တူမောင်ညို သူတို့အာဘော်

ဗိုလ်ရွှေမန်းကို မလွန်ဆန်နိုင်သူ ဗိုလ်သိန်းစိန် (Tu Maung Nyo)

ဗိုလ်ရွှေမန်းကို မလွန်ဆန်နိုင်သူ ဗိုလ်သိန်းစိန်

တူမောင်ညို၊ ဇန်န၀ါရီ ၂၃၊ ၂၀၁၃

ပြည်ထောင်စုလွှတ်တော် အတည်ပြုချက်ဖြင့် ပေးပို့လာသော “နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးဥပဒေကို ပြင်ဆင် သည့်ဥပဒေကြမ်း”နှင့်“ ပြည်ထောင်စုစာရင်းစစ်ချုပ်ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း”  ၂ ခုတွင် “ဖွဲ့စည်းပုံအခြေခံဥပဒေကို ဆန့်ကျင် သော”၊  “ဒီမိုကရေစီကျင့်စဉ်ကို ဆန့်ကျင်သော” ပြဋ္ဌာန်းချက်များ ပါရှိနေသော်လည်း “အများဆန္ဒအား အလေးဂရုပြုသောအားဖြင့်” အတည်ပြု လက်မှတ်ရေးထိုးပေးလိုက်သည်ဟု သမ္မတ(ဗိုလ်) ဦးသိန်းစိန် ကပြောနေပါသည်။

          သမ္မတ(ဗိုလ်) ဦးသိန်းစိန်၏ပြောကြားချက်အရဆိုလျှင် –

– ပြည်ထောင်စုလွှတ်တော်သည် “ဖွဲ့စည်းပုံအခြေခံဥပဒေကို ဆန့်ကျင်သော”၊ “ဒီမိုကရေစီကျင့်စဉ်ကို ဆန့်ကျင်သော” အချက် များကို ထည့်သွင်းအတည်ပြုခဲ့သည်ဟူသောအချက်နှင့်

– သူသည် ပြည်ထောင်စုလွှတ်တော်ကို မလွန်ဆန်နိုင်သဖြင့် လက်မှတ်ရေးထိုးပေးလိုက်ရသည် ဟူသော အချက်ပေါ်လွင်နေပါ သည်။

သမ္မတ(ဗိုလ်) ဦးသိန်းစိန်သည် ခုံရုံးဆုံးဖြတ်ချက်ကို လွှတ်တော်က လက်မခံပယ်ချခဲ့စဉ်ကလည်း အခြေခံဥပဒေပြင်ဆင်ရေး နည်းလမ်းကျင့်သုံးရန်ပြောခဲ့ဖူးသည်။ လွှတ်တော်ကလက်မခံခဲ့။  လက်မခံသည့်အပြင် ခုံရုံးတစ်ဖွဲ့လုံးကိုပင် ထုတ်ပယ်ခဲ့သည်။

ယခုလည်း လွှတ်တော်ကအတည်ပြုသောဥပဒေကြမ်းကို သမ္မတက အတည်ပြု လက်မှတ်ရေးထိုးပေးရသည်။ လက်မှတ်မထိုး လျှင်လည်း ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁၀၇ အရ ထိုဥပဒေကြမ်းသည် သမ္မတလက်မှတ်ရေးထိုးသကဲ့ အတည်ဖြစ်လာမည်ဖြစ်သည်။  သမ္မတ(ဗိုလ်)ဦးသိန်းစိန်အနေဖြင့် လက်မှတ်မထိုးပဲနေလျှင် (ဗိုလ်)ဦးသိန်းစိုးကဲ့သို့ လွှတ်တော်မှ စွပ်စွဲပြစ်တင်ကာ ထုတ်ပယ်ခြင်းခံရကိန်း ပင်ရှိသည်။

ထို့အပြင် “ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်ညီညွတ်ခြင်း၊ မညီညွတ်ခြင်းသည် ဖြစ်ပေါ်လာမည့် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုင်ရာခုံရုံး၏ အဆုံးအဖြတ်အပေါ်၌သာမူတည်ပါမည်” ဟုလည်း ရှေ့နောက်မညီ ပြောထားပြန်ပါသည်။

ဤသို့ဆိုလျှင် အခြေခံဥပဒေဆိုင်ရာခုံရုံးကို မည်သို့  ပြန်လည်ဖွဲ့စည်းမည်နည်း။

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးဥပဒေကိုပြင်ဆင်သည့်ဥပဒေ (၂၀၁၃ ခုနှစ်၊ ပြည်ထောင်စုဥပဒေအမှတ် ၄) ဖြင့် ဖွဲ့စည်းမည်လော။

 သို့ဖြင့် “အများဆန္ဒအား အလေးဂရုပြုသော အားဖြင့်”  အတည်ပြုလက်မှတ်ထိုးပေးပြီး “အေးကွက် ”ကို ရှာခဲ့ပုံပေါ်ပါသည်။

သမ္မတ(ဗိုလ်) ဦးသိန်းစိန်သည် သနားစဖွယ်ကောင်းလေစွ။

ပြည်ထောင်စုလွှတ်တော်သည် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဆန့်ကျင်နိုင်သလော။ ဒီမိုကရေစီကျင့်စဉ်ကို ချိုးဖောက်နိုင်သလော။

ယင်းသို့ ဆန့်ကျင်နိုင်/ ချိုးဖောက်နိုင်အောင် “အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ” (ကာလုံ) မှ ပြည်ထောင်စု လွှတ်တော်အမတ်များရာစုထံ နှုတ်မိန့်ပေးနိုင်သည်။

ပြည်ထောင်စုလွှတ်တော်အမတ်များရာစုသည် ဖွဲ့စည်းပုံအခြေခံဥပဒေကိုဆန့်ကျင်နိုင်သော၊ ဒီမိုကရေစီကျင်စဉ်ကို ချိုးဖောက် နိုင်သောအချက်သည် “စည်းကမ်းပြည့်ဝသော ဒီမိုကရေစီ” ၏ သရုပ်သကန်အစစ်မှန်ပင်ဖြစ်လိမ့်မည်။

(ဗိုလ်)ဦးရွှေမန်းနှင့်(ဗိုလ်)ဦးခင်အောင်မြင့်တို့သည် လွှတ်တော်များကို ချုပ်ကိုင်ထားကြသူများဖြစ်သည်။ သူတို့သည်(ကာလုံ) အဖွဲ့ဝင်လည်းဖြစ်သည်။ သူတို့နှစ်ဦးအနက် (ဗိုလ်)ရွှေမန်းက ပို၍အခရာကျသည်။ အဆုံးအဖြတ်ပေးနိုင်သူဖြစ်သည်။ လွှတ်တော်၂ ရပ် အာဏာတူ ပေးထားသည်ဟု အခြေခံဥပဒေကမည်သို့ပင်ဆိုစေ၊ လွှတ်တော်ဥက္ကဋ္ဌ ၂ ဦးအနက် (ဗိုလ်)ဦးရွှေမန်းက (ဗိုလ်)ဦးခင်အောင်မြင့် ထက် နှာတစ်ဖျားမက အာဏာပါဝါသာသည်ကို သူတို့နှစ်ဦး၏လှုပ်ရှားမှုများကို နှိုင်းယှဉ်ကြည့်ရုံဖြင့်ပင်သိနိုင်ပါသည်။

ဥပဒေကြမ်း ၂ ခုနှင့်ပတ်သက်ပြီး ဥပဒေကြမ်းပူးပေါင်းကော်မတီ၏ တင်ပြချက်တွင် “ဖွဲ့စည်းပုံအခြေခံဥပဒေကို ဆန့်ကျင်သော”၊ “ဒီမိုကရေစီကျင့်စဉ်ကို ဆန့်ကျင်သော” အချက်အလက်များ ပါဝင်နေသည်ကို (ဗိုလ်)ဦးရွှေမန်းနှင့် (ဗိုလ်) ဦးခင်အောင်မြင့်တို့ မသိ မည်ဟုတ်၊ ဥပဒေကြမ်းပူးပေါင်းကော်မတီ၏ ဥပဒေပြင်ဆင်ချက်များသည် အခြေခံဥပဒေ ပုဒ်မ ၁၉၈ ပုဒ်မခွဲ (ခ) နှင့် ပုဒ်မ ၄၄၆ တို့ကို ချိုးဖောက်ကျော်လွန်နေသည်ကို သူတို့ကောင်းစွာသိသည်။ (ဗိုလ်)ဦးခင်အောင်မြင့် ဆိုလျှင် “အမျိုးသားညီလာခံကျင်းပရေးကော်မရှင်” ၏ တွဲဖက်အတွင်းရေးမှူး(၁) တာဝန်ယူခဲ့သူဖြစ်ပြီး၊ “နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းရေးဆွဲရေးကော်မရှင်” တွင် အဖွဲ့ဝင်အဖြစ် ပါဝင်ခဲ့သူဖြစ်သည်။ သူတို့၏ အမိန့်၊ သူ့တို့၏ ခွင့်ပြုချက်၊သူ့တို့၏ ဂိုက်လိုင်း၊သူတို့၏ ညွန်ကြားချက်မပါဘဲ ဥပဒေကြမ်းပူးပေါင်းကော်မတီ သုံးသပ်ချက်သည် လွှတ်တော်ထဲ ရောက်လာစရာ အကြောင်းမရှိချေ။

သူတို့သည် လွှတ်တော်ကိုဤသို့ ချုပ်ကိုင်နိုင်သဖြင့် ခုံရုံး၏ ဆုံးဖြတ်ချက်ကို ပယ်ချနိုင်ခဲ့ကြသည်။ ခုံရုံးအဖွဲ့ဝင်အားလုံးကို ထုတ် ပယ်နိုင်ခဲ့ကြသည်။

ယခုလည်း“ဖွဲ့စည်းပုံအခြေခံဥပဒေကိုဆန့်ကျင်သော”၊ “ဒီမိုကရေစီကျင့်စဉ်ကို ဆန့်ကျင်သော ”ဥပဒေကြမ်းများကို ပြည်ထောင်စု လွှတ်တော်တွင် စိတ်ကြိုက်ချမှတ် အတည်ပြုနိုင်ခြင်းဖြစ်သည်။

သို့ဖြင့်ယခုအခါ “ပြည်ထောင်စုစာရင်းစစ်ချုပ်ဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်း” နှင့် “နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်း”  တို့သည် ဇန်နဝါရီလ ၂၁ ရက် နေ့တွင် (၂၀၁၃ ခုနှစ်၊ ပြည်ထောင်စုဥပဒေအမှတ် ၃ နှင့် ၄) ဟူ၍ဖြစ်လာခဲ့ပြီ။

သူတို့ စိတ်ကြိုက်ရေးပြီး အတင်းအဓမ္မအတည်ပြုခဲ့သော “၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ” ကို သူတို့စိတ်ကြိုက်လုပ်ခွင့်ရှိသည်။

ခုံရုံးဆုံးဖြတ်ချက်နှင့် ခုံဥက္ကဋ္ဌ အပါအဝင်ခုံအဖွဲ့ဝင်များကို ထုတ်ပယ်ခဲ့စဉ်က ဒီချုပ်ပါတီမှ အမတ်များသည် “မှန်သည်ဘက်မှရပ် သည်” ဟုဆိုကာ တက်တက်ကြွကြွထောက်ခံမဲ ပေးခဲ့ကြသည်။

 ယခုကိစ္စတွင်လည်း ဒီချုပ်ပါတီအမတ်မင်းများသည် မည်သည့်ဘက်ကရပ်တည်၍ မဲပေးခဲ့ကြသနည်း။ ပါဝင်ဆွေးနွေးခဲ့သည် ကို မတွေ့ရချေ။

 ဒီချုပ်အမတ် ဦးအုန်းကြိုင်ကမူ

ကျွန်တော်တစ်ယောက်တည်းရဲ့ သဘောအရတော့ ပြည်ထောင်စုလွှတ်တော်ရဲ့ ဆုံးဖြတ် ချက်ကို ထောက်ခံတယ်”

ဟု ပြောတာဖတ်ရသည်။

“ခုံရုံးပြဿနာ”သည် ၂၀၀၈ အခြေခံဥပဒေ ၏ သန္ဓေပါ အကြပ်အတည်းကို ကွက်ကွက်ကွင်းကွင်းဖေါ်ပြနေသည့် ဖြစ်ရပ်တစ်ခု ဖြစ်ပါသည်။

           ၂၀၀၈ အခြေခံဥပဒေကို စိတ်ကြိုက်ရေးဆွဲခဲ့ကြသည်။ အဓမ္မအတည်ပြုခဲ့သည်။ သို့သော်လည်း လက်တွေ့ကျင့်သုံးလာသည့် အခါတွင် သူတို့ထင်သလို ဖြောင့်ဖြူးချောမွေ့ခြင်းမရှိခဲ့ချေ။ အကြပ်အတည်းတွေ ပေါ်ပေါက်လာခဲ့သည်။ ပေါ်ပေါက်နေဆဲဖြစ်သည်။ ဆက်လက်၍လည်း ပေါ်ပေါက်နေမည်သာဖြစ်သည်။

 ၂၀၀၈ အခြေခံဥပဒေကို လုံးဝဖျက်သိမ်းပြီး အသစ်ပြန်လည်ရေးဆွဲနိုင်မှသာ ထိုအကြပ်အတည်းသံသရာမှ လွတ်မြောက်နိုင် ပေလိမ့်မည်။

ညွန်း

– သတင်းထုတ်ပြန်ချက် (၄/၂၀၁၃) ၊ မြန်မာ့အလင်းသတင်းစာ ၂၂ ဇန်နဝါရီ ၂၀၁၃

– သတင်းထုတ်ပြန်ချက် (၅/၂၀၁၃) ၊ မြန်မာ့အလင်းသတင်းစာ ၂၃ ဇန်နဝါရီ ၂၀၁၃

– သိမှတ်ဖွယ်ရာဗဟုသုတအဖြာဖြာ (၂၀၁၂)

Photo – Irrawaddy


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts