သူတို့အာဘော် မောင်မောင်စိုး

မောင်မောင်စိုး – ရွေးကောက်ပွဲ နှင့် စစ်ပွဲ ( ဒုတိယပိုင်း )

မောင်မောင်စိုး – ရွေးကောက်ပွဲ နှင့် စစ်ပွဲ ( ဒုတိယပိုင်း ) နိဂုံး

(မိုးမခ) အောက်တိုဘာ ၂၉၊ ၂၀၁၅
စစ်ပွဲ 

မိုးကုန်၍ ဆောင်းဦးပေါက်ပြီ။ ပွင့်လင်းရာသီရောက်ပြီ ဟုလည်း ဆိုကြသည်။ ရှမ်းပြည်တောင်တန်းများတွင် အအေးဓါတ် ဝင်စပြုပြီ။ ရှမ်းတောင်တန်းများတွင်မတော့ တောင်ခိုးဝေ၍မြူများ ဆိုင်းနေဆဲ ဖြစ်သည်။ ပုံမှန်အားဖြင့် ရှမ်းပြည်လူထုအဖို့ ညပိုင်း နှင့် မနက်ပိုင်းတွင် မီးဖိုနဘေး အပူငွေ့ လှုံနေကြ၊ ခေါပုတ်ဖုတ်စားကြ၊ လုပ်စရာရှိတာလုပ်ကြနှင့် အချိန်များကို ဖြတ်သန်းဆဲကာလ ဖြစ်သည်။ ယခုတော့ ရှမ်းပြည်၏ အချို့နေရာများတွင် မီးဖိုဘေးတွင် နေချိန်မရလောက်အောင် စစ်မီးလျံများ တောက်လောင်လျက် ရှိသည်။ ရှမ်းတောင်တန်းများ၏ အေးချမ်းတိတ်ဆိတ်ခြင်း နေရာတွင် အမြောက်သံ ဗုံးသံသေနတ်သံများ သောသောညံလျက် ရှိသည်။ မြူနှင်းငွေ့ကြားတွင် ယမ်းခိုးငွေ့များ ဝေနေသည်။ တမူးရ၍ တပဲလှူ သည့် ဒို့ရှမ်းတောင်သူများ၏ ရွာများ၏ သီတင်းကျွတ် ညသည် လှပသောမီးပုံးလေးများ တန်ဆာဆင်ရမည့်အစား စစ်မီးတောက် မီးလျံများဖြင့် တန်ဆာဆင်လျက်ရှိသည်။ ဒို့ရှမ်းတောင်သူများလည်း စစ်ပွဲများကြား အသက်လု၍ ပြေးလွှားနေကြရသည်။ မလှမပသော ဒို့ရှမ်းတောင်သူများ၏ သီတင်းကျွတ်ညဟု ဆိုရပေမည်။
ယနေ့ညသည် သီတင်းကျွတ်ည ဖြစ်ပါသည်။ ၂၀၁၁ ခုနှစ် ဒီဇင်ဘာ ၂၅ ရက်နေ့ ခရစ်ယာန်ဘာသာဝင်တို့ အလေးထားရာ ခရစ်မတ်ပွဲတော်ကာလက ခရစ်ယာန်ဘာသာဝင် ကချင်လူမျိုးများဒေသဖြစ်သည့် လိုင်ဇာတွင် စစ်မီးတောက်လောင်ခဲ့သည်။ ၂၀၁၅ ခုနှစ် ဗုဒ္ဓဘာသာဝင်တို့အလေးထားရာ သီတင်းကျွတ်ပွဲတော်ကာလ၌ ဗုဒ္ဓဘာသာဝင် ရှမ်းပလောင်တို့ဒေသတွင် စစ်မီးတောင်လောင်လျက်ရှိသည်။ စစ်ပွဲသည် လူမျိုးအား၎င်း ကိုးကွယ်ရာဘာသာအား၎င်း မျက်နှာသာမပေး ခဲ့ပါချေ။ တကယ်တော့ စစ်ပွဲများ ပြန်လည်ဖြစ်လာတော့မည်ကို အားလုံးက မှန်းဆထားပြီးဖြစ်သည်။

၂၀၁၅ စက်တင်ဘာတွင်း NCA လက်မှတ်ထိုးရာတွင် အဖွဲ့အများစု၊ လက်နက်ကိုင်အင်အား အများစုက အားလုံး ပါဝင်လက်မှတ်ထိုးရေးမူအား အစိုးရမှလက်မခံ၍ ပါဝင်ခြင်း မရှိခဲ့ပေ။ အဖွဲ့ ၈ ဖွဲ့ လက်နက်ကိုင်အင်အား အနည်းစုသာ ပါဝင်သည့် အင်္ဂါမစုံသည့် NCA လက်မှတ်ထိုးပွဲဖြစ်ခဲ့သည်။ ၂၀၁၅ အောက်တိုဘာ ၁၅ ရက်နေ့ အင်္ဂါမစုံသည့် လက်မှတ်ထိုးပွဲသည် အားလုံးအတွက် အားရနှစ်ထောင်းရှိသော အခြေအနေမျိုး မဖြစ်ခဲ့သည်ကတော့ ငြင်းပယ်၍မရနိုင်ခဲ့ပေ။

UPWC မှ ဦးအောင်မင်းက NCA တွင် ပါဝင်လက်မှတ်မထိုးသေးသည့် အဖွဲ့များကို ဆက်လက်ညှိနှိုင်းသွားမည်ဟု ဆိုသော်လည်း၊  မူလရရှိပြီးသား ပြည်နယ်အဆင့် ပြည်ထောင်စုအဆင့် သဘောတူညီချက်များကို စောင့်ထိမ်းသွားမည်ဟု ဆိုသော်လည်း၊ လက်မှတ် မထိုးသည့်အဖွဲ့များအား စစ်ရေးအရတိုက်ခိုက်သွားမည်မဟုတ်ဟု ဆိုသော်လည်း၊ ဥိးအောင်မင်းမည်သို့ပြောသည်ဖြစ်စေ အများကတော့ စစ်ပွဲများ ပြန်လည်စတင်လာတော့မည်ဟု တွက်ထားကြသည်။

အများ၏ ထင်မြင်ယူချက်များ မမှားခဲ့ပေ။

ဝမ်ဟိုင်း၏ သီတင်းကျွတ်ည 

၂၀၁၅ အောက်တိုဘာလဆန်းကစ၍ ရှမ်းပြည်နယ်နှင့် ကချင်ပြည်နယ်အတွင်း မြန်မာစစ်ဖက်မှ စစ်အင်အားဖြည့်တင်းသည့် သတင်းများ ပေါ်ထွက်လာပြီးနောက် အောက်တိုဘာ ၆ ရက်က စပြီး ရှမ်းပြည်နယ် မိုင်းရှူး၊ မိုင်းနောင်အနီး SSPP/ SSA ဌာနချုပ် ရှိရာ ဝမ်ဟိုင်းဒေသတွင် တိုက်ပွဲများဖြစ်ပွါးခဲ့သည်။ ပထမဆုံး ဖြစ်ပွါးသည့်တိုက်ပွဲမှာ တာဆောင်ဖူး တံတားတွင် စခန်းချထား SSA တပ်များအား မြန်မာစစ်ဖက်က တိုက်ခိုက်ခြင်းဖြင့် တိုက်ပွဲ များစတင်ခဲ့ပြီး ယနေ့တိုင် ရပ်တန့်မသွားဘဲ တိုက်ပွဲများ ဆက် လက်ဖြစ်ပွါးခဲ့သည်။ တိုက်ပွဲများဖြစ်ပြီး ရက် ၂၀ ခန့်ကြာပြီ သောအခါ မြန်မာစစ်ဖက်က တာဆောင်ဖူးစခန်းအပါ SSA စခန်း ၃ ခုခန့်အား သိမ်းပိုက်ခဲ့ သည်ဟု သတင်းများကဆိုသည်။ နှစ်ဖက်အကျအဆုံးများရှိသည် ဆိုသော် သတင်းအတိအကျ စိစစ်မရသေးပါ။ တိုက်ပွဲများအတွင်း လက်နက်ကြီးများ များစွာပစ်ခတ်ခဲ့သည်ဟု ဒေသခံများကဆိုပါ သည်။ လက်နက်ကြီးပစ်ခတ်မှုနှင့် တိုက်ပွဲများကြောင့် ထိတ်လန့်နေသောအရပ်သားများ စစ်ဘေးမှ ဝေးရာသို့ ထွက်ပြေးခိုလှုံကြရာ ယခုချိန်တွင် စစ်ဘေးဒုက္ခသည် ၃၀၀၀ ကျော်သွားပြီဟု ဆိုပါသည်။

ထိုသို့ SSPP/SSA ဝမ်ဟိုင်း ဌာနချုပ်အနီး မြန်မာစစ်ဖက်မှ ထိုးစစ်ဆင်လာခြင်းနှင့်ပတ်သက်၍ SSPP /SSA UPWC သို့ ပေးစာတစ်စောင် ပေးပို့ခဲ့သည်ဟု ဆိုသည်။ ၎င်းပေးစာတွင် SSPP/SSA နှင့် အစိုးရတို့အနေနှင့် ၂၀၁၂ ဇန္နဝါရီ ၂၈ နေ့က ပြည်ထောင်စုအဆင့် အပစ်ရပ်လက်မှတ်ထိုးထားခဲ့ရာ ထိုစာချုပ် ပျက်ပြယ်သွားပြီလားဟူသော မေးခွန်းဖြစ်သည်။ ဤမေးခွန်းနှင့် ပတ်သက်၍ UPWC မှရော MPC မှရော တုန့်ပြန်ဖြေဆိုခြင်းကို မတွေ့ရသေးပါ။ မြန်မာစစ်ဖက်မှတော့ SSPP/SSA အား ဝမ်ဟိုင်း ဌာနချုပ်တွင်သာနေထိုင်ရန် သဘောတူထားကြောင်း နယ်မြေကျော်လာ၍ တိုက်ခိုက်ရကြောင်း သဘောထား ဖေါ်ပြပါသည်။ SSA ကတော့ ၎င်းဒေသများ ၎င်းတို့တပ်ဖွဲ့များ တပ်ဖြန့် လှုပ်ရှားနေသည်မှာ ကြာပြီဖြစ်ကြောင်း တုန့်ပြန်ပါသည်။

ပထမဆုံး တိုက်ပွဲဖြစ်ပွါးသည့် တာဆောင်ဖူးတံတားတွင် ယမန်နှစ်ကလည်း တိုက်ပွဲဖြစ်ပွါးခဲ့ပြီး၊ နှစ်ဖက်ညှိနှိုင်းမှုဖြင့် တိုက်ပွဲများရပ်စဲခဲ့ကာ SSA တပ်များ ဆက်လက် တပ်စွဲထားခဲ့သည့်နေရာ ဖြစ်ပြီး၊ ယခုမှထပ်တိုးချဲ့သော နေရာမဟုတ်ဟု သတင်းများက ဆိုပါ သည်။ တိုက်ပွဲများသည် ဆက်လက်ပြင်းထန်နေပြီး စစ်ဘေးဒုက္ခသည်အချို့  လာရောက်တိမ်းရှောင်ရာ မိုင်းရှူးမျြို့သည်ပင် ၂၀၁၅ အောက်တိုဘာ ၂၇ နေ့လည်ပိုင်းက လက်နက်ကြီး ပစ်ခတ်သံများကြောင့် ဈေးဆိုင်များ၊ ကျောင်းများ စောစီးစွာပိတ်သွားပြီး တမြို့လုံး ခြောက်ကပ်တိတ်ဆိတ်နေသည်ဟု SNLD ၏ မိုင်းရှူးအမတ် နန်းကောင်ခမ်းဆိုပါသည်။ ၂၀၁၅ အောက်တိုဘာ ၂၇ ရက်နေ့တွင် ကျေးသီး၊ မိုင်းရှူးမြို့နယ်များတွင် နယ်မြေလုံခြုံမှုမရှိသဖြင့် ရွေးကောက်ပွဲ မကျင်းပတော့ဘဲ ရပ်ဆိုင်းထားလိုက်သည်ဟု ဆိုသည်။

ထို့နောက် ယနေ့၊ အောက်တိုဘာ ၂၈ သီတင်းကျွတ်လပြည့်နေ့ မိုးလင်းသည်နှင့် ကျေးသီး၊ မိုင်းရှူး ဝမ်ဟိုင်းဒေသတကြောတွင် နေရာ ၇ နေရာ လောက်၌ တိုက်ပွဲများ ဖြစ်ပွါးနေသည်ဟု မြေပြင်သတင်းများက ဆိုပါသည်။ SSPP/ SSA ဘက်မှလည်း သူ၏ မဟာမိတ်များဖြစ် သော KIA/ TNLA/ AA တို့က စစ်ကူပေးမည်ဟူသော သတင်း များကိုလည်း တွေ့နေရသည်။ ထို့ပြင် SSPP/SSA သည် UWSA နှင့် ရင်းနှီးသောဆက်ဆံရေး ရှိပေရာ စစ်ပွဲများ ကျယ်ပြန့်လာမည်ကို စိုးရိမ်ဘွယ်ရာဖြစ်သည်။

၂၀၁၅ ခုနှစ် ဝမ်ဟိုင်း၏သီတင်းကျွတ်ညသည် ဆီးမီးရောင်စုံဖြင့် အေးချမ်းစွာ မဖြတ်သန်းနိုင်တော့။ အမြောက်သံ၊ ဗုံးသံ သောသောညံနေသည့် စစ်ပွဲ၏ည ဖြစ်နေပေတော့မည်။ တမူးရလို့ တပဲလှူသည့် ဒို့ရှမ်းတောင်သူများလည်း အသက်လု၍ ပြေးနေကြရပေအုံးမည်။
ရှမ်းမြောက်မှ အခြားမီးပွါးများ 

ဝမ်ဟိုင်းဒေသတွင် SSA နှင့်တိုက်ပွဲများဖြစ်ပွါးနေသကဲ့သို့ ရှမ်းပြည်မြောက်ပိုင်းတွင်လည်း KIA / TNLA / MNDAA တို့နှင့် တိုက်ပွဲများ ဆက်လက်ဖြစ်ပွါးခဲ့ပါသည်။ ၂၀၁၅ အောက်တိုဘာ ၂၀ ရက်နောက်ပိုင်းမှစ၍ ကွတ်ခိုင်မြို့ နယ်၊ ဟိုဖျက်ကွင်းအတွင်း မြန်မာစစ်ဖက်နှင့် KIA တို့တိုက်ပွဲများ ဖြစ်ပွါးခဲ့ပြီး အောက်တိုဘာ ၂၅ ရက်တွင် ဟိုဖျက်ဒေသတွင် အခြေစိုက်ထားသော KIA တပ်မဟာ ၄ လက်အောက်ခံ တပ်ရင်း ၉ ဌာနချုပ်စခန်းအား မြန်မာစစ်တပ် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်ဟု ဆိုပါသည်။  စခန်း သိမ်းပိုက်ရပြီ ဆိုသော်လည်း အောက်တိုဘာ ၂၆/၂၇ များတွင် KIA နှင့် မြန်မာစစ်ဖက်တို့ ဟိုဖျက်ဒေသ၌ တိုက်ပွဲများ ဆက်လက် ဖြစ်ပွါးနေဆဲဖြစ်သည်ဟု သတင်းများက ဆိုပါသည်။ နှစ်ဖက် အကျအဆုံးများရှိခဲ့ပြီး သတင်းများ အတည်ပြု၍ မရသေးပါ။

ပြီးခဲသော စက်တင်ဘာအတွင်း သမတဦးသိန်းစိန်၏ သဘောတူညီချက်အရ TNLA ပလောင်လက်နက်ကိုင်တပ်ဖွဲ့၊ ပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့် အပစ်ရပ်လက်မှတ်ရေးထိုးပြီး NCA လက်မှတ်ရေးထိုးရာတွင် ပါဝင်ခွင့်ပြုမည်ဆိုသော်လည်း TNLA ဒေသတွင် တိုက်ပွဲများ ရပ်တန့်မသွားပေ။ လောလောဆယ် အောက်တိုဘာလအတွင်း၌ ကွတ်ခိုင်မြို့နယ်၊ ကျောက်မဲ၊ နမ့်ဆန်မြို့နယ်များတွင် တိုက်ပွဲများ ကြို ကြား ကြို ကြား ဆက်လက်ဖြစ်ပွါး လျက်ရှိပါသည်။

ထို့ပြင် အောက်တိုဘာ ၂၄ ရက်က ကိုးကန့်ဒေသ၊ နယ်စပ်မှတ် တိုင် ၁၁၁ နှင့် ၁၁၃ အနီးတွင် မြန်မာစစ်ဖက်နှင့် ကိုးကန့်တပ်ဖွဲ့တို့ တိုက်ပွဲများပြင်းထန်စွာဖြစ်ပွါးခဲ့သည်ဟုဆိုပါသည်။ အကျအဆုံး များသွာရှိခဲ့သည်ဟုဆိုသော်လည်း သတင်းများ အတည်ပြု၍မရ နိုင်သေးပါ။ မြေပြင်သတင်းနှင့် ကိုးကန့်အဖွဲ့၏ ပြောဆိုချက်များအရ ကိုးကန့်ဒေသ တရုတ်မြန်မာနယ်စပ်တွင် ကိုးကန့်အဖွဲ့မှ တပ်စခန်း များရှိနေဆဲဖြစ်ပြီး ယခုပွင့်လင်းရာသီတွင် တပတ်လျင် သုံးလေး ကြိမ်မျှ မြန်မာစစ်ဖက်က လာရောက် ထိုးစစ်ဆင်တိုက်ခိုက်လေ့ရှိသည်ဟု ဆိုပါသည်။ သတင်းများအရ ကိုးကန့်ပြသနာသည် ပြီးပြတ်သွားခြင်းမရှိဘဲ အချိန်မရွေး ပြန်လည် တောက်လောင်လာနိုင်သည်ဟု ဆိုရပေမည်။

ဒုတိယ ပန်ဆန်းညီလာခံ 

တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များအနေနှင့် လိုင်ဇာ/ လော်ခီးလာ ညီလာခံများတွင်စုစည်း၍ အစိုးရနှင့် ဆွေးနွေးခဲ့ကြသော်လည်း အပြီးသတ် NCA လက်မှတ်ရေးထိုးရေးနှင့်ပတ် သက်ပြီး သဘောထားကွဲလွဲမှုများ ရှိခဲ့ကာ အဖွဲ့ ၈ ဖွဲ့ NCA လက်မှတ်ထိုးခဲ့ပြီးနောက် ကျန်ရှိသော အဖွဲ့များမှ ပြန်လည်စုစည်း ညှိနှိုင်းမှု ပြုသောပွဲဟု ဆိုရမည်။ ၂၀၁၅ မေလကလည်း UWSA ပန်ဆန်းတွင် ပထမအကြိမ်ညီလာခံတခု လုပ်ခဲ့ပြီဖြစ်သည်။ ယခုတကြိမ် ထပ်မံတွေ့ဆုံမှုသည် ပို၍ အလုပ်သဘော ဆန်လာသည်ဟု ဆိုရမည်။
ဒုတိယအကြိမ် ပန်ဆန်း ( ပန်ခမ်း ) ညီလာခံ ကို ၂၀၁၅ နိုဝင်ဘာ ၁ ရက်မှ ၃ ရက်ထိ ကျင်းပမည်ဖြစ်သည်။ ယခုအကြိမ် ပန်ဆန်းညီလာခံတွင် NCA လက်မှတ်ထိုးထား သောအဖွဲ့များ မဖိတ်ကြားတော့ဘဲ လက်မှတ်မထိုးသည့်အဖွဲ့များသာ တက်ရောက်ရန် ဖိတ်ကြားထားသည်ကို တွေ့ရသည်။ ထူးခြားသည်မှာ ယခုအကြိမ်၌ ယခင်ကမပါဘူးသော NSCN နာဂ အဖွဲ့၊ စောနာဒယ်မြ စစ်ဦးစီးချုပ်တာဝန်ယူထားသော KNDO အပြင်၊  ကယန်းပြည်သစ်ပါတီလည်း ပါဝင်လာသည်ကို တွေ့ရသည်။

တက်ရောက်မည့် အဖွဲများမှာ

1 – UWSA ဝ အဖွဲ့

2 – KIA ကချင်

3 -KNPP ကရင်နီ

4 – NMSP မွန်

5 – SSPP/ SSA ရှမ်း

6 – NDAA မိုင်းလား

8 – PSLF/ TNLA တအန်း ပလောင်

9 – MNDAA ကိုးကန့်

10 – AA ရက္ခိုင်

11 – NSCN နာဂ

12 – KNDO ကရင်

12 – KNLP ကယန်း စသည့် ၁၂ ဖွဲ့ တက်ရောက်ကြမည်ဖြစ်သည်။ NCA လက်မှတ် ထိုးလိုက်သော အခြားကရင်အဖွဲ့များ ပါဝင်မလာတော့ဘဲ KNDO ပါဝင်လာခြင်း စဉ်းစားစရာဖြစ်သည်။ အစည်းအဝေး ရည်ရွယ်ချက်နှင့်ပတ်သက်ပြီး UWSA ဝ အဖွဲ့ ပြင်ပဆက်ဆံရေးဌာန ကြီးမှူး ကျောက်ကော့အန်းက ဆွေးနွေးပွဲ တွင် ပထမအချက် အနေနှင့် မြန်မာပြည်တွင် ကျင်းပမည်ဖြစ်သော ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး သဘောထားအမြင်ကို ဖလှယ် မည်ဖြစ်ကြောင်း ဒုတိယအချက်အနေနှင့် ရွေးကောက်ပွဲအပြီး တက်လာမည့် အစိုးရသစ်နှင့် မည်သို့ ဆက်လက်ဆွေးနွေးသွားမည်ကို ညှိနှိုင်းသွားမည်ဖြစ်ကြောင်း ထုတ်ဖေါ်ပြောဆိုပါသည်။ ထို့ပြင် မကြေငြာသောကိစ္စရပ်များအဖြစ် အစိုးရထိုးစစ်ဆင်နေမှုများအပေါ် မည်သို့ လက်တွဲတုန့်ပြန်မည်ဆိုသည်နှင့် စစ်လက်နက်၊ ခဲယမ်းမီးကျောက်ပြသနာများ စသည့် စစ်ရေးနှင့်ဆိုင်သည့် ပြသနာများကိုလည်း ထည့်သွင်းဆွေးနွေးနိုင်သည် ဟု သုံးသပ်ရပါသည်။

တွေ့ရှိရသောထူးခြားချက်များမှာ UWSA သည် ၁၉၈၉ အစိုးရ နှင့်ငြိမ်းချမ်းရေးယူပြီးကတည်းက အစိုးရတပ်များနှင့် ထိပ်တိုက်တွေ့မှု  မရှိသလောက် နည်းပါးခဲ့သော်လည်း ၂၀၀၉ BGF ဖွဲ့ရန် နအဖ ဖိအားပေးချိန်မှ စ၍ တင်းမာမှုများ ပြန်လည်စတင်ခဲ့ပြီး ၂၀၁၅ တွင် အစိုးရတပ်များနှင့် တင်းမာမှုနှစ်ကြိမ် ဖြစ်ပေါ်ခဲ့သည်။ လက်နက်ကိုင်အင်အား ၂၅,၀၀၀ ခန့်ရှိမည်ဟု ခန့်မှန်းကြသော UWSA သည် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကြား စစ်သည်အင်အားရော စစ်လက်နက်အင်အားပါ အတောင့်တင်းဆုံးအဖွဲ့ ဖြစ်သည်။ ၎င်းတို့သည် ၎င်းတို့နှင့်နယ်မြေဆက်စပ်နေသည့် တိုင်းရင်းသားအဖွဲ့ အချို့နှင့်သာ ဆက်ဆံမှုရှိခဲ့သော်လည်း ၂၀၁၅ အတွင်း၌ ကျန်တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များနှင့်ပါ တိုးချဲ့ဆက်စပ် ဆွေးနွေးညှိနှိုင်းမှုများပြုလုပ်လာသည်ကို တွေ့ရသည်။

လက်ရှိအချိန်တွင် ဝ တို့သည် ပြည်နယ်ရရှိရေး တောင်းဆိုထားပြီး၊ လက်ရှိ ဝ တောင်ဟုခေါ်သော ၁၉၉၅ နောက်ပိုင်း နဝတစစ်အစိုးရ၏ သဘောတူညီချက်ဖြင့် ခွန်ဆာအဖွဲ့အား တိုက်ခိုက်၍ UWSA သိမ်းပိုက်ထားသော မိုင်းဖြတ်၊ မိုင်းတုံ၊ ပုံပါကျင်အရှေ့ဖက် ထိုင်းနယ်စပ်ရှိ ဒေသသည် အငြင်းပွါးဖွယ်ရာဒေသအဖြစ် ရှိနေဆဲဖြစ်သည်။

ထို့ပြင် အခြားတိုင်းရင်းသားအဖွဲ့များ ဆက်စပ်မှုနည်းသော NSCN နာဂအဖွဲ့ နှင့်KNLP ခေါ် ကယန်းပြည်သစ်ပါတီတို့ ပါဝင် လာသည်မှာလည်း ထူးခြားသည်ဟုဆိုရမည်။ ထို့ပြင် KNU နှင့် KNDO ၏ ဆက်စပ်မှုကိုလည်း နားလည်ရန် အတော်ခက်သွားသည်ဟု ဆိုရမည်။

မည်သို့ပင်ဆိုစေ ဒုတိယပန်ဆန်းညီလာခံသည် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ၏ ပေါင်းစည်းမှု အခင်းအကျင်းသစ်ကို တွေ့ရသည်ဟု ဆိုရမည်။ ၎င်းညီလာခံမှ ငြိမ်းချမ်းရေးအငွေ့အသက်များကို ခံစားရသကဲ့သို့ စစ်ရိပ်စစ်ငွေ့များပါ တွဲ၍ မြင်နေသည်ဟု သုံးသပ်ပါသည်။  ရွေးကောက်ပွဲ နောက်အစိုးရသစ်နှင့် ပတ်သက်၍ သူတို့၏မျှော်လင့်ချက်ထားရှိမှုသည်ကား ကြိုဆိုရမည့်အချက် ဖြစ်သည်။

သို့ဖြစ်ရာ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ပြသနာ ဖြေရှင်းရေး၊  တိုင်းရင်းသား တန်းတူရေး ငြိမ်းချမ်းရေးပြသနာ ဖြေရှင်းရေးသည် လာမည့်ရွေးကောက်ပွဲတွင် ဒီမိုကရေစီအစိုးရတရပ် ပေါ်ထွန်းလာရေးနှင့်လည်း တိုက်ရိုက်ဆက်စပ်နေသည်ဟု ဆိုရမည်။ ထို့ကြောင့် မြန်မာပြည်ပြသနာသည် ဒီမိုကရေစီနှင့် လူ့အခွင့်အရေး ပြသနာသက်သက် မဟုတ်ဘဲ တိုင်းရင်းသားပြသနာဖြေရှင်းရေး၊ ငြိမ်းချမ်းရေး ရယူရေးသည် အရေးကြီး ဆက်စပ်နေသော ပြသနာဖြစ်သည်ဟု ဆိုရပေမည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts