောင်လိုပဲ ပြောရတော့မယ်
အရိုင်းသမိုင်းကို ပြောင်းလှန်ပစ်ဖို့
တဘ၀လုံး ပြောင်းပြန်အိပ်ခဲ့တဲ့ တစ်တီတူးကောင်အဖြစ်ဟာ
ငါပေါ့။
ညီတို့
ငါဟာ ဒဏ္ဍာရီလာ
သူရဲကောင်းကြီးလည်း မဟုတ်ရပါဘူးကွဲ့
မင်းမြင်နေကျ လူတယောက်အဖြစ်ထက်
ဘာမှ ပိုမသာတဲ့သူ
အမေအိုနဲ့ အိမ်အိုကို လွမ်းသူ
ရွာထိပ် ဦးလေးသောင်း လက်ဖက်ရည်ဆိုင်နဲ့
ရာဇ၀င်ကောင်းတွေ ပြည့်နှက်နေရာ
ရွာလယ်အားကစားကွင်းကြီးကို လွမ်းသူ
တကယ်ပဲ
ငါဟာ မအောင်မြင်သော ကဗျာဆရာ
ငါဟာ မထင်ပေါ်တဲ့ စာပေသမား
နာမည်မရှိတဲ့ လွတ်လပ်ရေးစစ်စစ်
ချစ်မြတ်နိုးသူ။
လွန်ခဲ့တဲ့ အနှစ် ၄၀ နီးပါးက
လူမသိသူမသိ ရွာကလေးမှာ
ပထမဆုံးစာပေဟောပြောပွဲကျင်းပရေး တက်ကြွမှုနဲ့
ရွာသူကြီး အခြိမ်းအခြောက်ကိုခံခဲ့ရသူ
၈၈ မှာ စစ်ကြောင်း နေ့စဉ်ချီပြီး
မြို့တော်ကို ဦးတိုက်ခဲ့သူ
ငါဟာ
အခု အမေ သက်ရှိထင်ရှား
ရှိ မရှိတော့ကိုတောင် မသိတော့တဲ့
လိုရာ အတ္တ ကြီးလွန်းသူ
ယုံကြည်ရာတခု အတွက်
ခြေဦးတည့် ရွက်လွှင့်သမား ဆိုဆို
နွေဦးကိုကြိုဖို့
ကိုယ့်ဘ၀ကိုယ် လောင်စာဖြစ်စေခဲ့သူ
ဒါပေမယ့်
ငါဟာ ဆင်ဖမ်းသမားမဟုတ်လည်း မဟုတ်ခဲ့သလို
ကျားဖမ်းသမား မဟုတ်ခဲ့သူ
တောမီးလောင်လို့ တောကြောင် လက်ခမောင်းမခတ်ခဲ့သူ
သို့တိုင်
ငြိမ်းချမ်းရေး ချိုးဖြူလေးလွတ်လပ်စွာ ပျံသန်းလာချိန်ကိုတော့
မျှော်လင့်ချက်ကြီးသူ ပဲပေါ့။
ညီလေးရေ
ဒို့ရွာလေးဟာ
ပဲခူးရိုးမတောင်ကျောရဲ့ အဆက်
တောင်လက်တက်စွယ်လေးလည်း ဖြစ်တယ်
ကိုယ်ပိုင် သောက်တော်ချိုရေတွင်းနဲ့
ကိုယ်ပိုင် ဥယျာဉ်ပန်းခင်းနဲ့။
ဒို့ရွာကလေးမှာ
ဖက်ဆစ်တော်လှန်ရေးသမားဟောင်းကြီးတွေနဲ့
လွတ်လပ်ရေးသမိုင်းကြီးခဲ့သူတွေနဲ့။
ဒီလိုပဲ
ပြည်တွင်းစစ် မီးတောက်တွေကြား
ဓားထောင် မောက်ကြွားခဲ့ကြသူတွေနဲ့
သားကောင်မခြား ဖြစ်ခဲ့ရသူတွေနဲ့။
အစဉ်အလာလိုပဲ ဖြစ်ခဲ့ကြတယ်
ဖိနှိပ်သူနဲ့ အဖိနှိပ်ခဲ့ရသူနဲ့။
ပြုသူနဲ့ အပြုခံနဲ့။
ဘက်နှစ်ဘက်၊ ရပ်တည်ချက် နှစ်ခု။
ဒါပေမယ့်
အမှန်တရားဆိုတာက နှစ်ခုမရှိ
ခြွင်းချက်မရှိ။
ညီတို့
အခု ဒို့ရွာကလေးဟာ
သမိုင်းမှတ်တမ်းကောင်းတွေ ရေးထိုးနေပါပေါ့လား။
ဒေါင်းအလံလွှင့်ကာ ချီတက်သူနဲ့
ဒေါင်းမာန်ဝင့်ကာ ညီလျက် တည်လျက် စည်လျက်
စာပေအနုပညာ မြတ်နိုးစိတ်များ ထွန်းကားလျက်။
ညီိတို့…
သမိုင်းတခေတ်ကို ထုဆစ်တဲ့နေရာမှာ
မင်းရော ငါရော
ဘ၀ကိုယ်စီရော
ရွာကလေး ကိုယ်တိုင်ရော
အမှန်တရားကို ကိုင်စွဲလို့
အမှန်တရား ဘက်တော်သားတွေအဖြစ် ရပ်တည်လို့
အမှန်တရားအလံတော်ကို အမြင့်မားဆုံး လွှင့်ထူလိုက်ကြစို့။
ခင်လွန်း
မင်္ဂလာဒုံမြို့နယ် ကြံခင်းစုရပ်ကွက် စာပေဟောပြောပွဲ (၇ . ၂. ၂၀၁၅) ဖြစ်မြောက်ရေးအတွက် ဦးဆောင် ကျင်းပခဲ့သူလူငယ်များအား ဂုဏ်ပြုသည့်အနေဖြင့် ပေးပို့ခဲ့သည့် ကဗျာဖြစ်ပြီး ဆရာမောင်သာချိုက မိမိကိုယ်စားဖတ်ကြားပေးခဲ့ပါသည်။