ရသဆောင်းပါးစုံ

ဗီလိန်ဇာတ်ရုပ် မင်းသား

ပြေ (ဆေး-၂)
ဇန်န၀ါရီ ၂၃၊ ၂၀၁၃
 (၁)

ပြီးခဲ့တဲ့နှစ်ရက်က တီဗွီညပိုင်း ၈ နာရီသတင်းအပြီးမှာ ကိုးရီးယားဇာတ်လမ်းတွဲကြည့်မလို့စောင့်နေလိုက်တာ ဟော စာတန်းမထိုး ဘာမထိုးနဲ့ကြော်ငြာထင်လို့ကြည့်နေမိတာ။ မြ၀တီက မြန်မာဇာတ်လမ်းတပုဒ်ဖြစ်နေ တယ်။ မြန်မာဇာတ်လမ်းတွေမကြည့်တာလည်း ကြာပြီမို့ဘာ ပါလိမ့်ဆိုပြီးဆက်ကြည့်နေမိတာ အလိုလေး ဗီလိန်မင်းသား အကယ်ဒမီအောင်ခိုင့်ကားကိုးဗျ။ ကိုယ်တို့ငယ်ငယ်က ဗီလိန်ဆို အေးကြူ ပေါ့။ သူမို့ ပိတ်ကားပေါ်မှာ မပေါ်လိုက်နဲ့ ရုံထဲမှာ ၀ိုင်းဆဲလိုက်ကြတာ။ ကြာကူလီ ၀င်းမြင့်။ နောက် ဦးကျောက်လုံး။ မေမေနဲ့ ဓါတ်ရှင်ကြည့် ပလားဆို ဦးကျောက်လုံးရုပ်ပေါ်လာတာနဲ့ မေမေက တဖျစ်တောက်တောက်လုပ်ရော။ ဟော ဦးကျောက်လုံးလည်း နောက်ဆုံးခံရရော မေမေက ကဲမှတ်မှတ်လို့ ၀မ်းသာအားရပြောတတ်တယ်။ ဒီဘက်ခေတ်ကျတော့ အံ့ကျော်။ သူလည်း မစားသာပါဘူး။ ဒါပေမယ့် ကိုအံ့ ကျော်ကြီးက မသေခင် ဘုရားတရားနဲ့ပါ။ ပန်းဆိုးတန်းလာရင် သူကတောင် တရားချတတ်သေးတယ်။ ဟော အခုကျတော့ အောင်ခိုင် ။ အောင်ခိုင်ပေါ်လာတာနဲ့ လာပြီ မဟုတ်တာမှန်သမျှလုပ်တော့မယ်။ လိမ်မယ်ကျစ်မယ် ရိုင်းမယ် မိုက်မယ် သတ်မယ် ပေါ့။ ပရိတ်သတ်က အော့ကျော်လန်နေပြီ။ နောက်ဆုံး အကယ်ဒမီတောင်ရသွားသေးမှုတ်လား။ အနုပညာတော်လိုက်ပုံက ပရိသတ်မုန်းအောင် သရုပ်ဆောင်နိုင် တာလေ။ ဒါပေမယ့် မြန်မာပရိသတ်က မရဖူး။ ဗီလိန်ဇာတ်ရုပ်လုပ်ရင် မုန်းရော သေရာပါပဲ။ အခုကိုရီးယားကားတွေထဲ လှလှချောချော လေးတွေ မင်းသမီးလေးတွေ ဗီလိန်လုပ်လားလုပ်ရဲ့နော်။ ထားပါတော့။ ဘာပဲပြောပြော ကိုယ့်စိတ်ထဲစွဲနေတာ အောင်ခိုင်ဆို ဗီလိန်။ မ ဟုတ်မှန်သမျှ အကုန်လုပ်တော့မယ်လို့ ထင်ထားတာပေါ့လေ။ လူကြီးလူကောင်းဇာတ်ရုပ်ယူထားပြီး နောက်ဆုံးကျမှ ရာဇ၀တ်ဘေးပြေး မလွတ်ဆိုတာမျိုး သူအရင်က လိမ်ခဲ့ခိုးခဲ့ လူသတ်ခဲ့ ယုတ်မာပက်စက်ခဲ့ သူများပစ္စည်း ဓါးပြတိုက်ခဲ့တာတွေ အကုန်ပေါ် လူမိုက်တို့၏ သွားရာလမ်းနဲ့ဆုံးမှာလို့ ထင်ထားတာ။

ကဲ နားလည်အောင်ရှင်းပြလိုက်ပါဦးမယ်။ ဇာတ်လမ်းက ဒီလိုပါ။ ခြံကြီးတခြံထဲမှာ သီးနှံပင်တွေစိုက်ထားတယ်။ ရှေးအိမ်ကြီးတလုံးလည်းရှိ နေတယ်။ အဖိုးကြီးက အသက်ကြီးပြီ။ သားသမီးတွေ လူလားမြောက်ကုန်ကြပြီး အဖိုးကြီးနဲ့ သမီးလေးအငယ်ဆုံးနဲ့ ကျောင်းဆရာမ သမီးလတ်က အိမ်ကြီးမှာ ဒိုးတူဘောင်ဖက်လုပ်ကိုင်စားချင်တယ်။ သားလုပ်တဲ့လူနဲ့ အမအကြီးဆုံးက စီးပွားရေးကျနေလို့ မြေနဲ့ခြံအိမ်ကြီးကို ရောင်းမယ် ။ စီးပွားရေးလုပ်မယ်ပေါ့။ ၀ယ်မှာကလည်း ဘေးကကပ်ရက်ခြံက ကောင်းစံနဲ့ နော်လီဇာ။ သူတို့လင်မယားက ဇာတ်လမ်းထဲမှာ လူယုတ်မာ လင်မယား။ တိုတိုဆိုရရင် ခြံကြီးကိုရောင်းဖို့ သားနဲ့ အမကြီးကို မြှောက်ပေးတယ်။ သူတို့က ခြံထဲမှာ ရွှေအိုးတွေရှိလို့ဝယ်ချင်တာ။ ပြီးတော့ သူတို့အဖေတွေ အဖိုးတွေလက်ထက်က အဲဒီအဖိုးကြီးခြံကအမျိုးတွေက ၀ါးရင်းတုတ်နဲ့ ရိုက်သတ်ခဲ့သတဲ့။ ဘေးခြံတွေကလည်း စီးပွားမဖြစ်အောင် ၀ိုင်းပိတ်ကြမယ်တဲ့။ ထားပါတော့ နောက်ဆုံး မရဘူး။ အမကြီးနဲ့သားက ရောင်းဖို့လုပ်ရော။ အဖိုးကြီးကလည်း လေဖြတ် အိပ်ရာထဲလဲနေ။  ခြံရောင်းဖို့ ခွင့်ပြုလိုက်တဲ့လက်မှတ်ထိုးတော့ မျက်ရည်တွေများကျ။ မိချောင်းမျက်ရည်။ ရုပ်ကြမ်းကြီးနဲ့ နွဲ့ပြနေသေး တယ်။

အဖိုးကြီးက ဒီခြံဒီမြေကို သွေးတွေ ချွေးတွေနဲ့ လုပ်ယူခဲ့ရတဲ့အကြောင်း မြေကိုချစ်ဖို့ ပြောလိုက်တာ မချိရင်ကဲ။ ဒါပေမယ့် ကိုယ့်စိတ်ထဲ ဒီလူယုတ်မာကြီး ဘယ်တော့ပေါ်မလဲပဲ တွေးနေမိတာ။ နောက်ဆုံးသူက ကားသာပြီးသွားတယ် ဗီလိန်အောင်ခိုင်က လူကြီးလူကောင်း တဲ့ဗျာ။ ကဲ ကောင်းကြသေးရဲ့လား။

ထားပါတော့ ကိုယ်စဉ်းစားမိတာက ဘ၀င်မကျတာက ဒီခြံပိုင်ရှင်အဖိုးကြီးနေရာမှာ ဥပတိရုပ်ကောင်းကောင်း လုပ်နေကျ ဇာတ်ရုပ်တွေရှိပါ ရဲ့နဲ့ ဘာလို့ဗီလိန်ဇာတ်ရုပ် အောင်ခိုင်ကိုထည့်ထားရတာလဲပေါ့။ လုပ်နေကျ ညွှန့်ဝင်းထည့်ပြပါလား။ နေအောင်လည်း ရတာပဲ။ ဟော ဇော်ဦးဆို ဥပဓိရုပ်က သန့်နေတာပဲ။ ဘာလို့လဲ တွေးနေမိတာပါ။ ကိုယ်ကတော့ အဖိုးကြီးဇာတ်ရုပ်ကို လူယုတ်မာကြီးပဲမြင်နေတော့တာ။ ဇာတ် ကားသာဆုံးသွားရော။ ဘ၀င်မကျပါဘူး။

(၂)
ညအိပ်တော့လည်းတွေးနေမိတယ်။ မိုးလင်းသွားတယ်။ မနက်ရေအိမ်တက်တော့မှတွေးရင်းက ဟာဆိုပြီး ၀မ်းသာအားရနဲ့ ရေအိမ်က ထွက်လာပြီး ဇနီးသည်ကိုအော်ပြောလိုက်မိတယ်။ သူရေ ညကကားထဲမှာ ခြံပိုင်ရှင်အဖိုးကြီးကို ဘာလို့ ဗီလိန်ဇာတ်ရုပ်အောင်ခိုင့်ကို လူ ကြီး လူကောင်းပုံနဲ့ သရုပ်ဆောင်ခိုင်းတာလဲဆိုတာ သိသွားပြီလို့ပြောလိုက်မိတယ်။ ဇနီးသည်က တအံ့တသြနဲ့ ဘာလို့လဲမေးတယ်။ ကိုယ် က မပြောပြဖူးလို့ပြောပြီး ခေါင်းတငြိမ့်ငြိမ့်နဲ့ လုပ်နေမိပါတယ်။ မြန်မာတွေက ဗီလိန်ကို ဗီလိန်လို့ပဲ မြင်ကြပါတယ်။ ဒါရိုက်တာက ဘာလို့ အောင်ခိုင့်ကို ခြံပိုင်ရှင်အဖိုးကြီး လူကြီးလူကောင်းနေရာမှာ ထည့်ရိုက်တာလဲဆိုတာ သဘောပေါက်သွားရပါတယ်။ တော်လိုက်တဲ့ ဒါ ရိုက်တာဗျာ။ ခွင့်လွှတ်ပါ။ ဒါရိုက်တာ့အမည် မဖတ်လိုက်ရလို့ပါ။ မျက်လုံးတွေကလည်း မွဲနေပြီဗျ။ ကားနားမည်က ကိုယ့်မြေ ကိုယ့် အမွေထင်ပါရဲ့။ ဗီလိန်ဇာတ်ရုပ်တွေကို အခုတလော မင်းသားလုပ်ရိုက်တာတွေ ခေတ်စားနေတာကိုးဗျ။

မှတ်ချက် ။ ။ ဒါရိုက်တာက ကြီးကြပ်သူလို့ရေးတာပါ။ သုတတဲ့။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts