ဗိုလ်ထက်မင်း ဗိုလ်ထက်မင်း သတင်းဆောင်းပါး

ဗိုလ်ထက်မင်း – NCA လက်မှတ်ထိုးတဲ့အရေး၊ အသွင်မတူတဲ့ အမြင်များ ကောက်နုတ်ကြည့်ခြင်း – အပိုင်း(၄)

အောက်တိုဘာ ၁၆၊ ကယားပြည်နယ်၊ မော်ချီးနယ်မှာ တွေ့ရတဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ သမ္မတကြီး သိန်းစိန်

ဗိုလ်ထက်မင်း –  NCA လက်မှတ်ထိုးတဲ့အရေး၊ အသွင်မတူတဲ့ အမြင်များ ကောက်နုတ်ကြည့်ခြင်း – အပိုင်း(၄)

(မိုးမခ) အောက်တိုဘာ ၂၈ ၊ ၂၀၁၅

(၃၂) တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တချို့က အကြောင်းပြချက်ခိုင်မာမှူ မပေးဘဲ KIA, TNLA, AA  (၃) ဖွဲ့ မပါလို့ မထိုးသေးတာရဲ့ နောက်ကွယ်မှာ လက်မှတ်မထိုးနိုင်တဲ့ အကြောင်းရင်း (၅) ချက် လောက်တွေ့ရတယ်လို့ ထွက်လာတဲ့ အသံတွေက သည်လိုပါ။

(က)  တရုတ်နဲ့ အကျိုးစီးပွားပတ်သက်နေလို့ ဖိအားကြောင့် မထိုးဖြစ်တာ

(ခ) လက်မှတ်ထိုးလိုက်ရင် လက်ရှိအစိုးရကို သိဒ္ဓိတင်လိုက်သလိုဖြစ်သွားမှာမို့ နောက်တက်မယ့် အစိုးရ၊ လွှတ်တော်နဲ့ ခေါင်းဆောင်တွေတက်လာတဲ့ အချိန်အထိ ဆွဲထားချင်တာ

(ဂ) လောလောဆယ်ဈေးကိုင် ဖိအားပေးပြီး ရှေ့တဖွဲ့ကို အရင်ထည့်ထားကာ အစိုးရခြေလှမ်းကြည့်ပြီး မှ ရှေ့ကအဖွဲ့က မီးစိမ်းပြရင် လိုက်လာမှာ

(ဃ) အစိုးရငြင်းနေတဲ့ (၃) ဖွဲ့နဲ့ အကျိုးစီးပွား ပတ်သက်ရင်ဖြစ်ဖြစ်၊ ကတိပေးထားလို့ဘဲဖြစ်ဖြစ် ကျန်ခဲ့တဲ့တာ

(င) မဟာမိတ်ညီညွှတ်ရေးအဖွဲ့ဆိုင်ရာ ရပ်တည်မှုဆိုကာ ကျန်ခဲ့တဲ့တာ

ဆိုပြီး ၅ မျိုးလောက် ခွဲပြီး ပြောနေကြပါတယ်။

၃၃။ အစိုးရလက်မခံသေးတဲ့ (၃) ဖွဲ့ဟာ KIA နဲ့ ပတ်သက်နေတာမို့   KIA မှာ တာဝန်ရှိတယ်လို့ မြင်ပါ တယ်။ သူတို့ရဲ့ဆန္ဒအရင်းခံက တတ်နိုင်သမျှ လက်မှတ် မထိုးရေး ဇောင်းပေးတာမျိုး တွေ့ရတယ်။ တွေ့ဆုံ ဆွေးနွေးရေးအဖြေရှာတာကို နည်းနာတစ်ရပ် အနေနဲ့ သဘောထားပြီး (ငြိမ်းချမ်းရေးစင်တာက ခေါ်တဲ့ တရားဝင် ဆွေးနွေးပွဲတွေသာ တက်ပြီး) လွတ်လပ်ရေးနေ့နဲ့ ပြည်ထောင်စုနေ့ အလွတ်သဘောတွေ့တာမျိုး သမ္မတက ဖိတ်တာတောင် ဥပယ်တမျဉ်ရှောင်ရှားတာ တွေ့ရပါတယ်။ လူများများတွေ့ထိတာဟာ ခင်မင်မှုကနေ တိုးပွါးလာကာ ယုံကြည်မှူတည်ဆောက်ရမှာ ဖြစ်တယ်လို့ ထောက်ပြချင်ပါတယ်။ ဝ အဖွဲ့ကို စည်းရုံးတာမျိုး၊ အစိုးရနဲ့ တခါမှ ထိတွေ့မှူမဖြစ်ခဲ့တဲ့ ဝ မိုင်းလားနယ်က LDU၊ WNO၊ ANC (၃) ဖွဲ့ ထိုးတင်ကာ (၂၁) ဖွဲ့ ဆိုပြီး အင်အားချဲ့ကာ မထိုးတဲ့အဖွဲ့ အင်အားများအောင် KIA ကဖန်တီးလာတယ်လို့ ငြိမ်းချမ်းရေးစင်တာနဲ့ နီးစပ်သူတစ်ဦးက စာရေးသူကို ပြောခဲ့ပါတယ်။

၃၄။ KIA ဟာ POWER GAME ကစားတာ သမိုင်းအဆက်ဆက် တွေ့ရပါတယ်လို့ လက်ရှိတပ်မတော်ဘက်က ပြောနေကြတာတွေကို တင်ပြပါ့မယ်။ ဗကပ နဲ့ အစိုးရကို ပူးလိုက် ခွါလိုက်လုပ်ခဲ့သလို အိန္ဒိယကို ပုန်ကန်တဲ့ နာဂသူပုန်တွေကို တရုတ်ဆီမှ လက်နက်သင်တန်း ပို့ချပေး တာရှိခဲ့ပါတယ်။ ယခုလည်း သာသနာပြု ကချင်အသင်းတော်မှ ဘုန်းကြီးများ ၊ ဗိုလ်ချုပ်ဂွမ်မော်တို့ အမေရိကန်အထိ ခြေဆန့််ကာ ထောက်ခံမှုရရေး ကြိုးစားနေခဲ့ပါတယ်။ အထက်အပိုင်း(၃) အပုဒ်(၂၁) ဖေ့ဘုတ်မှပို့လိုက်တဲ့ အရာရှိကြီးပြောပြချက်အရ သူနဲ့ အမေရိကန်သံတမန်တစ်ဦး ဧည့်ခံပွဲတခုမှာ တွေ့ဆုံခဲ့စဉ်က KIA ဟာ သူတို့ ဆီ ချဉ်းကပ်လာကြောင်း၊ တရုတ်လွှမ်းမိုးမှုမှ ရုန်းထွက်နိုင်ဦးမှာ မထင်ကြောင်း ပြောသွားပါတယ်။

ဒါပေမဲ့ စာရေးသူက သုံးသပ်ရာမှာတော့  ကချင်တွေဟာ ပညာတတ်များပြီး ငွေကြေးချမ်းသာကာ နိုင်ငံတကာထိ ပေါက်ပါတယ်။ တရုတ်လွှမ်းမိုးတယ် လို့မြင်တာဖြစ်နိုင်တာတခုက ယူနန်ပြည်နယ်မှာ ကချင်နွယ်ဖွါး တရုတ်သူဌေးကြီးတစ်ဦး (စာရေးသူမိတ်ဆွေ ပြောပြချက်အရ လေယာဉ်ပျံတွေတောင် ပိုင်တဲ့အထိ ချမ်းသာပြီး ယူနန်အစိုးရကို ပြီးသူ) က မျိုးချစ်စိတ်အရ ပံ့ပိုးကူညီတာလည်း ဖြစ်နိင်ပါတယ်။

KIA က UNFC ကိုပါ အမေရိကန်ထိ ခေါ်ပြီး ထိတွေ့ဆက်ဆံလာတယ်လို့ သိရပါတယ်။ ဒါ့အပြင် စက်တင်ဘာလ၂၉ရက် နေ့ ချင်းမိုင်တိုင်းရင်းသားလက်နက်ကိုင် ထိပ်သီးအစည်းအဝေးမှာ SSPP/SSA  နဲ့  NMSP ခေါင်းဆောင်များရဲ့ သဘောထားကို ထုတ်ဖော်တင်ပြစေခဲ့ပါတယ်။ ဗိုလ်ချုပ်ဂွမ်မော်နဲ့ နိုင်ဟံသာတို့ဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့ပါသေးတယ်။ ဒေါ်အောင်ဆန်းစုကြည်ကလည်း ကချင်ပြည်နယ် မဲဆွယ်ပွဲမှာ ငြိမ်းချမ်းရေးဦးစားပေးလုပ်ဆောင်မယ်လို့ ပြောဆိုထားခဲ့ပြီး ဖြစ်ပါတယ်။

၃၅။    အောက်တိုဘာလ(၁၅)ရက်မှာ ရယူနိုင်ခဲ့သည့် ငြိမ်းချမ်းရေး သဘောတူစာချုပ် ချုပ်ဆိုနိုင်မှုအပေါ်  Mizzima  သတင်းဌာနက “မကောင်းတဲ့ ငြိမ်းချမ်းရေးဆိုတာ မရှိပါ” ၊ ဆိုပြီး ကြိုဆိုသွားသလို ဝေဖန်သံများကိုပါ ပူးတွဲဖေါ်ပြလာပါတယ်။ စာရေးသူက အဆိုပါ ဝေဖန်ချက်များကို ပြည်သူလူထု လေ့လာနိုင်စေဖို့တတ်နိုင်သရွေ့ သုံးသပ်ရှင်းလင်းသွားပါ့မယ်။

Mizzima ။ တချို့ က ယင်းစာချုပ်တွင် အင်အားကြီးပြီး အရေးပါသော လက်နက်ကိုင်အဖွဲ့တချို့ မပါရှိသေး
သည့်အတွက် ခိုင်မာသည့်စာချုပ် မဖြစ်နိုင်ဟူ၍ ယူဆကြသည်။
စာရေးသူ။ မြန်မာနိုင်ငံမှာရှိတဲံ့ အင်အားကြီးတဲ့ လက်နက်ကိုင်တွေအားလုံး ပါအောင်လုပ်နိုင်တဲ့သူဟာ
ဗိုလ်ချုပ်အောင်ဆန်းလို မှတ်ကျောက်တင်နိုင်တဲ့ အမျိုးသားခေါင်းဆောင်ကြီး တစ်ဦးတည်းသာဖြစ်နိုင်ပြီး
ဖိအား ပယောဂနယ်ပယ်အစုံမှာ ပါနေတဲ့ နိုင်ငံရေးအခင်းအကျင်းမှာ အဆင့် တဆင့်ချင်းသွားရမှာကို လက်ခံရမှာဖြစ်တယ်။ စာချုပ်ကို အစိုးရနဲ့တပ်မတော်သာမက တိုင်းရင်းသားများကပါ power game အမြတ်ထုတ် မကစားဖို့လိုပါတယ်။ ကတိတည်ဖို့ ရိုးသားပွင့်လင်းဖို့ ယုံကြည်မှုခိုင်မြဲဖို့သာ အရေးကြီးပါတယ်၊။

Mizzima။ တချို့ ကမူ စာချုပ်ပါအချက်တချို့မှာ ငြိမ်းချမ်းရေးကို အာမခံနိုင်သည့် သဘောမရှိဘူးဟူ၍ ယူဆသည်။
စာရေးသူ။ ဒီစာချုပ်ဟာ နှစ်ဖက်လက်နက်ကိုင်တပ်များ အပစ်ရပ်စာချုပ်ဖြစ်ပြီး ငြိမ်းချမ်းရေးစာချုပ်မဟုတ်
တာ ကွဲကွဲပြားပြားသိဖို့လိုကာ နိင်ငံရေးဆွေးနွေးပွဲပြုလုပ်နိုင်ဖို့ အရေးတကြီးအုတ်မြစ်ချတဲ့ အရင်ကနဦး
ခြေလှမ်းသာဖြစ်ပါတယ်။ အာမခံတယ်ဆိုတဲ့ သဘောမရှိခဲ့ရင် မတ်လက မူကြမ်းသဘောတူညီချက်ဖြစ်
လာမှာမဟုတ်ဘူးလို့ မြင်ပါတယ်။ နိုင်ငံတကာသက်သေထည့်ခိုင်းတာလည်း အာမခံတဲ့ သဘောဖြစ်ပါတယ်။

Mizzima။ တချို့ ကမူ ငြိမ်ချမ်းရေးသဘောတူစာချုပ် ဆိုသည်မှာ အပြန်အလှန် အသိအမှတ်ပြု အပြန်အလှန် လေးစားမှုအပေါ် အခြေမစိုက်ပဲ ဖိအားပေးသဘော သက်ဝင်နေသည်များ ရှိနေသည်ဟု ဝေဖန်ကြပါသည်။
စာရေးသူ။ စာချုပ်ကို တိုင်းရင်းသားတွေဘက်က စိတ်ကြိုက်တောင်းဆိုခဲ့ပြီး တပ်မတော်ကတောင် တိုင်းရင်းသားနယ်မြေသွားရင်တောင် အရင်လိုမဟုတ်တော့ပဲ ခွင့်တောင်းရတဲ့
အနေအထားဖြစ်နေပြီဆိုတဲ့ စာချုပ်ပါအချက်ကို သေချာစွာ မလေ့လာတာ ပေါ်လွင်ပါတယ်။ သမ္မတက တိုင်းရင်းသားတွေကို စိတ်ကြိုက်အချိန်ပေးခဲ့တာကို တပ်မတော်အရာရှိတချို့က စိုးရိမ်သောက ဖြစ်ခဲ့သေးပါတယ်။

Mizzima ။တချို့ ကမူ လက်နက်ကိုင်အဖွဲ့အစည်းအချင်းချင်း ဆက်ဆံရေး၊ နယ်မြေကိစ္စနှင့် အဖွဲ့အစည်းဆိုင်ရာ လုပ်ငန်းဆောင်ရွက်မှုကိစ္စများ ကွဲပြားတိကျစွာ သတ်မှတ်နိုင်ခြင်း မရှိသည့်အတွက် အချိန်မရွေး ထိခိုက် ပျက်ပြယ်နိုင်သည့် စာချုပ်သဘော ဖြစ်နေ သည်ဟုလည်း ထင်မြင် ယူဆကြပါသည်။

စာရေးသူ။ အဆိုပါဝေဖန်ချက်ကို စာရေးသူထောက်ခံပြီး ယခုစာချုပ်ကိုအရင်ဆုံး စိန်ခေါ်မယ့်- ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ လှူပ်ရှားမှု အပေါ် စိုးရိမ်မှု စာရေးသူမှာ ရှိပါတယ်။ ဒါဟာလည်း နှစ်ဦးနှစ်ဖက် အတိုးအလျှော့ စိတ်ရှည်ဖို့ လွန်စွာအရေးကြီးပြီး၊ အောက်ခြေမှတက်လာတဲ့ပြသနာတွေကို ဘက်မလိုက်ဘဲ အမှန်အတိုင်းဖြေရှင်းဖို့ လိုပါတယ်။

Mizzima ။ တချို့သူများကတော့ ဖက်ဒရယ်ပြည်ထောင်စုသဘောသဘာဝအပေါ် အခြေမစိုက်ပဲ၊ ဖက်ဒရယ်ပြည်ထောင်စုသဘော အခြေခံသဘောများကို ဦးတည်နိုင်ခြင်း မရှိပဲ တနည်းအားဖြင့်ဆိုလျင် နိုင်ငံရေးအရ ဆက်လက်ဆွေးနွေးရန် တိကျသည့် သဘောတူညီချက်များ မပါရှိခြင်းအတွက်လည်း ဝေဖန်ကြသူများလည်း ရှိပါသည် ။
စာရေးသူ။ အဆိုပါ ဝေဖန်သူများကိုတော့ ကန့်ကွက်ပါတယ်။ အပစ်ရပ် မလုပ်ဘဲနဲ့ နိုင်ငံရေးလမ်းကြောင်း လုပ်တာဟာ ပြည်သူလူထုကို မြေဇာပင် လုပ်ပြီး နိုင်ငံရေးကစားတာဘဲလို့မြင်ပါတယ်။
၃၆။ တနိုင်ငံလုံး အပစ်ရပ် စကားလုံးဝေါဟာရ အဓိပ္ပါယ်အရ အားလုံးပါဝင်ရမယ် ဆိုတာ စာရေးသူ လက်ခံပေမယ့် နိုင်ငံကြီးတွေ ဝင်စွက်ဖက်မှူ၊ တိုင်းရင်သားလက်နက်ကိုင်တချို့ကိုယ်နှိုက်က စာချုပ်ထိုးဖို့ ဝန်လေး  နေတာတွေ့နေရလို့၊  လူထုငြိမ်းချမ်းရေးကို ဦးစားပေးပြီး စာချုက်လက်မှတ်ထိုးဖို့ စာရေးသူ တဦးတည်းသဘောဖြင့် တိုက်တွန်းနေတာ ဖြစ်ပါတယ်။ လက်မှတ်မထိုးတဲ့ အဖွဲ့တွေရဲ့ ဒေသနယ်ပယ်တွေထက် လက်မှတ်ထိုးတဲ့အဖွဲ့တွေရဲ့ ဒေသနယ်ပယ်တွေ
က ပိုပြီးငြိမ်းချမ်းတာ တွေ့ရတယ်လို့ ဆိုချင်ပါတယ်။ မတရားအသင်း ပယ်ဖျက် ပေးလိုက်တဲ့အတွက် ပြည်တွင်းပြည်သူလူထုနဲ့ နီးကပ်တဲ့ဆက်ဆံရေး၊ စည်ရုံးရေး ဆောင်ရွက်နိုင်မှာဖြစ်သလို၊ နိုင်ငံရေး၊ စီးပွါးရေး နယ်ပယ်မှာ တရားဝင် အခွင့်အရေး၊ ရပိုင်ခွင့် ပိုမို ရရှိသွားနိုင်ပါတယ်။ နိုင်ငံတကာကလည်း အကြမ်းဖက်အုပ်စု မဟုတ်တဲ့အတွက် ဆက်သွယ်ရေး ကွန်ယက်တည်ဆောက်နိုင်ကာ၊ ဒေသဖွံ့ဖြိုးရေး ထိထိရောက်ရောက် လုပ် နိုင်တော့မှာ ဖြစ်တယ်။ ဒါ့အပြင် အစိုးရက တန်းတူရည်တူသဘောထားဆက်ဆံရမယ့် position ခိုင်မာသွားပြီး ဖက်ဒရယ်ကိစ္စတွေမှာ တရားဝင်တောင်းဆိုရတာ ပိုပြီးထိရောက်နိုင်ပါတယ်။ အစိုးရကဖြစ်ဖြစ်၊ တပ်မတော် ကဘဲဖြစ်ဖြစ် အပြစ်ရှာခြင်း၊ ပစ်မှတ်ထားကာ ဖိအားပေးခြင်းတို့တတွေ ယခင်ကထက် အခွင့်အလမ်းနည်းသွားပြီ ဖြစ်ကြောင်း ဗိုလ်မှူးကြီး ခွန်ဥက္ကာရဲ့အင်တာဗျူးတခုကို ထပ်မံသက်သေပြ ကိုးကားလိုက်ပါတယ်။

၃၇။ တိုင်းရင်းသားများ ဖက်ဒရယ်ကောင်စီ (UNFC) တွဲဖက်အတွင်းရေးမှူး (၁) ဗိုလ်မှူးကြီးခွန်ဥက္ကာ နှင့် MID NEWS မှ တွေ့ဆုံမေးမြန်းထားသည်များကို စာရေးသူက သူရဲ့အမြင်ကို သဘောကျနှစ်သက်ပြီး တပ်မတော်ဘက် မြင်နိုင်တဲ့ အမြင်ကိုလည်း ဖြည့်စွက် ဖေါ်ပြလိုပါတယ်။  ရှေးဦးစွာ သူတို့ရဲ့အမေးအဖြေကို ကောက်နှုတ်တင်ပြပေးလိုက်ပါတယ်။

မေး။    ။ တိုင်းရင်းသားတွေဘက်က သံသယနဲ့ စောင့်ကြည့်နေတဲ့အချိန်မှာ တစ်ဘက်က NCA ထိုးကြမယ့် အဖွဲ့တွေရှိတယ်။ မထိုးရသေးတဲ့ ကချင်နဲ့ TNLA ရှိတဲ့ ရှမ်း/မြောက်ဘက်တွေမှာ တပ်မတော်နဲ့ တိုက်ပွဲတွေဖြစ်နေတယ်။ ဒါတွေက လက်မှတ်ထိုးဖို့ တွန်းအားပေးနေတာလား။ ဒါမှမဟုတ် တစ်ခုခုကြောင့် တိုက်နေလား။ ဒီအပေါ်မှာ သုံးသပ်ပေးပါဦး။

ဖြေ။    ။ လက်မှတ်မထိုးရသေးတဲ့ အဖွဲ့ကြီး ၄ ဖွဲ့ရှိတယ်။ SSA, KNPP, KIA , မွန်ပြည်သစ်ပါတီ ပေါ့။ ဒီအတောအတွင်း ကချင်နဲ့ ရှမ်း/မြောက်မှာ တိုက်ပွဲတွေ ဖြစ်နေတယ်။ ဒါနည်းပရိယာယ်လို့ ခေါ်တယ်။ အဲဒီလိုလုပ်ခြင်းအားဖြင့် အဖွဲ့တချို့က NCA မှာ ထိုးလိုက်ရင် ဒီတိုက်ပွဲတွေရပ်နိုင်တဲ့ အခြေအနေရှိတယ်။ သို့သော် တိုက်ပွဲဖြစ်လို့ မထိုးဘူးလို့ဆိုရင် ပြောင်းပြန်တွေးရင် ကျန်ရစ်ခဲ့မယ်။ ကျန်ခဲ့တဲ့အဖွဲ့က အန္တရာယ်ရှိတယ်။ တပ်မတော်က အားလုံးပါစေချင်လား၊ မပါစေချင်ဘူးလား ဆိုတာ မသိဘူး။၊ အခွင့်အရေးရှိရဲ့သားနဲ့ ကျန်ခဲ့တဲ့သူတွေအတွက်ကတော့ တပ်မတော်အကြိုက် ဖြစ်နိုင်တယ်။ ဒါ အန္တရာယ်ရှိတယ်လို့ ကျနော် မြင်တယ်။ တပ်မတော်ရဲ့ ထောင်ချောက်လို့မြင်တယ်။ အခုပြဿနာ လုပ်လိုက်တယ်၊ လာမထိုးရဲဘူး။ NCA ထိုးပြီးရင် တပ်မတော်က လုပ်လို့မရတော့ဘူး။ ကာချုပ်က လက်မှတ်ထိုးတယ်။ တိုက်တာတွေ လုပ်လို့မရဘူး။ အဲဒီအချိန်မှာ သူလုပ်လို့ မရတော့ဘူး။ စာချုပ်မှာမထိုးခင်မှာ သူလုပ်ထားလိုက်တယ်။ စာချုပ်မှာ လက်မှတ်မထိုးဘဲ ကျန်နေတဲ့သူတွေက တပ်မတော် အကြိုက်ဖြစ်နိုင်တယ်။ ဆက်ကြေးကောက်တာတို့၊ လူသစ်စုတာတို့ကို ပြဿနာတစ်ခုခုနဲ့ စစ်ရေး ပြန်သုံးလို့ရတယ်။ ကျန်နေတဲ့ အဖွဲ့တွေက ထိုးလို့ရှိရင် အပစ်ခတ်ရပ်တာ ပိုသေချာလား။ ကျန်တာပိုသေချာလားဆိုတာ ဒွိဟဖြစ်စေတယ်။ ကျနော်တို့ မြင်တာ NCA က ကျနော်တို့ရေးတာ၊ ထိုးလိုက်ပြီးတော့ စာချုပ်ဖောက်လာရင် စာချုပ်ကိုင်ပြီး တောင်းဆိုလို့ရတယ်။ စာချုပ်မှာမထိုးဘဲနဲ့ အပစ်ရပ်ပါ ပြောလို့မရဘူး။

မေး။    ။ တပ်မတော်က ထောင်ချောက်ဆင်ပြီး တိုက်နေတယ်လို့ ဆိုတာလား။

ဖြေ။    ။ တိုက်နေတာက စာချုပ်ကိုလက်မှတ်ထိုးဖို့ တွန်းအားပေးတာလဲ ဖြစ်နိုင်တယ်။ စိတ်ပျက်ပြီးတော့ ကျန်အောင်လည်း ဖြစ်နိုင်တယ်။ တိုင်းရင်းသားခေါင်းဆောင်တွေကို ခေါင်းစားတာလည်း ဖြစ်နိုင်တယ်။

မေး။    ။ NCA ထိုးပြီးရင်ရော တိုက်ပွဲတွေ ရပ်သွားနိုင်ပါ့မလား။

ဖြေ။    ။ NCA ထိုးပြီးရင်လည်း တိုက်ပွဲရှိနိုင်တယ်။ တိုက်ပွဲဖြစ်လာရင် စာချုပ်ရှိနေတော့ စာချုပ်နဲ့ အရေးယူလို့ရတယ်။ အခု တိုက်ပွဲတွေ ရှိနေတယ်။ ဘာနဲ့မှ အရေးယူလို့မှ မရဘူး။ မတိုက်ပါနဲ့ အပစ်တွေ ရပ်ပါ၊ သွားပြောလို့မရဘူး။ စာချုပ်ထိုးလိုက်ရင် နှစ်ဘက် ကတိကဝတ် ပြုလိုက်ပြီးသား ဖြစ်သွားမယ်။ နိုင်ငံတကာကလည်း ပြောတယ် – စာချုပ်ပြီးလို့ တိုက်လာရင် အမှုစွဲလို့ ရတယ်။ သူတို့ကလည်း သက်သေလိုက်လို့ရတယ်။

၄၀။ ဗိုလ်မှူကြီးခွန်ဥက္ကာ ဆွေးနွေးချက်တွေဟာ လက်တွေ့ကျပြီး လက်ရှိအခြေအနေအပေါ်အနီးစပ်ဆုံး သုံးသပ်သွားတာဖြစ်ပါတယ်။ စာရေးသူ ဖြည့်စွက်ချင်တာက အစိုးရက နဂိုကတည်းက တပ်မတော်အစိုးရ ကနေ ကူးပြောင်းလာတဲ့အစိုးရဖြစ်တော့ တပ်မတော်နဲ့ ဆက်ဆံရေးညီညွတ်အား ပိုကောင်းပါတယ်။ တိုင်းရင်းသားတပ်တွေနဲ့ အပစ်ခတ်ရပ်ဖို့ အာမခံချက်က တပ်မတော်နဲ့ အစိုးရက ပေးရမှာဆိုတော့ အစိုးရနဲ့ တပ်မတော် ညီညွတ်ရေးကောင်းတဲ့အချိန်မှာ ထိုးထားရင် နောင်လာမယ့် နိုင်ငံရေးခြေလှမ်းတွေအတွက် အာမခံချက် ပိုရတယ်လို့စာရေးသူမြင်ပါတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts