သားကြီးမောင်ဇေယျ သူတို့အာဘော်

သားကြီးမောင်ဇေယျ – စတုတ္ထမဏ္ဍိုင်ကြီးကို ကြိမ်ဒဏ် ထပ်ခါ ထပ်ခါ ပေး တော်မူပါ

သားကြီးမောင်ဇေယျ – စတုတ္ထမဏ္ဍိုင်ကြီးကို ကြိမ်ဒဏ် ထပ်ခါ ထပ်ခါ ပေး တော်မူပါ
(မိုးမခ) နိုဝင်ဘာ ၂၉၊ ၂၀၁၆

တ၀ုန်းဝုန်း အသံတွေ ကြားလို့ ထ ကြည့်မိပါတယ်။ ဘာတွေဖြစ်ကုန်ပြီလဲ။

လွန်ခဲ့တဲ့ ငါးနှစ်ကျော်က သင်္ကြန် ဗုံးပေါက်မှု သတင်း၊ နော်ဝေ ဒီမိုကရက်တစ်မြန်မာ့ရုပ်သံကို ပို့မိတဲ့ အတွက် အချုပ်ခန်းမှာ အချုပ်ခံနေရတုန်း ညတညမှာ အခုလို အသံတွေ ကြားခဲ့ရလို့ အထိတ်တလန့် ထ ကြည့်မိခဲ့ပါတယ်။

မိန်မး အသံတွေကလည်းဆူလို့၊ ငိုသူငို၊ ဆဲသူဆဲ။ ကျွန်တော့် ရောက်နေတဲ့ အချုပ်ခန်းထဲကနေ လျှောက်လမ်း ဘက်ကိုကြည့်လိုက်တော့ မိန်းမငယ် လေး ငါးယောက်လောက် အမျိုးသမီး အချုပ်ခန်းဘက်ကို ၀ရုန်းသုံးကား ၀င်သွားကြပါတယ်။

မကြာခင် အမျိုးသမီး အချုပ်ခန်းဘက်က သံတံခါးပိတ်သံ ဂျိမ်းကနဲ ထွက်ပေါ်လာပါတယ်။ အမျိုးသမီးတွေရဲ့ ဆဲသံ ၊ ငိုသံ၊ တွေကတော့ မရပ်သေးပါဘူး။

တာဝန်ကျ ရဲ တပ်သားတစ်ယောက်က ကျွန်တော်ရှိရာ အချုပ်ခန်းဖက်ကို လာပြီး သံတိုင်နားကပ်ကာ

‘ ဦးဇေယျ ရယ် ကျွန်တော်တို့တော့ ထမင်း ငတ်ပါပြီဗျာ လို့ မကြားတကြား ငြီးပါတယ်’

ကျွန်တော်ရဲစခန်းမှာ အချုပ် ကျနေချိန် ညဖက်တွေမှာ အခုလိုပဲ တာဝန်ကျ ရဲ တပ်သားတွေ နဲ့ မကြာခဏ စကားပြောဖြစ်ပါတယ်။ သံတိုင်ကို အလည်မှာ ထားပြီး ဟိုဘက် ဒီဘက်ပေါ့။

ရဲ တပ်သားလေးရဲ့ ငြီးတွားမှုကို ကျွန်တော်ရုတ်တရက် နားမလည် လိုက်ပါ။

တဖြည်း ဖြည်း အသံတွေ တိတ်သွားတော့မှ သူက ခံစားချက်တွေ ရင်ဖွင့်ပါတော့တယ်။

‘ကျွန်တော်တို့လို အောက်ခြေ ရဲဝန်ထမ်းတွေဟာ လမ်းဘေးက ပြည့်တန်ဆာတွေ ၊ ခါးပိုက်နှိုက်တွေ၊ သူခိုးတွေ ၊ ချဲရောင်းတဲ့သူတွေနဲ့ အနည်းနဲ့ အများ ပတ်သက် နေရပါတယ်။ ၀မ်းရေးပေါ့။ လစာက မလောက်ဘူးလေ။ နည်းနည်း အဆင့်ရှိတဲ့ ရဲဝန်ထမ်းတွေက တော့ ချဲဒိုင်တွေ၊ KTV တွေ၊ ပြည့်တန်ဆာ အိမ်တွေ ၊ အရက်ပုံးဖြန့်တဲ့သူတွေ ဆီက ၀င်ငွေ ရကြပါတယ်။  အဲ အထက်တန်း ရဲ အရာရှိတွေကတော့ တည်းခိုခန်းကြီးတွေ၊ အောက်ခြေရဲဝန်ထမ်းတွေရဲ့ ကန်တော့ တာတွေ နဲ့ ရပ်တည်ကြရတာပါ။ ခုလို လမ်းဘေးက ပြည်တန်ဆာတွေ ကို ဖမ်း၊ ရုံးတင် ဒါမှမဟုတ် အဲဒီလမ်းဘေးက ရတဲ့ ၀င်ငွေကို အရာရှိကြီးတွေက တိုက်ရိုက် ကောက်ယူတဲ့ အခါမှာတော့ ကျနော်တို့ စားဝတ်နေရေး အခက်တွေ့ရတာပေါ့ဗျာ ၊ ခင်ဗျားတို့သတင်းထောက်တွေ အင်တာနက်တင် စေချင်တယ် ဖြစ်နိုင်ရင် အခုချက်ချင်း တင် လိုက်ဗျာ’

သူ့စကားကြောင့် ကျွန်တော် ငိုရမလို ရယ်ရမလို ဖြစ်သွားပါတယ်။ ကျွန်တော်မျိုး စတုတ္ထမဏ္ဍိုင်ကြီးလည်း သံတိုင်တွေ ကြားရောက်နေတာ သူမေ့နေပြီထင်ပါရဲ့။

တကယ်တော့ ကျွန်တော်တို့ နိုင်ငံရဲ့ အဂတိလိုက်စားမှုတွေဟာ ပဒေသရာဇ် ခေတ်၊ ကိုလိုနီခေတ်၊ ပါလီမန် ခေတ်၊ ဆိုရှယ်လစ်ခေတ်၊ စစ်အစိုးရ ခေတ် ၊ ခေတ်အဆက်ဆက်မှာ လူတန်းစား အမျိုးမျိုးက နည်းအမျိုးမျိုးနဲ့ကျင်းသုံးခဲ့တာ ခုဆို ရိုးရာဓလေ့တခုလို တောင်ဖြစ်နေပါပြီ။

‘ ဆယ်တန်းအောင်ဖို့ မလို အလိုက်သိဖို့လိုတယ် ’

‘ ရာထူးတိုးဖို့ ဘယ်လောက် ဂါ ရမလဲ။ ( ဂါ ဆိုတာက ဂါရ၀ ပြုတာကို ဗန်းစကားနဲ့ပြောတာပါ) ’

‘ ဒါ လာဘ်ပေးတာ မဟုတ်ဘူး၊ သိတတ်တာ ၊ ကျေးဇူးသိတတ်တာလို့ခေါ်တယ် ’

စတဲ့ စကားတွေဟာ အဂတိ တရားကို ကျေးဇူးတရား အဖြစ်ပုံဖေါ် ရာမှာ သုံးလေ့ရှိတဲ့ စကားတွေဖြစ်ပါတယ်။

အရာရှိတစ်ယောက်ရဲ့ အိမ်မှာ နိုင်ငံခြား အရက် ပုလင်း ကြီးကြီးတလုံးကို အလှပြ မှန်ဘီရိုနဲ့ထည့်တာ တွေ့ရင် အဲဒီ နိုင်ငံခြားအရက် ကို လက်ဆောင် အဖြစ်ပေးရမယ်လို့ အလိုလိုသိဖို့လိုပါတယ်။

အရာရှိကတော်ရဲ့ စိန်နားကပ်ကိုကြည့် သူဘယ်ဆိုင်က ၀ယ်သလဲ ဆိုတာ စုံစမ်း အဲဒီဆိုင်နဲ့ ဆက်သွယ် အလုပ်လုပ်ရင် အလုပ်အကိုင်အခွင့်အလမ်းတွေ အဆင်ပြေမယ် ဆိုတာ အလိုလိုသိရမယ်။

အရာရှိ ရုံးခန်းထဲမှာ ချိတ်ထားတဲ့ တိုက်ပုံအကျီင်္ကို တွေ့ရင် အိတ်ထဲကို ငွေအထပ်လိုက်ပါတဲ့ စာအိပ်တအိပ် ထည့်ပေးရမယ်ဆိုတာ အလိုလိုသိရမယ်။

စာရေး ဒါမှမဟုတ် ရုံးတာဝန် ရှိသူရဲ့ စားပွဲ အံဆွဲ ဟ ထားရင် ဘယ်စားပွဲ ဘယ်အံဆွဲ မှာ ဘယ်လောက်ထည့် ရမယ် ဆိုတာ အလိုလိုသိရမယ်။

… စတဲ့ အသိ တရားတွေနဲ့ ကျွန်တော်တို့ ခေတ်မီ ဖွံဖြိုးတိုးတက်သော နိုင်င်ငံတော်သစ်ကြီးကို ထူထောင်လိုက်တာ ကမ္ဘာ့ အဆင်းရဲဆုံးနိုင်ငံ အဖြစ် ကမ္ဘာ့အလယ် မှာ ထင်ရှားသွားတဲ့ အထိပါပဲ။ တကယ်တော့ အဂတိလိုက်စားမှုဆိုတာ အာဏာရှိသူ နဲ့ လုပ်ပိုင်ခွင့်ရှိသူ တွေရဲ့ မရိုးသားမှု ဒါမှမဟုတ် တရားမ၀င်လုပ်ဆောင်မှု သာဖြစ်ပါတယ်။ အဲဒီလို အဂတိတရားတွေ၊ ခြစားမှုတွေ လွှမ်းမိုးတဲ့ ကာလတခုကိုရောက်ရင် သစ္စာတရားကိုမြတ်နိုးသူတွေ အုံကြွလာတတ်ပါတယ်။ ဒါကြောင့်

“အဂတိ ကင်းစင်သော လူ့အသိုင်းအ၀ိုင်း ဖော်ဆောင်ရန် လိုအပ်သကဲ့သို့ ထိရောက်စွာဆောင်ရွက်မည်”

လို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် က ရွေးကောက်ပွဲ မှာ ကြေညာပြီး လူထုရဲ့ ထောက်ခံမဲတွေကို သိမ်းကြူံးယူဆောင်သွားခဲ့ပါတယ်။ ကျွန်တော်တို့ နိုင်ငံမှာ အဂတိတွေ ပပျောက်သွားမယ်လို့ မျှော်လင့်ချက်တွေ ပိုမို အားကောင်းလာပါပြီ။ ဒါပေမယ့် လက်တွေ့မှာတော့ အဂတိလိုက်စားမှုမှာ မြန်မာနိုင်ငံဟာ ကမ္ဘာ့နိုင်ငံ ၁၆၈ နိုင်ငံမှာ အဆင့် ၁၄၇ နေရာမှာ ရှိနေပါသေးတယ်။ အာဆီယံ အဆင့်မှာ  မြန်မာနိုင်ရဲ့ နောက်မှာ ကမ္ဘောဒီးယားနိုင်ငံသာ ရှိနေပါတော့ တယ်။ ယခင်အစိုးရအဆက်ဆက် အဂတိ လိုက်စားမှုတွေက ဒီဘက်ခေတ်ထိ အမြစ်တွယ် အပင်ပေါက်လို့ အသီးအပွင့်တွေ တဝေေ၀နဲ့ရှိနေသေးတာကြောင့် ပြည်သူတွေ အားမလို အားမရဖြစ်နေပါသေးတယ်။ အဂတိ လိုက်စားမှု ဆိုတာ ကောင်းမွန်တဲ့ လူ့အဖွဲ့ အစည်းရဲ့ အခြေခံ အဆောက်အဦတွေကို ဖျက်စီးလေ့ရှိတယ်ဆိုတာ မြန်မာပြည်သူတွေ ကောင်းကောင်းသိနေပါပြီ။ တကယ်တော့ အဂတိ လိုက်စားမှု ပြဿနာဟာ မြန်မာနိုင်ငံ အပြောင်းအလဲကာလမှာ သတိထား ကိုင်တွယ်ရမယ့် ကိစ္စရပ်ဖြစ်သလို ဦးစားပေး ကိုင်တွယ်ရမယ့်ပြဿနာလည်းဖြစ်ပါတယ်။

၂၀၁၆ စက်တင်ဘာ ၁၀ ရက်နေ့မှာ “နိုင်ငံအဝန်း အဂတိ လိုက်စားမှုများ ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်းဆောင်ရွက်ပေးရေး ပြည်ထောင်စုအစိုးရသို့ တိုက်တွန်းကြောင်း ” အဆို ကို ပြည်သူ့လွှတ်တော်မှာ ကန့်ကွက်သူမရှိ ထောက်ခံ အတည်ပြု ခဲ့ပါတယ်။ အကျိုးဆက် အနေနဲ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မတီ ကိုလည်း ဖွဲ့စည်းနိုင်ခဲ့ပါတယ်။

၂၀၁၆ နိုဝင်ဘာ ၁၀ ရက်နေ့မှာ ပြင်ဦးလွင်မြို့နယ် အုပ်ချုပ်ရေးမှူှးနဲ့ ဒုတိယ အုပ်ချုပ်ရေး မှူးတို့ကို အဂတိ လိုက်စားမှုနဲ့ အမှုဖွင့်ခဲ့ပါတယ်။ ဒါဟာ နှစ်ပေါင်းသုံးဆယ် ၀န်းကျင် အတွင်း မြို့နယ်တခုရဲ့ တာဝန်အရှိဆုံး အရာရှိတွေကို အဂတိ လိုက်စားမှုနဲ့ အမှုဖွင့် နိုင်ခဲ့တာပါ။

သမ္မတ ဦးသိန်းစိန် လက်ထက် လမ်းတံတားပေါင်း ၁၃၈၀ တည်ဆောက်ခဲ့တယ်ဆိုပြီး အမေရိကန်ဒေါ်လာ ၆၄၀ ဒဿမ ၃ သန်း သုံးစွဲခဲ့တယ်လို့ ဆိုပေမယ့် နိုင်ငံတော် ဘတ်ဂျက် စိစစ်ရေးအဖွဲ့ကစစ်ဆေးတဲ့ အခါမှာတော့ တံတား ၄၂၄ စင်းသာ တည်ဆောက်ခဲ့တာကို တွေ့ ခဲ့ရ ပါတယ်။

အုပ်ချုပ်ရေးမဏ္ဍိုင်ကြီး ရဲ့ အဂတိ လိုက်စားမှုတွေကြောင့် အနောက်တံခါးက ပြဿနာတွေဟာ လူမျိုးရေး၊ ဘာသာရေး၊ လူ့အခွင့်အရေး ပြဿနာ တွေ ဖြစ်ကာ နိုင်ငံတကာ ပြဿနာကြီး အဖြစ် ပုံဖေါ်ခံ ခဲ့ရပါတယ်။မြန်မာပြည်အစိုးရနဲ့ ပြည်သူတွေရဲ့ ပုံရိပ်ကိုလည်း ထိခိုက်ခဲ့ရပါတယ်။

အုပ်ချုပ်ရေးမဏ္ဍိုင်ကြီးဟာ ယခင် စစ်အစိုးရ အမွေဆိုးတွေကြောင့် အဂတိ လိုက်စားမှုတွေ ပြည့်လျှံနေသလို  တရားရေးမဏ္ဍိုင် မှာလည်း အဂတိ လိုက်စားမှုတွေ ဒုနဲ့ဒေးပါ။ ဒါတင်မက ပါဘူး စတုတ္ထမဏ္ဍိုင် ကြီးကည်း အဂတိ တရားတွေ ပေကျံနေပါတယ်။

အဲဒါ ဘာကြောင့်လဲ။ အဖြေက ရှင်းပါတယ်။ စတ္ထုထမဏ္ဍိုင် ထူထောင်ရာ မှာလိုအပ်တဲ့ငွေကြေးနဲ့ စက်ယန္တရား တွေ လက်ဝယ်ရှိနေသူတွေဟာ စစ်အစိုးရခေတ်မှာ ကြွယ်ဝချမ်းသာလာသူတွေဖြစ်နေလို့ပါ။ သူတို့ကို ခေတ်ပျက်သူဋ္ဌေးတွေအဖြစ် ပြည်သူတွေက သိထားတာပါ။ သူတို့ ဘယ်လိုချမ်းသာခဲ့ တယ်ဆိုတာ ဘယ်သူမှ အပ်ကျမတ်ကျ မသိခဲ့ကြပါဘူး။ သိခွင့်လည်း မရှိခဲ့ကြပါဘူး။ တနည်းအားဖြင့် သူတို့ မီဒီယာထောင်ဖို့ လိုအပ်တဲ့ငွေကြေးတွေ ဘယ်ကရတယ်ဆိုတာ ရှင်းရှင်းလင်းလင်းမရှိပါဘူး။ ဒါကြောင့် နောက်ကြောင်းမရှင်းတဲ့ မီဒီယာ လုပ်ငန်းရှင်တွေရဲ့ မီဒီယာတွေဟာ အဂတိ ကင်းပါ့မလားလို့ ပြည်သူတွေက သံသယ ထားနေတာ သဘာဝကျပါတယ်။

အဂတိ တရားဆိုတာ လူမှုရေး၊ နိုင်ငံရေး နဲ့ စီးပွားရေး တွေ ရောယှက်နေတဲ့ ဖြစ်ရပ်တခုပါ။

သူရဲ့ ဆိုးကျိုး ဒဏ်ကို နိုင်ငံတိုင်းခံစားနေရပါတယ်။သူဟာ အစိုးရတွေကို တည်ငြိမ်မှုမဲ့စေတဲ့ အပြင် စီးပွားရေး တုံ့ဆိုင်းမှု နဲ့ ဖွံဖြိုးတိုးတက်မှုကို ထိခိုက်စေတဲ့ အရင်းခံ အကြောင်းတခုလည်းဖြစ်ပါတယ်။

ဒါကြောင့် ဒီဇင်ဘာ ၉ ရက်နေ့ကို နိုင်ငံတကာ အဂတိ ကင်းစင်ရေး နေ့ အဖြစ် ကုလသမဂ္ဂ က ဦးစီးကျင်းပ ခဲ့တာပါ။

အဂတိ တရားအားလုံးဟာ အောက်ခြေက စ လို့ အထက်ထိ နေရာတကာမှာ ရှိနေသလို၊ မီဒီယာ တွေကလည်း အောက်ခြေက စ လို့ အထက်ထိ သိနေ မြင်နေ ကြားနေ တတ်ပါတယ်။ ဒါကြောင့် သတင်းသမားတွေက ထိပ်တန်းအဂတိလိုက်စားမှုတွေကို ထုတ်ဖေါ်သင့်တယ်လို့ ပညာရှင်တွေက အကြံပြုကြတာပါ။

ဆည်မြောင်း ၊ ရေကာတာ ၊ လယ်ယာ ၊ ဓါတ်ငွေပိုက်လိုင်း ၊ ကျောက်မျက်၊ လူဝင်မှုကြီးကြပ်ရေး၊ တရားရုံး၊ စတဲ့ နေရာ အသီးသီးမှာ မီဒီယာက ထဲထဲဝင်ဝင် စုံစမ်းဖေါ်ထုတ် နိုင်တာ အခုထိ မရှိသေးပါဘူး။ အဲဒါကြောင့် စတုတ္ထ မဏ္ဍိုင်ကြီး ကို ကြိမ်ဒဏ်ပေးသင့်ပါတယ်။ တပြိုင်ထဲမှာပဲ ယိုယွင်းနေတဲ့ တရားရေးမ ဏ္ဍိုင် ကိုလည်း ကြိမ်ဒဏ်က လွတ်ငြိမ်းခွင့်မပေးသင့်ပါဘူး။ အသွင်ကူးပြောင်းရေးမှာ ဒရွတ် ဆွဲနေတဲ့ အုပ်ချုပ်ရေး မဏ္ဍိုင် ကြီး ကိုလည်း ကြိမ်ဒဏ်ပေးရင် ချန်မထားသင့်ပါဘူး။ အုပ်ချုပ်ရေး ကို မထိန်းကြောင်းရဲ တဲ့ လွှတ်တော် ကိုယ်စားလှယ်တွေကိုလည်း ကြိမ်ဒဏ်ပေးဖို့ မေ့မထားသင့်ပါဘူး။ အဲ. . . မတို့ရဲ မထိရဲတဲ့ မိုးကျရွှေကိုယ် ပဉ္စမမဏ္ဍိုင်ကြီးကိုလည်း အဲ . . . အဲ . . . သူ့ကို ပေးမယ့် ကြိမ်ဒဏ်ကိုတော့ ကျွန်တော်မျိုး စတုတ္ထမဏ္ဍိုင်ကြီး ကျောပေါ် ကိုသာ ထပ်ခါ ထပ်ခါ ပေးတော်မူ လိုက်ပါ ခင်ဗျာ။

သားကြီးမောင်ဇေယျ ( ၂၇ – ၁၁ – ၂၀၁၆ )


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts