ဂျုနီယာဝင်း အတွေးအမြင်

ဂျူနီယာဝင်း – နာဇီမုန်းတီးရေး ၀ါဒဖြန့်ကားတစ်ခု



ဂျူနီယာဝင်း – နာဇီမုန်းတီးရေး ၀ါဒဖြန့်ကားတစ်ခု

(အတွေးအမြင်မဂ္ဂဇင်း ၂၇၈၊ ဇူလိုင်လ ၂၀၁၅မှ)

 

၁၉၄၀ခုနှစ်က စာရေးဆရာ Graham Greene ရေးသားခဲ့သော မဂ္ဂဇင်းဝတ္တုတို The Lieutenant Died Last ကိုအခြေခံကာ ၀တ္တုဇာတ်လမ်းနှင့် လွဲချော်ရိုက်ကူးထားသည်ဟု သတ်မှတ်ခံရသော “Whet The Day Well” အမည်ရှိဇာတ်ကား ၁၉၄၂ခုနှစ်မှာ ထွက်ပေါ်လာခဲ့ပါတယ်။ ရုပ်ရှင်ကားအစမှာ အင်္ဂလိပ်ပိုင်ရွာကလေးတစ်ရွာရဲ့ သုဿန်တစပြင်မှာ ခရစ်ယာန်ဘုန်းကြီးကျောင်းအစောင့် Mervyn Johns ကင်မရာဘက်လှည့်ပြီး စကားပြောလိုက်ပါတယ်။ သူရှင်းပြတာကတော့ ဟောသည်ခရစ်ယာန် သင်္ချိုင်းမှာ ဘာကြောင့် ဂျာမန်စစ်သားအလောင်းတွေ မြုပ်ထားတဲ့ အမှတ်တရ ကျောက်တုံးတွေ ရှိနေရပါသလဲတဲ့။ သူက “ရှိတာပေါ့ဗျာ…… သူတို့က အင်္ဂလန်မြေကို လိုချင်တာကိုး။ ဒါတွေက သူတို့ ရလိုက်တဲ့အရာပေါ့။” လို့သရော်တော်တော် ပြန်ပြောလိုက်ပါတယ်။ အဲဒီအခန်းကနေ နောက်ကြောင်းပြန်ပါတယ်။ ဒုတိယကမ္ဘာစစ်အတွင်းက အဖြစ်အပျက်တွေဆီ ရောက်သွားတယ်။ အင်္ဂလိပ်လူမျိုး တွေရဲ့ နယ်နမိတ်ထဲက ရွာကလေးတစ်ရွာဆီကို နာဇီစစ်တပ်တစ်တပ်ရောက်လာပြီး စခန်းချရာက ရွာသားတွေဟာ တန်ဆာခံဖြစ်ပြီး အနှိပ်စက်ခံကြရပုံတွေကို တောက်လျောက်ပြသွားတာပါ။

 

ဒီကားကို Horror (ထိတ်လန့်တုန်လှူပ်ချောက်ချားဖွယ်) ကားတစ်ကားအဖြစ် သက်မှတ်ထားပါတယ်။ သည်တော့ တုန်လှူပ်ဖွယ် မြင်ကွင်းများ မကြိုက်မနှစ်သက်သူများ မကြည့်သင့်ပါ။ စာရေးသူလည်း ကြောက်စရာ Horror ဆိုပြီးလူတွေသတ်ပြနေသောကားများ မကြည့်ပါ။ ကြိုက်လည်းမကြိုက်ပါ။ ဒီကားရဲ့ ခေါင်းစဉ်က ကဗျာဆန်တာကြောင့်သာ စိတ်ဝင်စားပြီး ဖတ်ကြည့်ဖြစ်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီခေါင်းစဉ်လေးအကြောင်း နောက်တော့ ဆက်ပြောတာပေါ့။

 

ရွာသားတွေဟာ ရုတ်တရက် အပိုင်စီးခံလိုက်ရတဲ့အဖြစ်ကို ရင်ဆိုင်ရင်း တော်လှန်ဖို့ကြိုးစားကြပါတယ်။ ရုပ်ရှင်တစ်ခုလုံးဟာ ရက်စက်သော ပြကွက်များ လွှမ်းမိုးလျက်ရှိတယ်လို့ ဆိုပါတယ်။ ဥပမာ – ပုဆိန်နဲ့ ခုတ်သတ်တဲ့အခန်း၊ အမျိုးသမီးတစ်ဦးက ကလေးတွေအသက်ကယ်ဖို့ လက်ပစ်ဗုံးကို သူ့လက်နဲ့ ပဲဖောက်ခွဲပြီး အသက်စွန့်တဲ့အခန်းများ ဖြစ်ပါတယ်။ သည်တော့ အင်မတန်မှ စည်းနဲ့ကမ်းနဲ့ ရိုက်ပြတယ်လို့ နမယ်ကြီးတဲ့ အင်္ဂလိပ်ကားတစ်ကားမှာ သည်လို သတ်ပြ၊ ဖြတ်ပြ၊ ခုတ်ပြ၊ထစ်ပြ တဲ့အခန်းတွေပါတာဟာ လွန်ရာကျတယ်လို့ ဝေဖန်ခံ၇ပါတယ်။ နာဇီတွေဟာ သည်အဖြစ်အပျက်တွေမှာထက် ပိုပြီးရက်စက်သူတွေဖြစ်ပါတယ် လို့ဆိုတယ်။ တကယ့်ဘ၀စစ်တွင်းကာလမှာ လူတွေဟာ ဘယ်နှစ်ယောက်မှန်းမသိ၊ သေကြ၊ ကြေကြ အသတ်ခံခဲ့ရတာပါ။ အဲသည်ထဲမှာ သူရဲကောင်းဆန်စွာ သေကြတာ၊ သမရိုးကျသေကြတာ၊ အကြောင်းမရှိ အကြောင်းရှာသေကြတာ တစ်ပုံကြီးပါတဲ့။ သည်တော့ အခုသည်ကားက ဒါတွေအားလုံးကို ခြုံပြီး သည်လောက်တော့ ရိုက်ပြသင့်တယ်လို့ သုံးသပ်သူတွေ ရှိပါတယ်။

 

Bramely End ဒေသကို နာဇီတွေ ၀င်ရောက်ကျူးကျော်နေထိုင်ရာက ဖြစ်ပျက်ခဲ့တဲ့ ကြောက်လန့်စရာအခန်းများဟာ စစချင်း အေးအေးဆေးဆေး ၀င်လာတဲ့အခန်းများနဲ့ များစွာ ဆန့်ကျင်သွားပါတယ်။ ဒီလိုရက်စက်တဲ့အခန်းတွေဟာ နာဇီစစ်သားတွေအပေါ် ရန်ငြိုးများ ဖြစ်လာစေပါတယ်။ ရွာသားတွေဟာ သူတို့ရွာတော့ နာဇီတွေလက်ထဲ ရောက်သွားပြီဆိုတဲ့အကြောင်း အင်္ဂလိပ်စစ်တပ်ကို အကြောင်းကြားဖို့ ကြီုးစားရင်း အသက်ပေးသွားရတဲ့အဖြစ်များဟာ ဒုတိယကမ္ဘာစစ်ရဲ့ တကယ့်အဖြစ်အပျက်တွေပဲ ဖြစ်ပါလိမ့်မယ်။ ဒီရုပ်ရှင်ဟာ အမှန်တော့ အင်္ဂလိပ်တွေကို အဓိကထားပြောချင်တဲ့ နာဇီစစ်တပ်သာ ရောက်လာရင် သည်လိုဒုက္ခတွေရောက်ရလိမ့်မယ်လို့တဖက်ကနေ အသိပေးတဲ့ ၀ါဒဖြန့်ကားတစ်ကားအဖြစ် အစီအစဉ်ချ ရိုက်ကူးထားတယ်လို့ ဆိုပါတယ်။ ၁၉၄၂ခုနှစ် ဗြိတိသျှပိတ်ကားပေါ်ရုံတင်လိုက်တဲ့အချိန်မှာ စစ်ကမပြီးသေးပါဘူး။ သည်တော့ ဂျာမန်တွေ စစ်ရှုံးသွားမှာလာဆိုတာလည်း ဘယ်သူမှ မသိပါဘူး။ သို့သော် သည်ရုပ်ရှင်ကားကြောင့် အင်္ဂလိပ်ဟာ နာဇီဂျာမဏီကို တော်လှန်မှဖြစ်မယ်ဆိုတဲ့ အသိစိတ်တွေဝင်လာကောင်း ၀င်လာနိုင်မှာ ဖြစ်ပါတယ်။

 

ရုပ်ရှင်ကားအမည်က Went the day well? ဟာ ပထမကမ္ဘာစစ်အတွင်းက အမည်မသိအင်္ဂလိပ်ကဗျာဆရာတစ်ယောက်ရဲ့ ကဗျာခေါင်းစဉ်တစ်ခု ဖြစ်ပါတယ်။ အဲဒီခေါင်းစဉ်ကိုစစ်အတွင်းမှာ သေဆုံးသွားတဲ့ လူစာရင်းတွေ သတင်းစာတွေထဲ ထည့်တဲ့အခါ ယူသုံးကြပါတယ်။ အဓိပ္ဗါယ်က “နေ့ရက်တွေက ကောင်းကောင်းမွန်မွန် ခရီးဆက်နေပါရဲ့လား။ သေဆုံးသူတွေအတွက်တော့ မသိနိုင်တော့ပါဘူး။ ကျွနိုပ်တို့က သေဆုံးသွားပြီမို့  နေ့ရက်တွေက ဆက်လက်ပြီး ကောင်းကောင်းခရီးဆက် နေကြသလား ဆိုတာ ဘယ်တော့မှ မသိနိုင်တော့ပါဘူး။ သို့သော်လည်း …. ကောင်းကောင်း မကောင်းကောင်း… လွတ်လပ်ရေးအတွက် ငါတို့အသက်တွေ ပေးခဲ့ကြတယ်။”လို့ ကဗျာက ဆိုထားတာပါ။

 

ရုပ်ရှင်ဟာ ရုံပေါ်ကို တစ်နှစ်ကျော်နောက်ကျပြီးမှ တင်နိုင်ခဲ့ပါတယ်။ ရုပ်ရှင်ထဲမှာ ရိုက်ပြထားတဲ့ ကြောက်ရွံ့ထိတ်လန့်ဖွယ်အခန်းများဟာ မျော်လင့်မထားပဲ ထွက်ပေါ်လာတာမျိုးဖြစ်နေလို့  လို့ဆိုပါတယ်။ အဲဒီမျက်စိမှိတ်ထားရမယ့်အခန်းတွေကို ကြည့်ရဖို့ ကြိုတင်ပြင်ဆင်နိုင်မူမရှိပဲ ရုတ်တရက်စိတ်လှူပ်ရှားစရာတွေ ဖြစ်နိုင်တယ်လို့ ကောက်ချက်ချပါတယ်။ ရုံတင်လိုက်တဲ့အချိန်မှာ ပရိသတ်ရဲ့ တုံ့ပြန်မူဟာ ဒါရိုက်တာ မျော်လင့်ထားတဲ့အတိုင်း ရခဲ့ပါတယ်။ နာဇီတွေကို မုန်းတီးမူ၊ တော်လှန်လိုမူတွေ စိတ်ပိုင်းဆိုင်ရာမှာ ဖြစ်ပေါ်လာပါတယ်။ ဒါရိုက်တာကတော့ သူဖြစ်စေလိုတဲ့ နောက်ထပ်အမြင်တစ်ခုကို အခုလို ဆိုခဲ့ပါတယ်။ ‘”လူတွေရဲ့ ယဉ်ကျေးသိမ်မွေ့ပါတယ် ဆိုတဲ့ အမူအယာတွေ၊ အမူအကျင့်တွေဟာ…… စစ်ဆိုတဲ့အရာနဲ့လည်း ထိတွေ့လိုက်ရော…. လုံးဝဥသုံကြမ်းတမ်းတဲ့ သတ္တ၀ါတွေအဖြစ် ပြောင်းလဲကုန်ပါတယ်။ ဒါဟာာ ကျွန်တော်ပြောချင်တဲ့ ရုပ်ရှင်ထဲမှာ ရိုက်ပြခဲ့တဲ့ ပြကွက်တွေပဲ ဖြစ်ပါတယ်။”

 

ပရိသတ်က သူတို့အတွက် ဖျော်ဖြေရေးဆိုတဲ့ ရုပ်ရှင်ကားတစ်ကားကို တကယ့်အဖြစ်အပျက်နဲ့ ချိန်ထိုးပြီး ရောယှက်ကြည့်ခွင့်ရခဲ့တယ်။ ၀ါဒဖြန့်ကားတစ်ကား ဖြစ်ပေမယ့် ဒါရိုက်တာရဲ့ တင်ပြမူကြောင့် ပရိသတ်ရဲ့ ရင်ထဲမှာ နာဇီကို မုန်းတီးရွံ့ရှာသွားတယ် ဆိုတာဟာ ဒီကား၇ဲ့ အောင်မြင်မူပဲ ဖြစ်တယ်လို့ သုံးသပ်ရမှာဖြစ်ပါတယ်။

 

ဂျူနီယာဝင်း


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts