တူမောင်ညို သူတို့အာဘော်

တူမောင်ညို – နိုင်ငံတော်ပိုင်သတင်းစာများသည် အောက်တန်းကျမှုများကို အပြိုင်အဆိုင်ဖော်ပြနေကြသည်

တူမောင်ညို – နိုင်ငံတော်ပိုင်သတင်းစာများသည် အောက်တန်းကျမှုများကို အပြိုင်အဆိုင်ဖော်ပြနေကြသည်
(မိုးမခ) နိုဝင်ဘာ ၃၊ ၂၀၁၅

ညစ်ပတ်မှု ဆိုတာ လူမှုဘဝနယ်ပယ်မှာ နေ့စဉ် တွေ့နေမြင်ရတဲ့ အပြုအမူတစ်ရပ်ဖြစ်ပါတယ်။ ညစ်ပတ်မှုရဲ့ သဘော သ ဘာဝကိုယ်၌က ဖုံးကွယ်ထားလို့မရဘူး။ စကားလုံးနဲ့ဖြစ်စေ ကိုယ်အမူအရာလှုပ်ရှားမှုနဲ့ဖြစ်စေ ပြောဆိုပြုမူလိုက်တဲ့ ညစ်ပတ် မှုဟာ အများမြင်ကွင်းမှာ ထင်ထင်ရှားရှားပေါ်လွင်နေတတ်တယ်။ (ဥပမာ ဘောလုံးပွဲမှာ တစ်ဖက်အသင်းလူကို အခြား အသင်းကလူက တမင်ခြေထိုးလိုက်တာမျိုးပေါ့) ဒီလိုညစ်ပတ်မှုကို ဒိုင်လူကြီးကမမြင်ပေမယ့် လေးဘက်လေးတန် ပွဲကြည့် စင်တွေက ကြည့်နေတဲ့ပရိသတ်က ကောင်းကောင်းမြင်တယ်။ အခုဆိုရင် ရုပ်သံကင်မရာတွေနဲ့ တိုက်ရိုက်ထုတ် လွှင့်ပြသ နေတာမို့ ဒီလိုညစ်လိုက်တဲ့ အကွက်အကွင်းကို အထပ်ထပ်ပြန်ကြည့်လို့ရတယ်။  ဒီလိုညစ်ကွက်တွေကို  မမြင်တဲ့အတွက်  ဒိုင်လူကြီးပါ ပရိသတ်ရဲ့ပြစ်တင်မှုကို ခံရတတ်ပါတယ်။

ပြီးတော့ ညစ်ပတ်မှုကို အများက ရွံတယ်၊ မုန်းတယ်။ အင်မတန် ရှက်စရာကောင်းတဲ့ အပြုအမူလည်းဖြစ်တယ်။

ကျနော်ပြောချင်တာ ဘောလုံးပွဲညစ်ပတ်မှုမဟုတ်ပါဘူး။
မဲဆွယ်စည်းရုံးတဲ့ (NLD) ကိုယ်စားလှယ်လောင်းနဲ့အဖွဲ့ကို အရက်သေစာသောက်စားထားပြီး ဓါးလွတ်ကိုင်ထားသူတစ်ဦးက   ဓါးနဲ့ခုတ်တဲ့ကိစ္စဖြစ်ပါတယ်။

ရိုးရိုးသာမန်လူတစ်ယောက်အနေနဲ့ပဲစဉ်းစားကြည့်ပါ။

အရက်မူးနေသူတစ်ဦးက ဓါးလွတ်ကိုင်ပြီး အကြမ်းဖက်ရန်ပြုတဲ့ကိစ္စဖြစ်ပါတယ်။ ဓါးလွတ်ကိုင်ပြီး ဝင်ခုတ်တာဟာ အသက် သေစေနိုင် ပါတယ်။ အခုလည်း ဓါးခုတ်ခံရသူတွေဟာ အတွင်းလူနာအဖြစ် ဆေးရုံမှာ ကုသမှု ခံယူနေရပါတယ်။
ဒီလိုဖြစ်ရပ်ကို နိုင်ငံတော်ပိုင်အစိုးရသတင်းစာကြီးတွေက ဘယ်လို သတင်းပေးရေးသားဖော်ပြကြသလဲဆိုတော့။

” သာကေတမြို့နယ်၌ ကွမ်းယာဝယ်ယူသည့်ကိစ္စဖြင့် စကားများရန်ဖြစ်ရာမှ NLD ပါတီဝင်သုံးဦး တုတ်၊ ဓါးများဖြင့် ရန်ပြုခံရ ပြစ်မှုကျူးလွန်သူများအား ချက်ချင်းအရေးယူဖမ်းဆီးထား၊ ပြစ်မှုကျူးလွန်သူများမှာ မည်သည့်ပါတီဝင်မျှ မဟုတ်ကြောင်း သိရှိရ ” တဲ့။

မဲဆွယ်စည်းရုံးနေသူတွေကို ကိုယ်ထိလက်ရောက်အကြမ်းဖက်တဲ့၊ ရန်ပြုတဲ့၊  နှောင့်ယှက်တဲ့လုပ်ရပ်ကို “ကွမ်းယာဝယ်တဲ့ကိစ္စ စကားများရန်ဖြစ်မှု” အဖြစ် တမင်သိမ်ဖျင်းသွားစေအောင်ရေးသားလိုက်တဲ့ အချက်ပဲဖြစ်ပါတယ်။ ပြစ်မှုကျူးလွန်သူဟာ “မည်သည့် ပါတီဝင်မျှမဟုတ်”လို့ ဘယ်လိုပဲဆိုစေကာမူ သူရဲ့အကြမ်းဖက်ရန်ပြုမှုက တရားဝင်နိုင်ငံရေးပါတီတစ်ရပ်ရဲ့ တရားဝင်နိုင်ငံရေးလှုပ်ရှားမှု ကို အကြမ်းဖက်ရန်ပြုတာ၊ နှောင့်ယှက်ဖျက်ဆီးတာဖြစ်တယ်ဆိုတဲ့ အချက်ကတော့သိပ်ကို ထင်ရှားပါတယ်။

ပြစ်မှုတစ်ခုမှာ အရေးကြီးဆုံအချက်က ဘာကြောင့် ပြစ်မှုကျူးသလဲဆိုတဲ့ ရည်ရွယ်ချက်ကို သိရှိဖော်ထုတ်နိုင်ဖို့ ဖြစ်ပါတယ်။ အခုတော့ နိုင်ငံတော်အစိုးရပိုင်သတင်းစာကြီးတွေက ပြစ်မှုကျူးလွန်တဲ့ ရည်ရွယ်ချက်မဖော်ထုတ်တဲ့အပြင် ကူညီဖုံးကွယ်ဖာ ထေးပေးနေပြီး၊ “သာမန် စကားများ ရန်ဖြစ်မှု” လမ်းကြောင်း လွှဲပစ်လိုက်ပါတယ်။

ဒီလိုရေးသားဖော်ပြမှုဟာ  ပြန်ကြားရေးဝန်ကြီး၊ နိုင်ငံတော်ပိုင်အစိုးရ သတင်းစာကြီးတွေနဲ့ အယ်ဒီတာမင်းများ ရဲ့“သတင်းစာ ပညာ” လက်စွမ်းပြမှုလည်းဖြစ်ပါလိမ့်မယ်။ တကယ်တော့ နိုင်ငံတော်ပိုင်အစိုးရသတင်းစာကြီးတွေကနေ အောက်တန်းကျတဲ့ နည်းတွေနဲ့ ဗြောင်ကျကျ မဲဆွယ်နေတဲ့ဖော်ပြချက်တွေကို အရှက်ကင်းမဲ့စွာဖြော်ပနေတာပါ။

သာဓကအားဖြင့်  အောက်တိုဘာ ၂၄ ရက်နေ့ သတင်းစာရှေ့ဖုံးမှာဖော်ပြခဲ့တဲ့ “မိတ္တီလာမြို့နဲ့ မိတ္ထီလာလွင်ပြင်တစ်ခုလုံး အစိမ်းရောင်လွှမ်းစေရမည်” ဆိုတဲ့ဖော်ပြချက်။  သတင်းစာရှေ့ဖုံးတွေမှာနေ့ စဉ်မှာဖော်ပြနေတဲ့ “ စိမ်းမှ လန်းမယ်”ဆိုတဲ့ ဆောင်းပါး ကောက်စာ”၊ အောက်တိုဘာ ၃၀ ရက် နဲ့ နိုဝင်ဘာလ ၁ ရက် နေ့ ၂ ရက်နေ့ သတင်းစာရှေ့ဖုံးတွေမှာ ကြံ့ဖွံ့ပါတီရဲ့ အလံ၊တံဆိပ်၊ ဦးထုပ်၊ ပိုစတာတွေကိုတမင်ပေါ်လွင်အောင် ပြူးတူးပြဲတဲဖော်ပြထားတဲ့   သမ္မတကိုကြိုဆိုနေတယ်ဆိုတဲ့ သတင်း။

ဒါတွေဟာ သာမန်ညစ်ပတ်မှုမဟုတ်ပါဘူး။ အောက်တန်းကျပြီး မိုက်မဲကောက်ကျစ်တဲ့ ယုတ်မာမှုမျိုးပဲဖြစ်ပါတယ်။ အင်မ တန် စက်ဆုတ်ရွံရှာဖွယ်ကောင်းတဲ့ အရေးအသားနဲ့ဖော်ပြမှုလည်းဖြစ်ပါတယ်။ နိုင်ငံတော်အစိုးရပိုင်သတင်းစာတွေမှာ  ရေး သားဖော်ပြတာဖြစ်လို့ အစိုးရရဲ့ သဘောထားနဲ့အာဘော်ပဲဖြစ်တယ်လို့ ယူဆနိုင်ပါတယ်။

ဒီလိုအောက်တန်းကျတဲ့ရေးသားဖော်ပြမှုမျိုးဟာ အခုလို မဲဆွယ်ပွဲကာလမှာ ခါတော်မီပေါ်လာတဲ့ တစ်ကြိမ်တစ်ခါထဲကိစ္စ မဟုတ်ပါဘူး။ အကြိမ်ကြိမ်ရှိခဲ့ဖူးပါတယ်။ ဟိုရှေ့က သိသာထင်ရှားတဲ့ ဖြစ်ရပ် ၃ ခုကို ဖော်ပြပါ့မယ်။

– ရခိုင်ပြည်နယ်မှာပေါ်ပေါက်ခဲ့တဲ့ မသီတာထွေး ဖြစ်ရပ်နဲ့ပတ်သက်ပြီး နိုင်ငံတော်ပိုင်အစိုးရသတင်းစာရဲ့ ရေးသားဖော်ပြ ခဲ့မှု။

– ဆီးဂိန်းအားကစားပြိုင်ပွဲအိမ်ရှင်အဖြစ်ကျင်းပစဉ်ကာလ၊ မြန်မာလူငယ်ဘောလုံးအသင်းတစ်ဖက်နိုင်ငံအသင်းကို ရှုံး သွား တဲ့အခါ အားကစားကွင်းထဲမှာ ထိုင်ခုံတွေရိုက်ချိုး၊ ကြော်ငြာဆိုင်းဘုတ်တွေဖျက်ဆီး မီးရှို့တဲ့ရမ်းကားမှုတွေကို အရေးယူ မယူတဲ့ အပြင် ဂရုဏာဒေါသောပြုမူမှုအဖြစ်ဖော်ပြပြီး လမ်းစရိတ်ပေးပြန်လွှတ်ခဲ့တဲ့ဖြစ်ရပ်ကိုရေးသားဖော်ပြမှု။

– လက်ပံတန်းမှာ ကျောင်းသားသပိတ်ကို အကြမ်းဖက်ဖြိုခွဲမှု။ ဒီဖြစ်ရပ်မှာဆိုရင် ကျောင်းသားတွေဘက်က စတင်အကြမ်း ဖက်လို့ ရဲက အကြမ်းဖက်ရတာပါလို့ သမ္မတကိုယ်တိုင်ကဗြောင်အကျဆုံး လိမ်ညာဖုံးကွယ်မှုကို ဖော်ပြချက်။

နောက်တစ်ချက်က “ပြစ်မှုကျူးလွန်သူများအား ချက်ချင်းအရေးယူဖမ်းဆီးထားတယ် ” ဆိုတဲ့ကိစ္စဖြစ်ပါတယ်။

သာမန်ကာလျှံကာကြည့်လိုက်ရင် ပြစ်မှုတစ်ခုကို ချက်ချင်းအရေးယူဖမ်းဆီးထားနိုင်တာမို့  ရဲကိုပဲကျေးဇူးတင်ရတော့မှာလိုလို၊ ဂုဏ်ပဲပြုရတော့မှာလိုလိုပါပဲ။

တကယ်တော့ ဒီယုန်မြင်လို့ ဒီချုံထွင်ထားတဲ့လုပ်ရပ်သာဖြစ်ပါတယ်။ ယနေ့ပြစ်မှုမျိုးစုံကို လက်မရွံ့ကျူးလွန်နေကြသူတွေဟာ နိုင်ငံတော်သမ္မတကြီးရဲ့လွတ်ငြိမ်းခွင့်နဲ့ လွတ်မြောက်လာတဲ့ လူဆိုးဂျပိုးတွေပဲဖြစ်ပါတယ်။ ကြောင်လက်နဲ့ပြာပူယက်ခိုင်းတာမျိုးပါပဲ။ ဒီလိုလူဆိုးဂျပိုးတွေက အတိုက်အခံပါတီကလူတွေကိုရန်စစော်ကားတယ်။ ရိုက်နှက်ရန်ပြုတယ်ဆိုရင် တစ်ဖက် လူတွေပြင်းပြင်းထန်ထန် နာကျင်ထိခိုက်သွားစေတဲ့အထိ လက်ပိုက်ကြည့်နေပြီးနောက်မှ လူဆိုးဂျပိုးကိုဖမ်းပြတာပါ။

ဒီလိုဖြစ်ရပ်မျိုးတွေကို မိတ္တီလာမြို့မှာ အကြမ်းဖက်လူရမ်းကားအုပ်စုက မီးရှို့၊ လူသတ်လုယက်မှုတွေကို ပြုလုပ်ခဲ့စဉ်က “ညီလေးတို့ရာ — ညီလေးတို့ရာ” ဆိုပြီး ရဲ လက်ပိုက်ကြည့်နေခဲ့တာကို မှတ်မိကြအုံးမှာပါ။ အကြမ်းဖက်လူရမ်းကားတွေ အပေါ်မှာ ညီလေးတို့ရာလို့ ချော့မော့နေတဲ့ရဲဟာ လက်ပံတန်းကကျောင်းသားလူငယ်တွေကို ဘယ်လို အကြမ်းဖက်ဖြိုခွဲခဲ့ ပါသလဲ၊ ကျောင်းသားလူငယ်တွေကို အညှာအတာကင်းမဲ့စွာရိုက်နှက်မှု၊ သက်မဲ့မော်တော်ကားကိုတောင်နံပတ်တုတ်နဲ့ အညှိုးကြီးစွာ ရိုက်နှက်ဖျက်ဆီးနေတဲ့ ဗွီဒီယိုမှတ်တမ်းတွေ၊ ဓါတ်ပုံတွေ အထင်ကရရှိနေပါတယ်။

ဒီလိုနဲ့ အကြမ်းဖက်လူရမ်းကားတွေကို အရက်ကိုးမောင်းတိုက်ပြီး ပြည်သူတွေကို ရန်ပြုစေခိုင်းလိုက် – ဒီအကောင်တွေရဲက ဖမ်းပြီးထောင်ထဲထည့်လိုက် –  နိုင်ငံတော်သမ္မတက လွတ်ငြိမ်းခွင့်ပေးလို့ပြန်ထွက်လာလိုက် – နောက်ပြစ်မှုပြန်လည်ကျူးလွန် လိုက်နဲ့ ဒီညစ်ပတ်မှုစက်ဝိုင်းကို စစ်တပိုင်းအစိုးရက သွက်သွက်ကြီးလည်ပတ်နေစေတာဖြစ်ပါတယ်။

စစ်တပိုင်းအစိုးရဟာ ဒီလောက် အောက်တန်းကျပြီး ညစ်ပတ်စုတ်ပဲ့လှတဲ့နည်းနဲ့ အတိုက်အခံပါတီတွေ၊ ပြည်သူတွေကို နှိပ် ကွပ်နေတာ၊ အကြမ်းဖက်ရန်ပြုနေတာဖြစ်ပါတယ်။

အကျဉ်းကျခံနေရတဲ့ နိုင်ငံရေးလှုပ်ရှားသူတွေ၊ ဖမ်းဆီးထိန်းသားတဲ့ ကျောင်းသားလူငယ်တွေ၊ ဝန်းရံပြည်သူတွေကို လွှတ်ပေး ဖို့သိပ်ခဲယဉ်းတဲ့ စစ်တပိုင်းအစိုးရဟာ သူနဲ့မိုက်ဖော်ဆိုးဖက် ရာဇဝတ်ကောင်လူဆိုးဂျပိုးများကိုတော့ စေတနာ မေတ္တာအပြည့်နဲ့ လွတ်ငြိမ်း ချမ်းသာခွင့်ပေးအကြိမ်ကြိမ်ပေးခဲ့ပါတယ်။ ၂၀၁၁ မေလမှ ၂၀၁၅ ဇူလိုင်လ ၃၀ ရက်နေ့အထိ သမ္မတရဲ့လွတ်ငြိမ်းချမ်းသာခွင့် ၁၂ ကြိမ် အတွင်းထဲမှာ အများစုလွတ်လာသူတွေဟာ လူဆိုးဂျပိုးရာဇဝတ်ကောင်တွေပဲဖြစ်ပါတယ်။

နိဂုံးချုပ်ရရင် ဒီကနေ့တိုင်းပြည်နဲ့အဝှမ်းဖြစ်ပေါ်နေတဲ့ အကြမ်းဖက်မှု၊လုယက်သတ်ဖြတ်မှု၊ မုဒိန်းမှုတွေဟာ နိုင်ငံတော်သမ္မတ ရဲ့လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်လာတဲ့ အကောင်တွေက ပျော်ပျော်ကြီး ကျူးလွန်နေကြတာပါ။

နိုင်ငံတော်သမ္မတရဲ့မေတ္တာနဲ့စေတနာကို လူဆိုးဂျပိုးတွေက အဲဒီလိုပြစ်မှုတွေကျူးလွန်ခြင်းဖြင့် စေတနာရောင်ပြန်ဟပ်ပြနေပါ တယ်။ ကျေးဇူးဆပ်နေပါတယ်။

Photo: NYtime


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts