သူတို့အာဘော်

စံလှကြီး – လူတိုင်း ကိုယ့်တာဝန် ကိုယ်ကျေကြလိမ့်မည်ဟု အမိမြန်မာပြည်က မျှော်လင့်ပါသည်

ကဗျာဆရာ မောင်တင်သစ်၏ ဖေ့စ်ဘွတ် – ‘အမေစုကို သိလား’

စံလှကြီး – လူတိုင်း ကိုယ့်တာဝန် ကိုယ်ကျေကြလိမ့်မည်ဟု အမိမြန်မာပြည်က မျှော်လင့်ပါသည်
(ဒီလှိုင်းဂျာနယ်) မိုးမခ၊ အောက်တိုဘာ ၉၊ ၂၀၁၅

၁၈၀၄ ခုနှစ် ကာလကား ပြင်သစ်ဘုရင် နပိုလီယံ ဥရောပတွင် တန်ခိုးထွားနေသော အချိန် ဖြစ်ပေသည်။ သူ၏ ထူးချွန်သော စစ်ပါရမီတို့ကို ပြသ၍ ထိုအချိန်တွင် ဥရောပတိုက် တစ်ခုလုံး လိုလိုကိုပင် အောင်မြင်ခဲ့ပြီ ဖြစ်သည်။ ကြည်းကြောင်းတိုက်ပွဲများတွင် ယှဉ်ပြိုင်လေသမျှ နပိုလီယံနှင့် ပြင်သစ်တပ်ကြီးသာလျှင် အောင်ပွဲခံနိုင်သည်ချည်း ဖြစ်သည်။ ထို့ကြောင့် ဥရောပ နိုင်ငံများမှာ နပိုလီယံ၏ အမည်ကို ကြားသည်နှင့် ကြောက်ရွံ့တုန်လှုပ်ရသည်။ ဥရောပအလုံး၊ ရွံ့ကြောက်ချုံးအောင်၊ လက်ရုံးနှစ်ရပ်၊ ဖြောင်းဖြောင်းခတ်လျှက် ဟုပင် ဆိုနိုင်သည့် နပိုလီယံ၏ ခေတ်ဖြစ်လေသည်။

သို့သော် ဗြိတိသျှ ရေတပ်ကြီးက ကာကွယ်ထားသည့် အင်္ဂလန်ကျွန်းကိုမူ တက်ရောက် တိုက်ခိုက်နိုင်ခြင်း မရှိပေ။ ဗြိတိသျှ ရေတပ်ကြီးက အင်္ဂလိပ် ရေလက်ကြားကို ကာကွယ်ထားသမျှ အင်္ဂလန်ပြည် ကမ်းခြေသို့ ကမ်းတက် တိုက်ခိုက်ရန် မဖြစ်နိုင်ကြောင်းကို သိသော နပိုလီယံသည် ပြင်သစ်ရေတပ်ကို အနောက် အိန္ဒိယ ကျွန်းစုဘက်သို့ ထွက်ခွာစေသည်။ အမှန်ကား ကျားကို တောင်ပေါ်မှ ခေါ်ထုတ်သည့် နပိုလီယံ၏ စစ်ပရိယာယ် ဖြစ်ပေသည်။

ထိုအခါ ရေကြောင်း ဗိုလ်ချုပ် နယ်လဆင် အုပ်ချုပ်သော အင်္ဂလိပ် ရေတပ်မကြီးသည် အငိုက်မိပြီး ပြင်သစ်ရေတပ် နောက်သို့ ထပ်ချပ် လိုက်ပါသွားခဲ့သည်။ ထိုသို့ ဥပါယ်တံမျဉ်ဖြင့် အင်္ဂလိပ် ရေတပ်ကို အနောက်အိန္ဒိယ ကျွန်းစုသို့ ရောက်အောင် သွေးဆောင်လာပြီးနောက် ပြင်သစ် ရေတပ်သည် ကွေ့၍ ပြန်လာခဲ့သည်။ အနောက် အိန္ဒိယကျွန်းစုသို့ ရောက်မှပင် နပိုလီယံ၏ ပရိယာယ်ကို ရိပ်မိသော ရေကြောင်း ဗိုလ်ချုပ်နယ်လဆင်လည်း အင်္ဂလန်သို့ အပြင်းချီကာ ပြန်လာလေသည်။ ၁၈၀၅ ခုနှစ် အောက်တိုဘာ ၂၁ ရက်နေ့တွင် ထရာဖဲလဂါ အငူ အနီးတွင် ရေတပ် နှစ်ခု တွေ့ဆုံ တိုက်ခိုက်ကြလေတော့သည်။

ရေတပ်နှစ်ခု၏ အင်အားကို ယှဉ်ကြည့်လျှင် ပြင်သစ်ရေတပ်က ပို၍ သာလေသည်။ ဗြိတိသျှ ရေတပ်တွင် သဘောင်္ကြီး ၂၇ စင်း သဘောင်္ငယ် ၄ စင်း ပါဝင်၍ ပြင်သစ်ရေတပ်တွင် သဘောင်္ကြီး ၃၃ စင်း သဘောင်္ငယ် ၇ စင်းပါဝင်သည်။ သို့သော် တကယ် တိုက်ခိုက်ကြသောအခါ ဗြိတိသျှ ရေတပ်က အနိုင်ရပြီး ရန်သူ သဘောင်္ နှစ်ဆယ်ခန့်ကို ဖျက်ဆီးပစ်နိုင်ပြီး ပြင်သစ် စစ်သား ၁၄,၀၀၀ ကျော်ကို သုံ့ပန်းအဖြစ် ဖမ်းဆီးရမိလေသည်။ အင်္ဂလိပ်ရေတပ်မှ သဘောင်္ တစ်စင်းမှ မပျက်စီးခဲ့ပေ။ ထရာဖဲလဂါ တိုက်ပွဲသည် အင်္ဂလန်ကမ်းခြေသို့ ကမ်းတက် တိုက်ခိုက်ရန်ဟူသော နပိုလီယံ၏ အိပ်မက်ကို အပြီးတိုင် ပျက်စီးစေခဲ့လေသည်။ အင်္ဂလန်နိုင်ငံ သမိုင်း၌ အကြီးကျယ်ဆုံး ရေကြောင်း တိုက်ပွဲကြီးလည်း ဖြစ်သည်။

အင်အားသာလွန်သော ပြင်သစ်ရေတပ်ကြီးကို အနိုင်တိုက်ခဲ့သော ဗြိတိသျှ ရေတပ်၏ လျှို့ဝှက်ချက်ကား တစ်ဦးချင်း၏ တာဝန်သိစိတ်သာ ဖြစ်ပေသည်။ တိုက်ပွဲ မစမီတွင် ရေကြောင်း ဗိုလ်ချုပ် နယ်လဆင်သည် ဗြိတိသျှ ရေတပ်သားများကို စိတ်ဓာတ် မြှင့်တင်သည့် အနေဖြင့် သူ၏ အလံတင်သဘောင်္တွင် ဆောင်ပုဒ် တစ်ခုကို လွှင့်ထူထားခဲ့ပေသည်။ သူ၏ ဆောင်ပုဒ်မှာ “လူတိုင်း ကိုယ့်တာဝန် ကိုယ်ကျေကြလိမ့်မည်ဟု အင်္ဂလန်ပြည်မှ မျှော်လင့်သည်” ဟူ၍ ဖြစ်သည်။ အတိအကျ ဆိုလျှင် “England expects that every man will do his duty” ဟူ၏။ တိုင်းပြည်က တစ်ဦးချင်းစီ၏ လုပ်အားကို အရေးတကြီး လိုအပ်နေသည်။ ကိုယ့်တာဝန် ကိုယ်လုပ် ဒါပဲ ဖြစ်သည်။ ထိုစကားလေးသည်ပင် ထရာဖဲလဂါ တိုက်ပွဲကို ဗြိတိသျှတို့ အောင်နိုင်လိုက်သော အကြောင်း ဖြစ်သလို ကမ္ဘာ့ရေကြောင်းတွင် အင်္ဂလန်ကို ဗိုလ်တကာ့ဘုရင် အဖြစ် နောင်နှစ်ပေါင်း ၁၀၀ ခန့်အထိ မင်းမူစေခဲ့ပေသည်။

ချီးကျူးစရာ ကောင်းသည်ကား ခေါင်းဆောင်၏ အမိန့်ကို နာခံကာ ငါ့တိုင်းပြည် အရေးသည် ငါတစ်ယောက် အပေါ်တွင် တည်မှီလျက်ရှိသည် ဟူသော ခံယူချက်ဖြင့် တိုက်ပွဲဝင်ခဲ့သည့် ဗြိတိသျှ စစ်သည်များ ဖြစ်သည်။ ငါတစ်ယောက်တည်း အချောင်ခိုလိုက်လို့ တိုက်ပွဲကြီး ရှုံးမသွားနိုင်ပါဘူး ဟု မည်သူမျှ မတွေး။ လူတိုင်းလိုလိုက ကိုယ်တစ်ယောက်တည်း ကျန်တော့သည့် အလား တိုက်ခိုက်ကြရာ အောင်ပွဲရသည် သာမက အင်္ဂလန်ပြည်ကိုလည်း နေမဝင် အင်ပါယာကြီး ဖြစ်လာစေမည့် လမ်းပေါ် ပို့ပေးနိုင်ခဲ့သည်။

ဥာဏ်အမြော်အမြင် ရှိသူတို့သည် စိတ်တွင်း၌ မိမိကိုယ်တိုင် လုပ်ရသည့် လုပ်ငန်းကွက်ကွက် ကလေးကို မမြင်ပဲ မိမိလုပ်ရပ်နှင့် ဆက်စပ်နေသည့် အကျိုးဆက်ကြီး တစ်ခုလုံးကို ရှုမြင်တတ်ကြလေသည်။

ဒုတိယ ကမ္ဘာစစ်ကြီး အပြင်းအထန် ဖြစ်နေသော အချိန်တွင် အင်္ဂလန်နိုင်ငံမှ အရွယ်ကောင်း လူငယ်များ တိုင်းပြည်အတွက် စစ်ထဲ လိုက်ကြရလေသည်။ မိသားစုတိုင်းတွင် စစ်ထဲ လိုက်သွားရသည့် ယောကျာ်းလေးများ ရှိနေခဲ့သည်။ လေယာဉ်ချင်း စီးချင်းထိုးသော တိုက်ပွဲများ၊ စစ်သည်များကို လေထီးဖြင့် ရန်သူနယ်မြေသို့ ဆင်းကာ တိုက်ခိုက်သည့် တိုက်ပွဲများကလည်း ပြင်းထန်ခဲ့ပေသည်။ ယောကျာ်းသားများ စစ်ထဲ လိုက်ရသလို အမျိုးသမီးများစွာ တို့လည်း လေထီးချုပ်သော အလုပ်ကို အပူတပြင်း လုပ်ကြရလေသည်။ ဗြိတိသျှ အမျိုးသမီးများသည် ပျင်းစရာ ကောင်းလှသော လေထီးချုပ်ခြင်း လုပ်ငန်းကို ပေါ့ပေါ့တန်တန် မလုပ်ကြပေ။ မိမိ၏ ချုပ်ရိုး တစ်ကြောင်း ညံ့ဖျင်းသွားလျှင် အသက်တစ်ချောင်း ဆုံးရှုံးရနိုင်သည်။ မိမိ ချုပ်သည့် လေထီးကို အားကိုးကာ လေယာဉ်ပေါ်မှ ခုန်ချတိုက်ပွဲဝင်မည့် လေသူရဲသည် ကိုယ့်၏ အိမ်ဦးနတ် အရှင်သခင် လင်ယောကျာ်း ဖြစ်နိုင်သည်။ ရှုမငြီးသည့် သားလှရင်သွေး ပုလုကွေးလည်း ဖြစ်နိုင်သည်။ တမိဝမ်းတွင်း ထက်အောက်ဆင်းသည့် မောင်ရင်း အစ်ကိုများလည်း ဖြစ်နိုင်သည်။ ထိုလေသူရဲများသည့် မိမိ၏ ပေါ့ပေါ့ဆဆ ပြုလုပ်မှုကြောင့် အသက်ဆုံးရှုံးပြီး တိုင်းပြည်၏ စစ်အောင်နိုင်ရေးကို မထိခိုက်ပါစေနှင့် ဟူသော သဘောထားဖြင့် ချုပ်ရိုးတစ်ကြောင်းချင်းကို အာရုံစိုက်၍ လုပ်ခဲ့ကြသည်ဟု ဆိုသည်။

ဤကဲ့သို့ အာဂယောကျာ်း အာဂမိန်းမများ အမြောက်အများ ရှိသော တိုင်းပြည်သည် အံ့မခန်း အင်ပါယာကြီးတွေ ထူထောင်နိုင်တာ၊ ကမ္ဘာစစ်ကြီးတိုင်းကို အနိုင်တိုက်နိုင်ခဲ့တာ၊ တိုးတက်သော တိုင်းပြည်ကြီး အဖြစ်သို့ ရောက်ကြတာ ဘာမျှ အံ့သြစရာ မရှိတော့ပြီ။ သူတို့နှင့် ထိုက်တန်လို့ ရောက်ကြခြင်းပါပဲ။

အမှန်တော့ စစ်နိုင်သူ အင်္ဂလန်ရော စစ်ရှုံးသူ ဂျာမနီ ဂျပန်တို့ပါ ထိုကဲ့သို့သော စိတ်ထားရှိသူ အများအပြား ရှိခဲ့ကြသည်။ စစ်နိုင်ခြင်း ရှုံးခြင်းကို အပထား၍ ယနေ့ ပြန်ကြည့်မည် ဆိုလျှင်ပင် သူတို့အားလုံး တိုးတက် ချမ်းသာသော နိုင်ငံကြီးများ ဖြစ်နေကြပြီ ဖြစ်သည်။ မိမိတိုင်းပြည်၏ အနာဂတ်သည် ကိုယ့်တစ်ယောက်ချင်း အပေါ်တွင် မူတည်လျှက် ရှိသည်ဟု သဘောထားနိုင်သူ များများ ရှိသည့် တိုင်းပြည်များသည် ကြီးပွားရမည်သာတည်း။

ဗြိတိသျှ ဗိုလ်ချုပ်ကြီး နယ်လဆင် ပြောခဲ့သည့် “လူတိုင်း ကိုယ့်တာဝန် ကိုယ်ကျေကြလိမ့်မည်ဟု အင်္ဂလန်ပြည်မှ မျှော်လင့်သည်” ဟူသော စကားသည် အားကျစရာ ကောင်းလှပေသည်။ ထို့အတူ ထိုကဲ့သို့ သဘောထားနိုင်သည့် ဗြိတိသျှ ရေတပ်သားများ လေထီးချုပ်သော ဗြိတိသျှ အမျိုးသမီးများသည်လည်း လေးစား ချစ်ခင်စရာ ဖြစ်ပေသည်။

ဤသို့ ဆိုသဖြင့် တိုင်းတစ်ပါးသားများကို အထင်ကြီးသည်ဟု စကားကပ်ကာ အပြစ်တင် မစောစေလိုပါ။ သူတို့ လူမျိုး၏ အားသာချက်များတွင် အတုယူသင့်သည်ကို ယူပြီး မလိုအပ်သည်တို့ကို ပယ်ရန်သာ ရှိပါသည်။ သူတို့မြေမှာ ဖြူပြာပွင့်လျှင် တို့မြေမှာလည်း နီဝါ တင့်စေရမယ် ဟူသော စိတ်ထားကို မွေးမြူရန် လိုပါသည်။

တစ်ဦးချင်းစီက တာဝန်ကျေသော အခါ အောင်ပွဲရသည်များ ရှိသလို တစ်ဦးချင်း အချောင်ခိုသော အခါ ပျက်စီးရသည်လည်း ရှိတတ်ပေသည်။ လူတိုင်းက ဒီကိစ္စတော့ လုပ်မည့် လူတွေ အများကြီး ရှိပါတယ်။ ငါတစ်ယောက်တည်း မလုပ်တာ ဘာမျှ မဖြစ်ပါဘူးဟု တွေးကြသဖြင့် ဟိုလူလိုလို ဒီလူလိုလိုဖြင့် နောက်ဆုံး ဘယ်သူမျှ မလုပ်ဖြစ်ပဲ အချည်းနှီး ဖြစ်ကုန်တတ်သည်။

စာရေးသူ အရွယ် ခပ်ငယ်ငယ်တုန်းက ဖတ်ခဲ့ဖူးသော ပုံပြင်လေး တစ်ပုဒ် ရှိသည်။ ရွာတစ်ရွာတွင် မိတ်ဆုံစားပွဲ လုပ်ရန် ဆိုပြီး ရွာသူကြီးက ရွာသားများကို တစ်အိမ်လျှင် ထန်းရည်ချို တစ်အိုးစီ ယူလာကြရန် ဆင့်ဆိုလေသည်။ သို့သော် အပျင်းထူသော ရွာသား တစ်ဦးက ထန်းပင် တက်လိုစိတ် မရှိပေ။ သူ စဉ်းစားပုံမှာ တရွာလုံးက လူတွေက ထန်းရည်ချို တစ်ယောက် တစ်အိုးစီ ယူလာကြမည်။ ထို ထန်းရည်ချိုများကို အလွန်ကြီးသော အိုးစရည်းကြီးထဲတွင် ရောထည့်ထားမည်။ အကယ်၍ တစ်စုံတစ်ယောက်က ရေတစ်အိုးလောက် ထည့်လိုက်ရုံမျှဖြင့် အိုးစရည်းကြီး အတွင်းရှိ ထန်းရည်၏ အရသာ ပြောင်းသွားမည် မဟုတ်။ ဘယ်သူမှလည်း သိမည် မဟုတ်။ ထိုသူ အနေဖြင့် ဝေစုမထည့်ပဲ ထန်းရည် အလကား သောက်ရမည်။ သို့နှင့် သူသည် ကိုယ့်အတွေးနဲ့ကိုယ် ထန်းပင် မတက်ပဲ ခြေကန် အိပ်တော့သည်။ ပွဲနီးတော့မှ အိုးအလွတ် တစ်လုံးထဲကို ရေတွေထည့်ကာ ခပ်တည်တည်ဖြင့် ထမ်းလာခဲ့သည်။ ဝေစုမပါပဲ ထန်းရည် အလကား သောက်ရတော့မည် ဟူသော အတွေးဖြင့်လည်း အူမြူးလျှက် ရှိသည်။ သတ်မှတ်ထားသော စုဝေးရာ နေရာသို့ အရောက်တွင် သူယူလာသော ရေတွေကို ခပ်တည်တည်ဖြင့် အိုးစရည်းကြီးထဲသို့ လောင်းထည့်လိုက်သည်။ ကိုယ့်စိတ် ကိုယ်မလုံသူ ဖြစ်ရာ မျက်နှာလွှဲ၍ ရေများကို သွန်ထည့်လိုက်ပြီး အိုးကြီးအတွင်းသို့ မကြည့်မိပေ။

ပွဲစသည့် အချိန် အားလုံး ကိုယ်စီကိုယ်ဌ အိုးစရည်းကြီးထဲမှ တစ်ခွက်စီ ခပ်သောက်ကြသည့် အခါ အိုးကြီးထဲမှ အရည်များသည် ထန်းရည်ချို အရသာ တစ်စက်မှ မပါသည့် ရေသက်သက်သာ ဖြစ်နေကြောင်း တွေ့ရတော့သည်။ ထိုအခါ အပျင်းထူသော ရွာသားက ညည်းညူလေသည်။ အင်း အပျင်းထူတာ ငါတစ်ယောက်တည်းလို့ ထင်နေတာ လက်စသတ်တော့ တို့ တရွာလုံးက လူတွေက ငါ့အတိုင်းချည်းပါပဲလား ဟူ၍ ဖြစ်လေသည်။

ဤကဲ့သို့သော အဖြစ်ကို ဗုဒ္ဓရှင်တော်မြတ်သည် ဆွေတော်မျိုးတော် သာကီဝင်တို့အား အကြောင်းပြု၍ ဟောခဲ့ဖူးလေသည်။ ရှေးအခါက ငုံးဌက်များကို ဌက်မုဆိုးက ပိုက်ကွန်ဖြင့် ပစ်ဖမ်းသောအခါ ပထမနေ့များတွင် ခေါင်းဆောင်၏ အကြံပေးချက်အတိုင်း ဌက်အားလုံးသည် အင်အားရှိသမျှ ရုန်းထွက်ကြရာ အလွန်ကြီးမားသော ဌက်အုပ်ကြီး ဖြစ်သဖြင့် ပိုက်ကွန်ကြီးပါ မြှောက်ပါလာပြီး အကုန် လွတ်မြောက်ကုန်လေသည်။ သို့သော် နောက်ရက်တွင် တစ်ကောင်နှင့် တစ်ကောင် တွက်ကပ်ကာ သူလိုလို ကိုယ်လိုလို လုပ်နေကြသဖြင့် နောက်ဆုံး ဌက်မုဆိုး၏ ဖမ်းဆီး စားသောက်ခြင်းကို ခံရတော့သည်။

ကျွန်တော်တို့ရော “တိုင်းပြည်၏ အရေးကြီးသော အချိန်” “ကောင်းသော အပြောင်းအလဲကို လုပ်ရတော့မည့် အချိန်”များတွင် မည်သို့ သဘောထားသင့် ပါသနည်း။ ထန်းရည်အိုးထဲ အချောင်ခိုကာ ရေထည့်သော လူပျင်းများ၏ နမူနာလား သို့မဟုတ် မညီညွှတ်သဖြင့် ဌက်မုဆိုးလက်မှ မလွတ်နိုင်ခဲ့သည့် ဌက်များကို အတုယူမည်လား။ မြန်မာအမျိုးသား တစ်ယောက်သာ ဖြစ်သော စာရေးသူသည် မြန်မာလူမျိုးများ အနေဖြင့် တိုင်းပြည်အတွက် အရေးကြီးလျှင် လုံးဝ နောက်တွန့်မည် မဟုတ်ဟုသာ ယုံကြည်မိပါသည်။

သို့အတွက် ကျွန်တော်တို့ မြန်မာနိုင်ငံသူ နိုင်ငံသားများသည်လည်း တိုင်းပြည်၏ အရေးကြီးသော အချိန်များတွင် “လူတိုင်း ကိုယ့်တာဝန် ကိုယ်ကျေကြလိမ့်မည်ဟု အင်္ဂလန်ပြည်မှ မျှော်လင့်သည်” ဟူသော စာတန်းပါ အလံကို မော့ကြည့်ကာ တိုက်ပွဲဝင်ခဲ့ကြသည့် ဗြိတိသျှ ရေတပ်သားများ၏ စိတ်ဓာတ်မျိုး ထားရှိရန် လိုအပ်ပါသည်။ မိမိ၏ ချုပ်ရိုးတစ်ကြောင်းပေါ်တွင် မိမိ ချစ်ခင်သူတို့၏ အနာဂတ်နှင့် တိုင်းပြည်၏ အနာဂတ်တို့ တည်မှီလျှက် ရှိသည်ဟု သဘောထားနိုင်ခဲ့သည့် လေထီးချုပ်သော အမျိုးသမီးများကို အတုယူရန် လိုအပ်ပါသည်။

ယခုအခါ ကျွန်တော်တို့ မြန်မာနိုင်ငံသည် ဒီမိုကရေစီ စနစ်သို့ ပြောင်းလဲကာ ပတ်ဝန်းကျင် နိုင်ငံများကို အမှီလိုက်ရန် ကြိုးပမ်းနေချိန် ဖြစ်သဖြင့် အရေးကြီးသော အချိုးအကွေ့ အပြောင်းအလဲများကို ကြုံရပေဦးမည်။ မကြာခင်တွင်ပင် မိမိ ဆန္ဒသဘောထား အမှန်ကို ထုတ်ပြရမည့် တိုင်းပြည်အတွက် အရည်အချင်းရှိသူကို ရွေးချယ်ရမည့် ရွေးကောက်ပွဲ လာပေလိမ့်မည်။ ထိုသို့သော အချိန်များတွင် ကမ္ဘာ့အလယ်တွင် အနှိမ်ခံ အနင်းခံ ဘဝဖြင့် ရပ်တည်နေရရှာသော အမိ တိုင်းပြည် အနေဖြင့် မြန်မာအမျိုးသား အမျိုးသမီး အားလုံးတို့ကို “လူတိုင်း ကိုယ့်တာဝန် ကိုယ်ကျေကြလိမ့်မည်ဟု အမိမြန်မာပြည်မှ မျှော်လင့်ပါသည်” ဟု ပြောလိမ့်မည်သာ ဖြစ်ပါသည်။

မှီငြမ်း

အောင်မြင်မှု ချမ်းသာသုခနှင့် ဓနဥစ္စာ(ဖေမြင့်)

မြန်မာ့စွယ်စုံကျမ်း

Encyclopedia Britannica 2014

(အောက်တိုဘာ ၅ ရက်နေ့ ၂၀၁၅ ထုတ် ဒီလှိုင်းဂျာနယ် အတွဲ (၄) အမှတ် (၃၈) မှာ ပုံနှိပ် ဖော်ပြခဲ့သော ဆောင်းပါး ဖြစ်ပါတယ်။)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

2 thoughts on “စံလှကြီး – လူတိုင်း ကိုယ့်တာဝန် ကိုယ်ကျေကြလိမ့်မည်ဟု အမိမြန်မာပြည်က မျှော်လင့်ပါသည်
  1. ရေးထားတဲ့ဆောင်းပါးက ဗဟုသုတရှာမှီးလိုသူတွေအတွက် “ဟင်းလေးအိုးကြီး”လို့ ဆိုရပါလိမ့်မယ်။

    1. ဟုတ်ကဲ့ ကိုယ့်ထက် အသက်ကြီးတယ်လို့ သိရတဲ့ လူကြီးတွေက ချီးကျူးတဲ့အတွက် ဝမ်းသာ ဂုဏ်ယူမိပါတယ် ခင်ဗျာ။ နောင်လည်း ဖတ်ရှု ဝေဖန်ပေးပါ။

Comments are closed.