ထွန်းဝင်းငြိမ်း သတင်းပဒေသာ

သခင်ကိုယ်တော်မှိုင်း ငြိမ်းချမ်းရေးကွန်ရက်က မျက်မှောက်နိုင်ငံရေး သဘောထားထုတ်ပြန်



သခင်ကိုယ်တော်မှိုင်း ငြိမ်းချမ်းရေးကွန်ရက်က မျက်မှောက်နိုင်ငံရေး သဘောထားထုတ်ပြန်

(ထွန်းဝင်းငြိမ်းဖေ့စ်ဘွတ်) မိုးမခ၊ နိုဝင်ဘာ ၃၊ ၂၀၁၅

ဆရာကြီးသခင်ကိုယ်တော်မှိုင်းငြိမ်းချမ်ရေးကွန်ရက်က ပြုလုပ်တဲ့ ဗမာပြည်ရဲ့ လက်ရှိနိုင်ငံရေးအခင်းအကျင်းနဲ့ ပြည်တွင်းငြိမ်းချမ်းရေးအလားအလာသတင်းစာရှင်းလင်းပွဲကို တောင်ဥက္ကလာပ၊ မြင်သာ စိတ်တိုင်းကျ ခန်းမမှာ မနက် ၁၀ နာရီခွဲကနေ နေ့လည် ၁ နာရီအထိကျင်းပခဲ့ပါတယ်။

ရွှေဝါရောင်သံဃာတော်များနဲ့ နိုင်ငံရေးပါတီအဖွဲ့အစည်းများကပုဂ္ဂိုလ်များ၊ မီဒီယာများတက်ရောက်ခဲ့ကြပါတယ်။

ဆရာကြီးသခင်ကိုယ်တော်မှိုင်းငြိမ်းချမ်ရေးကွန်ရက်ရဲ့ ဗမာပြည်၏ လက်ရှိနိုင်ငံရေးအခင်းအကျင်း နဲ့ ပြည်တွင်း ငြိမ်းချမ်းရေး အလားအလာသဘောထားထုတ်ပြန်ကြေညာချက်ကို ဦးမြင့်စန်းကဖတ်ကြားခဲ့ပါတယ်။ အခမ်းအနားမှူးအဖြစ် ကိုထွန်းဝင်းငြိမ်းကဆောင်ရွက်ခဲ့ပြီး ဒေသအသီးသီးက မှိုင်းငြိမ်းကွန်ရက်ကိုယ်စားလှယ်များဖြစ်ကြတဲ့ ဦးအောင်မြင့်ဦး၊ ဦးတောကျော်၊ ဦးချစ်ဆောင်ဦး၊ ဦးမြင့်အေး၊ ဦးတင်အေးကြူတို့က လက်ရှိနိုင်ငံရေးအခင်းအကျင်းနဲ့ ပြည်တွင်းငြိမ်းချမ်းရေးအလားအလာများကိုတင်ပြခဲ့ကြပါတယ်။ သဘောထားထုတ်ပြန်ကြေညာချက် အပြည့်အစုံကိုဖော်ပြလိုက်ပါတယ်။

ဗမာပြည်၏ လက်ရှိနိုင်ငံရေးအခင်းအကျင်း၊ ပြည်တွင်းငြိမ်းချမ်းရေး အလားအလာတို့နှင့် ပတ်သက်၍ သဘောထားထုတ်ပြန်ကြေညာချက်

၂ဝ၁၅ ခုနှစ်၊ နိုဝင်ဘာလ (၂)ရက်

၁။ ဗမာပြည်ငြိမ်းချမ်းရေး၊ ဒီမိုကရေစီရေး၊ တမျိုးသားလုံးသွေးစည်းညီညွတ်ရေးနှင့် တိုင်းပြည်ကြီးပွားတိုးတက်ခေတ်မီရေးများ ကြွေးကြော် လှုပ်ရှားခဲ့ကြရသည်မှာ နှစ်ပေါင်း(၇ဝ)နီးပါး ရှိခဲ့ပြီးဖြစ်သည်။ ထိုရရှိအပ်ကောင်းသော အခြေအနေများသည် ယနေ့တိုင် ဝေးလံနေဆဲရှိနေသည်ကို တွေ့ရပါသည်။ ပြည်တွင်းစစ်သည်ဖြစ်နေဆဲ၊ အထောင်အသောင်းသော ပြည်သူများ စစ်ဘေးရှောင်နေရဆဲ၊ လယ်သမားများသည်မိမိလယ်ယာကိုပြန်တောင်းရင်း၊ အရိုက်ခံရ၊ တရားစွဲခံရ၊ ထောင်ကျခံနေရသည်။ အလုပ်သမားများသည် မိမိတို့ လုပ်အားခထိုက်တန်စွာ ရရှိရေး၊ ဘဝအာမခံရရှိရေးတို့အတွက် တောင်းဆိုရင်း အလုပ်ဖြုတ်ခံကြရ၊ ထောင်အကျခံနေရသည်။ ခေတ်မီ ဒီမိုကရေစီပညာရေးစနစ်သစ်တောင်းဆိုသော ကျောင်းသားများ၊ ကျောင်းဆရာများသည် ရိုက်နှက် ဖမ်းဆီးထောင်ချခြင်း ခံနေရသည်။ လက်လုပ်လက်စားအခြေခံလူတန်းစားများသည် ကြုံရာကျပန်း၊ ကျီးလန့်စာစားအလုပ်လုပ်ကိုင်နေရသည်။ နိုင်ငံဝန်ထမ်း အများစုသည် လည်း ကုန်ဈေးနှုန်းကြီးမြင့်မှု၊ ငွေကြေးဖောင်းပွမှုဒဏ်ကို အလူးအလဲခံစားနေကြရပါသည်။ အသေးစား၊ အလတ်စားနှင့် အချို့သော လုပ်ငန်းရှင်ကြီး များသည်လည်း အရင်းအနှီး၊ အတတ်ပညာ၊ နည်းပညာ၊ ဈေးကွက်ဖန်တီးပေးမှုစသည့် နိုင်ငံတော်မှ ထောက်ကူ ပံ့ပိုးမှု နည်းပါးသည့်အပြင် စွက်ဖက်မှု၊ ချုပ်ကိုင်မှု၊ လာဘ်ယူလာဘ်စားမှုဒဏ်ကို ခံနေရပါသည်။ အိမ်နီးချင်းနိုင်ငံများနှင့် ပစ္စည်းအရည်အသွေး၊ ဈေးနှုန်း၊ ဝန်ဆောင်မှုကွာခြားနိမ့်ပါးလျက် ဈေးကွက်မှာ ယှဉ်ပြိုင်နိုင်စွမ်းမရှိ ဖြစ်နေပါသည်။

၂။ တနိုင်ငံလုံးအတိုင်းအတာအရ ခိုး၊ ဆိုး၊ လုယက်၊ လိမ်ညာ၊ သတ်ဖြတ်မှု၊ မှုခင်းများ တိုးသထက်တိုးလာနေပါသည်။ ပြည်သူများ ၏လွတ်လပ်မှု၊ လုံခြုံမှုနှင့် တည်ငြိမ်အေးချမ်းမှုကိုပါ ထိပါးပြီး စိုးရိမ်ထိတ်လန့်နေရတာမျိုးဖြစ်နေပါသည်။ တိုင်းပြည်တွင် အထွေထွေ ပြဿနာ၊ အထွေထွေအကျပ်အတည်းများ၊ ကြီးထွားလာနေပါသည်။ ဤပြဿနာများကို ဘယ်လိုဖြေရှင်းကြမည်နည်း။

၃။ အထွေထွေပြဿနာ၊ အထွေထွေအကျပ်အတည်း၊ အထွေထွေပဋိက္ခတို့၏ အမြင့်ဆုံးဖော်ပြချက်သည် ” စစ် ” ဖြစ်သည်။ ”ပြည်တွင်းစစ်” ဖြစ်သည်။ ”စစ်” ၏အခြေခံအရင်းအမြစ်သည် ”နိုင်ငံရေး” ဖြစ်သည်။ နိုင်ငံရေးအရ ကောင်းစွာဖြေရှင်းမှ အကျပ် အတည်းနှင့် ပဋိက္ခများ ပြေလည်၍ စစ်ပွဲမှသည် ငြိမ်းချမ်းရေးသို့ ဖြစ်ပေါ်နိုင်မည်ဖြစ်သည်။

၎။ ဆရာကြီးသခင်ကိုယ်တော်မှိုင်းက တရားမျှတမှု၊ လွတ်လပ်မှု၊ တန်းတူမှုပေါ်အခြေခံပြီး၊ စားပွဲဝိုင်းမှာ နိုင်ငံရေးအရ ”သူမနာ၊ ကိုယ်မနာ” ဆွေးနွေးဖြေရှင်းဖို့၊ အဖြေရှာဖို့၊ ငြိမ်းချမ်းရေးရအောင်လုပ်ဖို့၊ ပြည်တွင်းစစ် အစဦးကာလ (၁၉၄၈ ခု) လွန်ခဲ့သော နှစ်ပေါင်း (၇ဝ)နီးပါး ကတည်းက ကိုယ်တိုင်လှုပ်ရှားတိုက်တွန်း နှိုးဆော်ခဲ့ပါသည်။ နှစ်ပေါင်းများစွာအတွင်း အုပ်စိုးသူအစိုးရ အဆက်ဆက်သည် လက်နက်ချရေး အပြုတ်တိုက်ရေး ပြောလိုက်၊ လက်နက်နဲ့ ဒီမိုရေစီလဲရေး ပြောလိုက်၊ တွေ့ဆုံဆွေးနွေးရေး ဖိတ်ခေါ် လိုက်၊ စားပွဲဝိုင်းမှ ဟန်ပြဆွေးနွေးပွဲ လုပ်လိုက်၊ ယာယီအပစ်ရပ်ရေး စာချုပ်တွေချုပ်လိုက်၊ တိုက်ပွဲတွေ ဖြစ်လိုက်နှင့် အမှန်အားဖြင့် စားပွဲဝိုင်းမှာ စကား (နိုင်ငံရေး)နဲ့ တိုက်ခိုက်လှည့်ဖြားလိုက်၊ ဒေသရှေ့တန်းနယ်မြေတွေမှာ စစ်တိုက်လိုက်လုပ်ခဲ့ကြသည်။ အချိုကျွေးလိုက်၊ တုတ်ပေးလိုက်နဲ့ အုပ်ချုပ်သူအစိုးရတို့အလိုအရ လက်နက်ဖြုတ်ရေး၊ ဖြိုခွဲရေး၊ အမြစ်ဖြတ်ချေမှုန်းရေးသာ တလျှောက်လုံး လုပ်လာခဲ့ကြတာ ဖြစ်သည်။

၅။ ယခုလည်း တပြည်လုံးအပစ်အခတ်ရပ်စဲရေးစာချုပ်(NCA) လက်မှတ်ထိုးရေးစီမံကြပြန်သည်။ ဤအရေးသည် တိုင်းပြည်၏ ဒီမိုကရေစီရေး၊ ငြိမ်းချမ်းရေးနှင့် ပတ်သက်ဆက်စပ်သည်ဟု ကျွန်ုပ်တို့ အလေးထားခဲ့သည်။ ပါဝင်ပတ်သက်သူ တိုင်းရင်းသား လက်နက် ကိုင်တော်လှန်ရေးအင်အားစုများအနေဖြင့် အားလုံးတညီတညွတ်တည်း၊ အေးအတူပူအမျှ အတူတကွရပ်တည်ကြရန်၊ နွားကွဲရင် ကျားဆွဲ ခံရမည်ဖြစ်ကြောင်း ကျွန်ုပ်တို့ ကြိုတင်တိုက်တွန်းနှိုးဆော်ခဲ့ပါသည်။ (NCA) လက်မှတ်ထိုးရေးတွင် အစိုးရက အားလုံးကိုမဖိတ်ခေါ်ပဲ ခွဲခြား၊ ကန့်သတ်၊ ဖယ်၊ ချန် ဖိတ်ကြားခြင်းသည် သွေးကွဲစေနိုင်ကြောင်း ကျွန်ုပ်တို့ဖွင့်ချကန့်ကွက်ခဲ့ပါသည်။ ယခုအခါ လက်မှတ် မထိုး သော အဖွဲ့အစည်းများကို တပ်မတော်မှ စစ်ရေးအရထိုးစစ်ဆင်ခြင်း၊ စစ်အင်အားဖြင့်လက်နက်ကြီးများ လည်းကောင်းဒေသများသို့ တိုးချဲ့ ချထားလှုပ်ရှားခြင်းများ ပြုလုပ်ကြောင်းကြားသိရပါသည်။ ဤသည်ကို ကျွန်ုပ်တို့ကန့်ကွက်ပါသည်။

(NCA) လက်မှတ်ထိုးပြီး အဖွဲ့များ အနေဖြင့်လည်း ဤအချက်ကိုကန့်ကွက်သင့်သည်ဟု ယူဆပါသည်။ (NCA) လက်မှတ်မထိုး သူများကို အစိုးရနှင့်တပ်မတော်က စစ်ရေး နှင့် တုတ်ပေးသလို လက်မှတ်ထိုးသူများကို (အထူးသဖြင့်ခေါင်းဆောင်များကို) ဆုပေး၊ မုန့်ပေး၊ အချိုကျွေးပါလိမ့်မည်။ သေနတ်သံ မထွက်သည့် စီးပွားရေးစစ်မျက်နှာမှာ ငွေကျည်ဆံ၊ ဒေါ်လာကျည်ဆံများနှင့် ခေါင်းဆောင် သူတွေ၏ ဦးနှောက်ကို ပစ်ဖောက်ပြီး နိုင်ငံရေး၊ စစ်ရေး၊ လူမှုရေး၊ အသေသတ်ခံရမည့် အန္တရာယ်ရှိနေသည်ကို သတိပြုကြရပါမည်။ ကိုယ့်ပြည်သူလူထု၊ ကိုယ့်ဘဝတူ ညီနောင် အဖွဲ့ အစည်း များ၊ ကိုယ့်ဒေသကိုယ့်အစဉ်အလာကို ထိန်းသိမ်းစောင့်ရှောက်ကြပါရန် သတိပေးနှိုးဆော်အပ်ပါသည်။ ဒေသ ပြည်သူများအကျိုး၊ ဘဝတူ ညီအကိုအဖွဲ့အစည်းများအရေး၊ တတိုင်းပြည်လုံး ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီရေးတို့တွင် တပြည်လုံးရှိ ဒီမိုကရေစီ အင်အားစုများ နှင့် မိမိတို့ရောက်ရှိရာနေရာမှ လက်တွဲလှုပ်ရှားရုန်းကန်ကြရန် တိုက်တွန်း အပ်ပါသည်။

၆။ နိုဝင်ဘာလ(၈)ရက် ၂ဝ၁၅၊ ရွေးကောက်ပွဲကျင်းပရေးနှင့် ပါဝင်ဆင်နွဲရေးအတွက် နိုင်ငံရေးပါတီကြီးငယ်များသည် လှုပ်ရှား စည်းရုံးဆော်သြ နေကြပါသည်။ ဒီမိုကရေစီပါတီများအနေဖြင့် အပြောင်းလဲကြီးပြောင်းလဲ၊ ရာနှုန်းပြည့်အနိုင်ရရေး၊ အစိုးရဖွဲ့နိုင်ရေး စသည့် ရည်မှန်းချက်များဖြင့် မဲဆွယ် စည်းရုံးနေကြပါသည်။ လက်ရှိရွေးကောက်ပွဲကော်မရှင်၏ လုပ်ဆောင်ချက်ဖြစ်စဉ်နှင့် ရွေးကောက်ပွဲ ရလဒ်များက နိုင်ငံရေးပါတီများ၏ စိတ်ကူးစံများကို အကောင်အထည်ဖော်ခွင့် ရနိုင်ပါ့မလား။ ယခုအခါ ရွေးကောက်ပွဲနှင့်ပတ်သက်၍ ရွေးကောက်ပွဲကော်မရှင်၏ စီစဉ်ဆောင်ရွက်ချက်များအပေါ် ရပ်ရွာလူ ထုများ၊ နိုင်ငံရေးပါတီများ၊ နိုင်ငံရေးအကဲခတ်များ၊ CSO များ၊ အချို့သောစာနယ်ဇင်းဆရာများ၊ ပညာရှင်တချို့၊ အမျိုးသမီးနှင့်ကျောင်းသားလူငယ်များ၊ သံတမန်အသိုင်းအဝိုင်းများမှ အလိုအပို မဲစာရင်းများ၊ ကြိုတင်မဲပြဿနာများနှင့် မဲဆွယ်စည်းရုံးမှုအပေါ် ဟန့်တားနှောင့်ယှက်မှုများအရ လွတ်လပ်တရား မျှတမှုအပေါ် သံသယရှိ နေကြကြောင်းနှင့် ယုံကြည်မှု အပြည့်အဝမပေးနိုင်ကြောင်း ထုတ်ဖော်ပြသနေပါသည်။ ထို့အပြင် ခြိမ်းခြောက်မှုများနှင့် အကြမ်းဖက်မှု၊ ဖောက်ခွဲဖျက်ဆီးမှုများသာမက ဘာသာရေး၊ လူမျိုးရေးအရပါ ပါဝင်ပတ်သက်လာမည်ကိုလည်း အထူးစိုးရိမ်လျက်ရှိပါသည်။

၇။ ရွေးကောက်ပွဲမဲပေးစဉ်ကာလဖြစ်စေ၊ ရွေးကောက်ပွဲရလဒ်အနိုင်အရှုံး ထုတ်ပြန်သည့်အခါတွင်ဖြစ်စေ၊ အကယ်၍ လူထုအတွင်း အမျိုးမျိုးသော မကျေနပ်မှု၊ ပဋိပက္ခများနှင့် အုံကြွပေါက်ကွဲမှုများဖြစ်ပေါ်လာပါက အစိုးရနှင့်ရွေးကောက်ပွဲကော်မရှင်တို့တွင် အဓိက တာဝန်ရှိကြောင်း ပြောကြားလိုပါသည်။ ဒီမိုကရေစီအင်အားစုများ၊ နိုင်ငံရေးပါတီများ၊ အထူးသဖြင့် ပါတီကြီးများသည် ဖြစ်ပေါ်လာနိုင် ဖွယ်ရှိသော အဆိုးအကောင်း၊ အကြောင်းအချင်း အရာ၊ ပြဿနာများကို မှန်းဆမျှော်မြင်ပြီး အမှန်တရားဘက်က၊ ပြည်သူလူထုဘက်က ရပ်တည်ကာ ဘယ်လိုလက်တွဲပူးပေါင်းဖြေရှင်းကြမည်ဆိုသည်ကို စဉ်းစားပြင်ဆင်ထားကြဖို့ တိုက်တွန်းအပ်ပါသည်။

၈။ နိုင်ငံခြားအစိုးရများသည် ဗမာပြည် အပစ်အခတ်ရပ်စဲရေး၊ ငြိမ်းချမ်းရေးနှင့်လူမှုရေးအကူအညီများ ပေးနေပါသည်။ စိတ်ကောင်း စေတနာကောင်းဖြင့် ကူညီကြလိမ့်မည်ဟု မျှော်လင့်ပါသည်။ သို့သော် အထူးသဖြင့် မဟာအင်အားကြီးနိုင်ငံများသည် အာရှနှင့် တောင် အာရှပစိဖိတ်ဒေသများတွင် စစ်ရေး၊ စီးပွားရေး၊ နိုင်ငံရေးအားပြိုင်လျက်ရှိနေပါသည်။ ၄င်းတွင် အသုံးချခြင်းကို လည်းကောင်း၊ ဗမာပြည် တွင် စစ်အာဏာ၊ စစ်ဗျူရိုကရေစီ၊ စစ်အုပ်စု ခရိုနီတို့ သက်ဆိုးရှည်ရေးတွင် အပြန်အလှန်အပေးအယူ(နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေး) အကျိုးအမြတ်ထုတ်ရာတွင်လည်းကောင်း၊ အသုံးချခြင်းမပြုကြရန် ကျွန်ုပ်တို့အထူးသတိပေး တောင်းဆိုလိုက်ပါသည်။

၉။ ရေရှည်တည်တံ့သော အစစ်အမှန်ပြည်တွင်းငြိမ်းချမ်းရေး၊ ဒီမိုကရေစီနှင့် အမျိုးသားသွေးစည်းညီညွတ်ရေးရဖို့၊ ထိုမှတဆင့် ခေတ်မီတိုးတက် ကြီးပွားချမ်းသာကြွယ်ဝသော တိုင်းပြည်ဖြစ်ဖို့ဆိုလျှင်

– တိုင်းရင်းသားတန်းတူရေးမရှိသော၊ စစ်အာဏာလွှမ်းမိုးသော ၂ဝဝ၈ ဖွဲ့စည်းပုံကိုဖျက်သိမ်းရမည်။

– ပြည်သူလူထုအတွင်း အခြေခံဒီမိုကရေစီအခွင့်အရေးများ အပြည့်အဝ ကျင့်သုံးရေး၊ အမျိုးသားကာကွယ်ရေး နှင့်လုံခြုံရေး ကောင်စီနှင့် ကာကွယ်ရေးဦးစီးချုပ်၏ ငြိမ်းချမ်းရေးမူ (၆)ချက်ကို ဖျက်သိမ်းရမည်။

– တပ်မတော်နှင့်စစ်အုပ်စုအနွယ် ခရိုနီများ၏ တိုင်းပြည်စီးပွားရေးလက်ဝါးကြီးအုပ်မှု ဖျက်သိမ်းရမည်။ ဗမာအပါအဝင် တိုင်းရင်း သား အသီးသီးမှ တိုင်းချစ်ပြည်ချစ် စီးပွားရေးလုပ်ငန်းရှင်များ ဖြစ်ထွန်းတိုးပွားအောင် တွန်းအားပေးဆောင်ရွက်ရမည်။ ပွင့်လင်းမှုရှိရှိ၊ အဂတိ ကင်း၍ မျှတ တန်းတူညီသော အခွင့်အလမ်းများရှိသော အမျိုးသားစီးပွားရေးစနစ်တည်ဆောက်ရမည်။

– လက်ရှိအခြေအနေနှင့်မကိုက်ညီသဖြင့် ပြဿနာဖြစ်ပွားနေသော အလုပ်သမား၊ လယ်သမား၊ ကျောင်းသား(ပညာရေးစနစ်) ဥပဒေများကို ဖျက်သိမ်းရမည်။ အသစ်ရေးဆွဲရမည်။

– လွတ်လပ်မှု၊ အမှီအခိုကင်းမှု၊ ဂုဏ်သိက္ခာရှိမှုတို့ပြည့်စုံသော အမျိုးသားလွတ်လပ်ရေးကို ဆက်လက်ထိန်းသိမ်းစောင့်ရှောက် နိုင်စွမ်းရှိစေ ရမည်။

ဤရည်မှန်းချက်လုပ်ငန်းစဉ်ကြီးများ အကောင်အထည်ဖော်ရန် လွတ်လပ်ပွင့်လင်း၍ တန်းတူသော၊ အပြန်အလှန် လေးစားမှု ရှိသော (ပင်လုံကဲ့သို့ သော) ပြည်ထောင်စုညီလာခံကြီးတရပ် ကျင်းပရပါမည်။ ဤညီလာခံကြီးတွင် အစိုးရနှင့်တပ်မတော် ကိုယ်စားလှယ် များ၊ နိုင်ငံရေးပါတီများ၊ နိုင်ငံရေးအင် အားစုများမှ ကိုယ်စားလှယ်များ၊ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ လူတန်းစားအလွှာအသီးသီးမှ ကိုယ်စားလှယ်များ၊ တတ်သိပညာရှင်များ၊ အနုပညာရှင်များမှ ကိုယ်စားလှယ်များနှင့် အခြားပါဝင်သင့် ပါဝင်ထိုက်သော ပုဂ္ဂိုလ်များပါဝင်စေရမည်။ ဤညီလာခံကြီးတွင် ငြိမ်းချမ်းရေး၊ ဒီမိုကရေစီရေးနှင့် အမျိုးသားသွေးစည်းညီညွတ်ရေးကို ဖြစ်ထွန်းစေသည့် အများသဘောတူ ကျေနပ်လက်ခံနိုင်သော အခြေခံနိုင်ငံရေးမူ ဘောင်ကြီးတရပ်၊ ဆွေးနွေးအတည်ပြု ချမှတ်ကြ ရန် ဖြစ်ပါသည်။

၁ဝ။ ဤညီလာခံကြီးအောင်မြင်ရေးအတွက် အကြိုအခင်းအကျင်းအနေဖြင့်

– အစိုးရနှင့်တပ်မတော်ကိုယ်စားပြုတစု၊ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့များကိုယ်စားပြုတစု၊ ဒီမိုကရေစီ အင်အားများနှင့် ပါတီ များကိုယ်စားပြုတစု (အနှစ်သာရအားဖြင့် သုံးပွင့်ဆိုင်ကိုယ်စားပြု) များသည် မျက်မှောက်အထွေထွေ အကျပ် အတည်းမှ ကျော်လွန်နိုင် ရေး (ငြိမ်းချမ်းရေး၊ ဒီမိုကရေစီရေး၊ သွေးစည်းရေး၊ အကောင်အထည်ဖော်ရေး)အတွက် နားလည်မှု၊ ယုံကြည်မှုရှိရှိဖြင့်၊ အခြေခံမူတရပ်ရအောင် အမြန်ဆုံးဆွေးနွေးကြရန်

– တိုင်းရင်းသားဒေသများတွင် စစ်ရေးအရထိုးစစ်ဆင်မှုနှင့် စစ်ပြင်ဆင်မှုများ၊ စစ်ရေးတိုးချဲ့မှုများ၊ အားလုံးရပ်စဲကြောင်း အစိုးရနှင့်တပ်မတော် မှ စတင်၍တဖက်သက်ကြေညာပေးရန်

– အဖမ်းဆီးခံ အလုပ်သမား၊ လယ်သမား၊ ကျောင်းသား၊ ရဟန်းသံဃာနှင့် တိုင်းရင်းသားပြည်သူများအပါအဝင်၊ အားလုံးကို ချွင်းချက်မရှိ လွတ်ပေးရန်၊ တရားစွဲဆိုမှုအားလုံး ရုပ်သိမ်းပယ်ဖျက်ပေးရန်

– ပုဒ်မ (၁၇/၁) မတရားသင်းပုဒ်မနှင့် လူ့အခွင့်အရေးနှင့်ဒီမိုကရေစီရေး ချုပ်ချယ်တားမြစ်သော အမိန့်စည်းကမ်းဥပဒေများ ရုပ်သိမ်းပေးရန်

– ငြိမ်းချမ်းရေးဆွေးနွေးပွဲအောင်မြင်ရေးအတွက် ပြည်သူလူထုတရပ်လုံးအား လွတ်လပ်စွာ စည်းရုံးလှုပ်ရှားခွင့်ပြုရန်

၁၁။ တိုင်းရင်းသားလူမျိုးပေါင်းစုံ၊ ပြည်သူလူထုအပေါင်းတို့

စစ်မှန်၍ ရေရှည်တည်တံ့သော၊ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီရေးနှင့် သွေးစည်းညီညွတ်ရေးအတွက် လွတ်လပ်တန်းတူ၍ ကိုယ်ပိုင် အုပ်ချုပ်ရေး/ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်/ ကိုယ့်ကြမ္မကိုယ်ဖန်တီးခွင့်ရှိသော ဒီမိုကရေစီ ပြည်ထောင်စုစနစ် ပေါ်ထွန်းရေးကို ကြိုးပမ်းကြရပါမည်။ ဤဘုံရည်မှန်းချက် အကောင် အထည်ဖော်ရေးအတွက် ဒီမိုကရေစီအင်အားစုအားလုံးသည် လက်တွဲကြလျက် မိမိတို့ရောက်ရှိရာ၊ ကျရောက်ရာ မျက်နှာစာ အသီးသီးမှ ပြည်သူလူထုကြီး နှင့်အတူ ဟန်ချက်ညီညီ လှုပ်ရှားကြပါရန် တိုက်တွန်း နှိုးဆော်အပ်ပါသည်။

ဆရာကြီးသခင်ကိုယ်တော်မှိုင်းငြိမ်းချမ်းရေးကွန်ရက်

 

 

 

 

 

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts