ရသဆောင်းပါးစုံ

သွန်းခ – ဘယ်သူတွေ ဘယ်လိုပိုင်ကြသလဲ

 သွန်းခ – ဘယ်သူတွေ ဘယ်လိုပိုင်ကြသလဲ
(မိုးမခ) နိုဝင်ဘာ ၃၊ ၂၀၁၅

ဘယ်လိုအခြေအနေမျိုးဖြစ်လာ၊ ဖြစ်လာ သမိုင်းဝင်သွားမည့်ရွေးကောက်ပွဲသည် ခုနှယ်ခါ လက်ချိုးရေလို့မှ ၅ ချောင်းမပြည့် တပြည့်ကာလအတွင်း ရောက်နေပေပြီ။ ရေရေရာရာ၊ တိတိကျကျ ဘယ်သူမှမခန့်မှန်းနိုင်ကြသေးသည်မှာ ရွေးကောက်ပွဲ နတ်များ တန်ခိုးထွားပုံဟု ပြောရမလောက်ပင်။ အပြောင်းအလဲကိုလိုလားလွန်းသူလူတစ်စုနှင့် လုံးဝမလိုလားသူလူတစ်စု ၏စရိုက်လက္ခဏာ၊ သွင်ပြင်တို့သည် သိသိသာသာကွဲပြားခြားနားကြကုန်လေပြီ။ လင်မယားကြား၊ သားအမိကြား၊ ညီအစ်ကို မောင်နှမများကြား အသည်းကြားထဲမှ မဲတစ်ပြားအတွက် စိတ်ဝမ်းကွဲသူကွဲကြကုန်လေပြီ။ ဆက်လက်၍ မမြင်မတွေ့ လိုသည်မှာ သူ့ကြောင့်၊ ငါ့ကြောင့် လက်ညှိုးအပြန်အလှန်ထိုးကြခြင်းများနှင့် နှုတ်လှံထိုး ရန်တွေ့ခြင်းများပင်ဖြစ်ပါလေ၏။ ထိုမှဆင့်ကဲကာ သွေးချောင်းစီးမည့်အဖြစ်မျိုးလည်း မမြင်မတွေ့လိုတော့ပြီ။ အခြေအနေက ရင်တမမနှင့် ဘဝင်မကျစရာ တော်တော်များလာသည်။

လောကကြီး၌ တင်စားသမှုပြုကြသည်များတွင် လူတို့၏အိပ်မက်များနှင့်တင်စားခြင်းကား ယဉ်သလောက် အလွန်ကြောက် မက်ဖွယ်ကောင်းသည်။ နုနယ်သလောက် စေ့စေ့တွေးလေ၊ ကျောချမ်းလေဟု ခံစားမိပါ၏။ ကိုယ့်အိမ်မက် ကိုယ်ပိုင်ကြပါသည် လား။ ကိုယ်တိုင်မက်ခွင့်ရကြပါလျှက်၊ ကိုယ်တိုင်ပါဝင်ခွင့်ရှိခဲ့ပါလျှက် သတ္တလောကထဲ ထုတ်ဖော်ပြရခက်၊ လက်ဆုပ်လက် ကိုင်ပြုရခက်ပါသည်။ ပြန်ပြောပြ၍သာရနိုင်ပြီး အကောင်အထည်မဖော်ပြနိုင်တော့သည့် အိပ်မက်ပမာဖြစ်အင်လို မကြုံကြ စေလို၊ မဖြစ်ကြစေလို။ သို့သော် မမက်နှင့်တား၍လည်းမရ၊ မက်ပါဟုတောင်းဆိုသော်လည်း မရသည့်အိပ်မက်သည် လူတို့ ထံရောက်လာတတ်စမြဲ။ ထို့ကြောင့်ဖြစ်လာသမျှကို ရင်ဆိုင်နိုင်ကြပါရန် အမြှော်အမြင်ကြီးသူတို့က သတိပေးစကား ဆို တတ်ကြသည်။

သေချာသည်မှာတော့ သက်ရှိတိုင်း သာယာမှုကိုတောင့်တတတ်ကြသည်။ သာယာမှုလွန်ကဲသွားပြီး မတော်လောဘများ ကြောင့်နေရာဆိုသည့်အပေါ် ခုံမင်တွယ်တာလာကြ၏။ တရားလက်လွတ်၊ သတိလက်လွတ်ဖြစ်ကုန်ကြသည်။ ပုပ်ဟောင်နေ သည့် တဏှာဆိုသည်ကို မက်မက်စက်စက်၊ စွဲစွဲလန်းလန်း ဖြစ်ကြကုန်၏။ ကိုးကွယ်ယုံကြည်ရာ ဘာသာတရားတိုင်းတွင် ရှိနေသည့် အဆို၊ အဆုံးအမတို့ကို ဥပေက္ခာပြုမှန်းမသိ ပြုကြကုန်သည်။ မိမိတို့၏သားစဉ်မြေးဆက် မည်သို့သော စံနမူနာ၊ မည်သို့သော ပုံသက်သေကောင်းပြခဲ့ကြရမည်မှန်း မသိဖြစ်ကြလေ၏။

ချစ်တတ်လိုက်ကြသည်မှာလည်း မြန်မာလူမျိုးများ အကဲအပိုဆုံးဟုပြောရလောက်အောင်အထိ ချစ်တတ်ကြပါလေ၏။ ယုံ လွယ်လိုက်ကြသည်မှာလည်း ပြောစရာဖြစ်လောက်သည်အထိ အယုံလွယ်ကြပါပေသည်။ မြန်မာစကားပုံများအား ပြန် ကြည့်က တွေ့ပါလိမ့်မည်။ ကျောချမှ ဓားပြမှန်းသိ။ ကျော်တော့ လှေသူကြီး၊ ညားတော့လှေထိုးသား။ ကြာကြာဝါးမှ ခါး မှန်းသိ အစရှိသည့်မြန်မာစကားပုံပေါင်းမြောက်များစွာနှင့် သတိပေးထားပါပေသည်။

အားနည်းချက်ကို အခွင့်ကောင်းယူတတ်ကြသည်ထက် အားနည်းချက်များသည်ထက်များအောင်ပြုလျှက် တပြည်ထောင် ဖွားများချင်း ရက်စက်စွာပြုမူခဲ့ကြကုန်လေ၏။ လွမ်းစရာရှိ နာစရာနှင့်ဖြေဆို၍ လွမ်းလောက်စရာမရှိအောင်ပင် နာစရာများက များများလှပေပြီ။ အမှတ်မရှိသူများကြောင့် စည်စည်ကားကား မျက်နှာပြောင်တိုက်လျက် သူရူးဇာတ်ခင်းနေတတ်ကြပုံများ မြင်ရ၍ အနာဂတ်အတွက်ရင်လေးမိပါ၏။ ကောင်းသတင်းမကျန်သည့် သမိုင်းဆိုးဖျောက်ဖျက်လိုစိတ်လွန်ကဲလှသည်တွင်လူတို့၏အမှတ်သညာအာရုံတို့ကို အချိန်ယူ၍ လှည့်စားခဲ့ကြသည်။ သမိုင်းမသိ၊ သမိုင်းပျောက်လူငယ်ကလေးများနှင့် ဆက်လက်ရှင်သန်ဦးမည့်အနာဂတ်ထဲတွင် မိမိတို့ရင်သွေးများမပါစေရေးတွေးသင့်ပြီ။ အမွေဆိုးအဖြစ် မထားခဲ့သင့်။

မည်သည့်နေရာချပြ၊ ချပြ လူလုံးလှစေသည့် အနာဂတ်လူစွမ်းကောင်းများဖြစ်ကြစေလိုသည်။ ကိုယ့်ကိုယ်ကိုယ်ပိုင်ကြသူများ ဖြစ်စေလိုပါသည်။ မကြာတော့သည့် ရက်ပိုင်းအတွင်း ပြင်လိုလျှင်လည်း ကိုယ့်စိတ်၊ မပြင်လိုလည်းကိုယ့်စိတ်။ ကိုယ်နှင့် မဆိုင်ပါဟု တွေးဆထားသူများကိုယ်နှင့် မည်သည့်အချိန်တွင် သက်ဆိုင်လာတော့မည်ကိုကြိုသိထားရမည်။ လူပြော သူ ပြော ယုံသည့်သူသည် လူနုံ၊ လေ့လာသုံးသပ်၍ ရှေ့ရေးကိုယ်တိုင်တွေးမြင်တတ်ဖို့သာ အရေးကြီးနေပေပြီ။ အပြင်ပန်း ရိုက်ချိုး၊ ဖျက်ဆီးခံလိုက်ရသည်ထက် မိမိခန္ဓာ၊ စိတ်ဝိညာဉ်ရိုက်ချိုးမခံရစေရေး အလွန်အရေးကြီးပါသောကြောင့် ရွေးချယ် မှုမှန်ကန်စေရေး လှုံ့ဆော်အားပေးပါသည်။

အမှုမဲ့၊ အမှတ်မဲ့နေကြရတော့မည်ကာလမဟုတ်သကဲ့သို့ ရွာလယ်နွားနို့အိုးထဲ ရေချည်းဖြစ်မသွားရေးလည်း အထူးဂရုပြုကြရတော့မည့်အချိန်ဖြစ်ကြောင်း သတိပေးလိုပါသည်။ သိက္ခာရှိသောနိုင်ငံရေးစင်မြင့်ထက်တွင် တင့်တယ်သူတို့ကိုသာမြင် တွေ့လိုပါ၏။ ကိုယ်တိုင်သက်ဝင်စွာလှုပ်ရှားနေကြသူများကိုသာ မြင်တွေ့လိုပါ၏။ ရုပ်သေးရုပ်များကဲ့သို့ မမြင်လို၊ မတွေ့လို တော့ပါ။ အရောင်အမျိုးမျိုးနှင့် အာရုံမထွေပြားရေးကိုလည်း သတိရှိရန်လိုအပ်လှပါပေ၏။ မိမိအနာဂတ်အရေး မိမိပိုင်ဆိုင် ရေးသည် မိမိအပေါ်၌သာမူတည်နေပါကြောင်း ထပ်လောင်းစကားအား မေတ္တာနှင့်ပြောလိုပါသည်။ အတွေးနယ်ချဲ့နေ၍ မ ဖြစ်နိုင်တော့သည့်ကာလသည် နီးသည်ထက်နီးလာပြီဖြစ်ပါကြောင်း၊ မကြိုက်လျှင်ပြန်လဲလှယ်ခွင့်ရှိသည့်ပစ္စည်းနှင့် ကြိုက် ကြိုက်၊ မကြိုက်ကြိုက် သုံးဆိုသည့်ပစ္စည်းတို့အပေါ်တွင် ရွေးချယ်မှုမှန်ကန်ပါစေကြောင်းပါခင်ဗျား။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts