ကဗျာ

လင်းသက်ငြိမ် – ကမ်းမမြင် လမ်းမမြင် အကန်း

လင်းသက်ငြိမ် – ကမ်းမမြင် လမ်းမမြင် အကန်း
(မိုးမခ) နိုဝင်ဘာ ၅၊ ၂၀၁၅
ကမ်းမမြင် လမ်းမမြင်
ဘာကိုမှ မမြင်ဘူးပေါ့
ကန်းနေတော့ ကမ်းကိုမမြင်ဘူးပေါ့
လမ်းမမြင်တာ ကန်းနေလို့ပေါ့
ဘယ်လိုဆိုဆို
အဲ့ဘူတာက အဲ့ရထားဆီ
ဆိုက်ဆိုက်မြိုက်မြိုက် ဆိုက်တာပဲ
အကန်းဟာ သူ့ဆီတိုးတိုက်နေတဲ့
အဆင်းတွေကို ရက်ရက်စက်စက်
လျစ်လျူရှုလို့
ပန်းကလေးပွင့်နေပုံ
သက်တံ့ကြီး ထိုးထွက်နေပုံ
သစ်ရွက်တို့ ကြွေကျနေပုံ
လူတစ်ချို့လောင်ကျွမ်းနေပုံ
ပုံနေတဲ့ အလောင်အကျွမ်း
အစအနတွေရဲ့ပုံ
လူတစ်ချို့ ဆာလောင်နေပုံ
လူတစ်ချို့ စိတ်အားငယ်နေပုံ၊
စိတ်ပျက်နေပုံ
စိတ်ဆင်းရဲနေပုံ၊
စိတ်ဓာတ်ကျနေပုံ၊
စိတ်ကစဥ့်ကလျားဖြစ်နေပုံ၊
စိတ်သောကရောက်နေပုံ၊
စိတ်လေနေပုံ၊ စိတ်တိုနေပုံ၊
စစ်တိုက်နေပုံ၊ လူသတ်နေပုံ၊
မတရားသိမ်းပိုက်နေပုံ
မှားမှန်းသိလည်း အကန်းဟာ
သူ့ရဲ့ မဟာဥပေက္ခာဝါဒီနဲ့
မရှက်မရွံ့ ရှေ့ဆက်လို့
အကန်းကို အကန်းလို့ခေါ်ရင်
ခင်ဗျား ခေါင်းနဲ့ကိုယ် အိုးစားကွဲမယ်
အကန်းကို အကန်းလို့စာဖွဲ့ရင်
အပေါက်ကျဉ်းထဲရောက်မယ်
အကန်းဟာ သူ့စိတ်ကူးနဲ့သူ
ပုံဖော်တယ်၊ သူ့စိတ်ကူးနဲ့သူ
ခံစားတယ်၊ သူ့စိတ်ကူးနဲ့သူ
ပျော်တယ်၊ သူ့ကမ္ဘာ သူဖန်ဆင်းတယ်
သူ့မြို့သူတည်ဆောက်တယ်၊
သူ့တရား သူစီရင်တယ်
သူ့ဥပဒေ သူပြဌာန်းတယ်
ဘယ်သူဘာပြောပြော ဂရုမစိုက်ပဲ
သူ့စစ်ပွဲ သူတိုက်တယ်
သူ့ရက်စက်မှု သူတသသတယ်
သူ့စည်းစိမ်နဲ့ သူယစ်မူးတယ်
သူ့ခြွေရံသင်းပင်းတွေနဲ့
ပုလင်းတူ ဗူးဆို့တယ်
အကန်း…
အကန်း…
မျက်မမြင်တော့ မဟုတ်ဘူး
အကန်းက ဘာကိုမှမမြင်အောင်
ကန်းနေတဲ့ အကန်းစစ်စစ်
အကန်းဆိုတော့
သွေးတွေချောင်းစီးနေလည်း မတွေ့ဘူး
မျက်ရည်တွေ
အိုင်ထွန်းနေတာလည်း မမြင်ရဘူး
အကန်းက သူရေးတဲ့ပန်းချီကားကို
ကမ္ဘာကျော်ချင်သတဲ့
အကန်းက သူ့ဓာတ်ပုံကို အိမ်ဦးခန်းမှာ
ကိုးကွယ်စေချင်သတဲ့
အကန်းက လာမယ့်မျိုးဆက်တွေအထိ
ကန်းဖို့ရွှေဉာဏ်တော်စူးရောက်သတဲ့
အကန်းကို တရားချနေဦးမှာလား
အကန်းကို တရားပြနေဦးမှာလား
အကန်းကို စင်ပေါ်တင်
အရိုအသေပေးနေရဦးမှာလား
အကန်းကို သူကန်းနေကြောင်း
ရဲရဲရင့်ရင့်တော်လှန်ဖို့
အကန်းက
ကန်းအောင် အစီအမံခံနေရသူတွေ
အလင်းကို ယုံယုံကြည်ကြည်လက်ခံဖို့
ကန်းလု ကန်းချင် လူတစ်ယောက်က
ဒီကဗျာကို ရွာချလိုက်ရပါတယ်
ဆိုတဲ့အကြောင်း…။       ။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts