သူတို့အာဘော်

မင်းထက်မောင် – ဧည့်သည်အယ်ဒီတာရဲ့ ဧည့်ခံစကား

 


မင်းထက်မောင် –  ဧည့်သည်အယ်ဒီတာရဲ့ ဧည့်ခံစကား 

(မိုးမခ) သြဂုတ် ၁၇၊ ၂၀၁၈

ခေတ်ဆိုးခတ်ပျက် ခေတ်အမှောင်နက်ကြီးထဲ မဂ္ဂဇင်း၊ ဂျာနယ် အယ်ဒီတာဘဝကို နှစ်ပေါင်း နှစ်ဆယ်ကျော် အစိတ်လောက် လှိုင်းကြမ်းတွေကြားမှာ ကူးခတ်မျောပါ ဖြတ်သန်းခဲ့ရပြီးတဲ့နောက် ကျွန်တော်လည်း အတော်ကလေး အာရုံညောင်းညာကိုက်ခဲသွားကာ ကိုယ့်ဘာသာကိုယ် အငြိမ်းစားယူပစ်လိုက်ပါတယ်။ စာနယ်ဇင်းအလုပ်၊ မီဒီယာအလုပ် ဘာတစ်ခုမှ မလုပ်ကိုင်တော့ဘဲ စိတ်လာမှ လာသလို ရေးလေ့ရှိတဲ့ ကဗျာဆရာအလုပ်၊ စာရေးဆရာအလုပ်ကိုသာ အချိန်ပြည့်လုပ်ကိုင်ဖြစ်ပါတယ်။ အယ်ဒီတာအလုပ်ကို စိတ်ပျက် စိတ်ကုန်သွားတာမျိုး မဟုတ်သော်ငြား ကျွန်တော် တကယ့်ကို အနားယူချင်တာ အမှန်ပါပဲ။ နောက်တစ်ခုက ကြုံဆုံလာရတဲ့ မိသားစု လူမှုဘဝပေးအခြေအနေအရ အယ်ဒီတာအလုပ် လုပ်ဖို့ ကျွန်တော် အချိန်မပေးနိုင်တော့၊ အပြင်မထွက်နိုင်တော့တာလည်း ပါတယ် ဆိုရပါမယ်။

ဒီလို အကျပ်အတည်းမျိုးနဲ့ ကျွန်တော်ဟာ ကြိုးတန်းပေါ် လမ်းလျှောက်ရသလို ကိုယ့်ဟန်ချက်ကို ကိုယ်ငြိမ်အောင် ထိန်းနေဆဲမှာပဲ နောက်ထပ်ဝန်ပိုတစ်ခုက ရုတ်တရက် ကျရောက်လာခဲ့ပါတယ်။ အဲဒါကတော့ မိုးမခကို ဟိုးအဝေးက ပဲ့ကိုင်မောင်းနှင်နေသူ ကိုရစ်က သူ့ယာဉ်ကြီးကို ကျွန်တော့်လက်ထဲ ခေတ္တခဏ ထိုးအပ်လိုက်ခြင်းပါပဲ။ ငြင်းဆန်လို့လည်း မရနိုင်တဲ့အတူတူ ကျွန်တော်ကလည်း ဒီတစ်အုပ်တော့ဖြင့် guest editor (ဧည့်သည်အယ်ဒီတာ) အဖြစ် ဆောင်ရွက်ပေးပါ့မယ်လို့ ကတိကဝတ်ပြုပြီးသကာလ မဆိုင်းမတွဘဲ ကျွန်တော်နဲ့ နီးစပ်ရာရာ မိတ်ဆွေ စာရေးဆရာ၊ ကဗျာဆရာ၊ ကာတွန်းဆရာတွေကို ပြန်ပြီး လည်ပင်းညှစ်ရပါလေတော့တယ်။ ဒီနေရာမှာ ကျွန်တော် ကျေးဇူးတင်သင့်တာက ကျွန်တော်ဂျီကျတဲ့အတိုင်း လိုချင်တဲ့စာမူတွကို အချိန်မီ ရေးသားချီးမြှင့်ပေးခဲ့ကြတဲ့ ဆရာ/ဆရာမတွေရယ်၊ ကျွန်တော် အမှုတွဲရာနောက်ကို မညည်းမညူ လိုက်ပါပေးခဲ့သူ ကိုဘဌေးကြည်ရယ်ကိုသာမက မျက်နှာဖုံးကနေ စလို့ မဂ္ဂဇင်းတစ်အုပ်လုံးကို လုပ်ချင်ရာ လုပ်ခွင့်ပေးလေသူ ကိုရစ်ကိုလည်း ကျေးဇူးတင်ရမှာပါပဲ။

ဒါကြောင့်လည်း ကိုယ်သန်ရာသန်ရာ ဆိုသလို ဒီတစ်လထုတ် မိုးမခ မဂဇင်းမှာတော့ဖြင့် ကဗျာနဲ့ သက်ဆိုင်တဲ့ စာမျက်နှာတွေက ပါနေကျထက် အတော်ကလေး ပိုလို့ များကောင်းများနေပါလိမ့်မယ်။ သို့သော်လည်း အခြားသော ဝတ္ထုတို၊ အက်ဆေး၊ သရော်စာ စတဲ့ ရသစာပေ စကားပြေ အဖွဲ့အနွဲ့တွေကိုလည်း သိပ်မနည်းပါးလှစွာ ဖတ်ရှုခံစားရမှာ အသေအချာပါ။ ဒါ့အပြင် ဒီ issue ဟာ သြဂုတ်လထုတ် ဖြစ်နေတဲ့အတွက် နှစ်သုံးဆယ်ပြည့် ရှစ်လေးလုံးအရေးတော်ပုံကြီးနဲ့ တိုက်ဆိုင်လှစွာ အမှတ်ထင်ထင် ဖြစ်စေမယ့် ဆောင်းပါးတချို့ကိုလည်း ပြန်လည် ကောက်နှုတ်စုစည်းလို့ အမှတ်တရ တင်ဆက်ထားပါတယ်။ အချိန်တိုအတွင်းမှာ အမြန် ချက်ပြုတ်လိုက်ရတဲ့ (fast food တော့ မဟုတ်သော) ဟင်းလျာတွေ ဆိုပေမဲ့ စာဖတ်သူမိတ်ဆွေတို့ လျှာရင်းမြက် အရသာတွေ့စေဖို့ မျှော်လင့်လို့နေပါကြောင်း။

ချစ်ခင်လေးစားလျက်
မင်းထက်မောင်
၂၂၊ ဇူလိုင်၊ ၂ဝ၁၈


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Advertise on MoeMaKa

Similar Posts