ခေတ်ပြိုင်အတွေ့အကြုံ ခေတ်ပြိုင်အတွေ့အကြုံ

မြင့်မိုးအောင် – ယဉ်ကျေးမှုသစ် တည်ဆောက်ခြင်း

Photo – Irrawaddy Burmese News

မြင့်မိုးအောင် – ယဉ်ကျေးမှုသစ် တည်ဆောက်ခြင်း
(မိုးမခ) စက်တင်ဘာ ၂၅၊ ၂၀၁၅
(စိတ်ကူးချိုချိုက ကျင်းပတဲ့ စာတမ်းဖတ်ပွဲမှ ကူးယူဖော်ပြပါတယ်)

(၁) အောင်မြင်မှု လက်တစ်ဆုပ်စာနဲ့ ပြဿနာပေါင်း သောင်းခြောက်ထောင်

စာပေ၊ပန်းချီ၊ဂီတ၊ရုပ်ရှင်၊သဘင်အနုပညာရှင်အားလုံးဟာ နိုင်ငံတစ်ခုရဲ့ ယဉ်ကျေးမှုသစ်တစ်ခုကို တည်ဆောက်နေကြတဲ့သူတွေလို့ ကျနော်ကတော့ ယုံကြည်ပါတယ်။ ရှင်သန်ကြီးပြင်းခွင့်ရတဲ့ ခေတ်ထဲမှာ နေထိုင်ရင်း၊ ခေတ်ရဲ့ ရိုက်ချက်ပေါင်းစုံကို ခံစားတုံ့ပြန်ရင်းနဲ့ အနုပညာပုံသဏ္ဍာန်သစ်တွေ၊ လူ့ဘဝနှုန်းစံသစ်တွေကို  တီထွင် ဖန်တီးနေကြသူတွေလည်း ဖြစ်ပါတယ်။

အဲဒီလိုယဉ်ကျေးမှုသစ်တခုကို တည်ဆောက်ကြတဲ့နေရာမှာ အကြောင်းအရာသစ်၊ ပုံသဏ္ဍာန်သစ်၊ အယူအဆသစ်တွေကို ဖန်တီးရင်း အောင်မြင်မှုနဲ့ လက်ခုပ်သံတွေကို လွယ်လွယ်ကူကူနဲ့ ရရှိနေသလို ထင်ရပေမဲ့ ကန့်လန့်ကာနောက်ကွယ်မှာတော့ ဝိရောဓိတွေ၊ တားဆီးပိတ်ပင်မှုတွေ၊ ဆန့်ကျင်ဘက်အယူအဆတွေနဲ့ ရှုပ်ထွေးတဲ့ ယဉ်ကျေးမှုပြဿနာတွေ ပြည့်နှက်နေတာပါပဲ။ အနုပညာလက်ရာတခုတိုင်းအတွက် ဖန်တီးမှု ဖြစ်စဉ်ထဲမှာသာမက ပျံ့နှံ့အောင်မြင်အောင် လုပ်ရတဲ့နေရာမှာပါ တွေ့ရတဲ့ အခက်အခဲတွေ ၊စိန်ခေါ်မှုတွေလည်း အများအပြားပါပဲ။

အနုပညာလောကထဲမှာ နှစ်ကာလတခု ကြာရှည်လာတာနဲ့အမျှ မြင်သာတဲ့ အောင်မြင်မှုတပွေ့တပိုက်ကို ဂုဏ်ယူစွာရရှိနေသလို မမြင်သာတဲ့ ယဉ်ကျေးမှုပြဿနာ အရှုပ်အထွေးကိုလည်း ငြင်းပယ်နိုင်ခွင့်မရှိဘဲ ရင်ဆိုင်ရ၊ ကျော်လွှားရ၊အနိုင်ရလိုက်၊အရှုံးပေးလိုက်နဲ့ ဒါဟာ စစ်မှန်တဲ့ အနုပညာရှင်တယောက်ရဲ့ စစ်မှန်တဲ့ ဘဝပေး အခြေအနေတခုလို့ ပြောရမလိုပါပဲ။

၁၉၉၂ ခုနှစ်လောက်က စပြီး သီချင်းရေးသူတယောက်အဖြစ်နဲ့ ဂီတလောကထဲမှာ နှစ်ပေါင်းနှစ်ဆယ်ကျော် ရှင်သန်လာခဲ့တဲ့ ကျနော့်အတွက်လည်း အောင်မြင်မှု လက်တဆုပ်စာရဲ့ နောက်ကွယ်မှာ မမြင်သာတဲ့ပြဿနာ အရှုပ်အထွေးတွေ အများအပြားပါပဲ။ ၂၀၀၇ ခုနှစ်လောက်ကစလို့ Melody World နဲ့ နောက်ပိုင်း ` အိပ်မက်ဆုံရာ ´ သီချင်းဆိုပြိုင်ပွဲတွေမှာ အကဲဖြတ်ဒိုင် လုပ်ရင်း ရရှိခဲ့တဲ့အတွေ့အကြုံတွေ၊ ၂၀၀၆ ခုနှစ်က စလို့ ဂီတအစည်းအရုံးမှာ ဝင်ရောက်လုပ်ကိုင်ခဲ့တဲ့ အတွေ့အကြုံတွေ၊ Living Songs, Fashion Music Festival နဲ့ Tribute TV Program တွေ စီစဉ်ထုတ်လုပ်ရင်း ရရှိခဲ့တဲ့ အတွေ့အကြုံတွေမှာလည်း နူးညံ့သိမ်မွေ့တဲ့၊ ရှုပ်ထွေးခက်ခဲတဲ့ ယဉ်ကျေးမှုပြဿနာတွေ အများအပြားပါပဲ။

ကျနော်ရဲ့ ဂီတလောကနဲ့ ပတ်သက်မိသမျှ အတွေ့အကြုံတွေထဲက ရေးသားရ၊ ဆွေးနွေးရ လွယ်ကူမယ့် ခေါင်းစဉ်တချို့ကို အခုစာတမ်းမှာ တင်ပြပေးချင်ပါတယ်။ ဒီနေရာမှာ ယဉ်ကျေးမှုပြဿနာတွေရဲ့ အချက်အလက်အကြောင်းအရာတွေကို ကျနော် တတ်နိုင်သလောက် ဖော်ပြပေးနိုင်မှာဖြစ်သလို ကျနော့်ရဲ့ ကောက်ယူချက်၊ကျနော့်ရဲ့အဖြေတွေဟာလည်း ကျနော်တယောက်တည်းရဲ့ အယူအဆ၊အမှန်တရားသာဖြစ်ကြောင်း ကြိုတင်ဝန်ခံထားချင်ပါတယ်။

(၂) ဂီတကျောင်းတော်နဲ့ ဂီတဈေးကွက်

ဂီတသင်တန်းကျောင်းက ကျနော့်မိတ်ဆွေ ဂီတဆရာတယောက်က လတ်တလော အောင်မြင်ကျော်ကြားနေတဲ့ သီချင်းတွေအပေါ် Chord ၄ခုတည်းနဲ့ ပတ်ချာလည်နေကြတယ်လို့ ဝေဖန်သလို ကျနော်သိတဲ့ အောင်မြင်ခါစ အဆိုတော်ပေါက်စတယောက်ကလည်း ဂီတသင်တန်းဆရာတွေအပေါ် ဂီတသီအိုရီတွေသာ မိုးပျံအောင် သိတယ်၊ ပရိတ်သတ်ကြိုက်အောင်တော့ ဘာတခုမှ မဖန်တီးနိုင်ကြသူတွေလို့ စွပ်စွဲပြောဆိုတာ မကြာခဏ ကြားဖူးပါတယ်။

နှစ်ဖက်စလုံးမှာ အမှန်တရားတဝက်စီရှိသလို အားနည်းချက်လည်း တဝက်စီ ရှိနေတာပါပဲ။ နိုင်ငံတကာမှာတော့ နှစ်ဖက်စလုံးမှာ ထူးချွန်ကြတဲ့သူတွေများပေမဲ့ ကျနော်တို့နိုင်ငံမှာတော့ လက်ချိုးရေလို့ရအောင် ရှားပါးတာလည်း အမှန်ပါပဲ။

တစ်ခါက ချောင်းသာကမ်းခြေတခုမှာ ကျင်းပတဲ့ စင်တင်ဖျော်ဖြေပွဲတခုမှာ နာမည်ကျော် မိန်းကလေးအဆိုတော်တယောက်ရဲ့ ယိုင်နဲ့နဲ့ အသံတွေကြားပြီး ကြုံလို့ကြည့်နေတဲ့ နိုင်ငံခြားသားတယောက်က ဒါ အဆိုတော်လားလို့ တအံ့တဩနဲ့ မေးမြန်းတာလည်း ခံရဖူးပါတယ်။

တခါက ကျနော်ရဲ့ လုပ်ဖော်ကိုင်ဖက် နာမည်ကျော် ပါရမီရှင် အမျိုးသမီး တေးသံရှင်တယောက်၊ကျနော်တို့ မြန်မာနိုင်ငံမှာ ကျင်းပတဲ့(အာစီယံ+၃) ဂီတပွဲတော်တခုမှာ ကြုံခဲ့ရတဲ့ အဖြစ်အပျက်တခုကို ပြန်သတိရမိပါတယ်။ သူရပြီးသား  သူ့ကိုယ်ပိုင်သီချင်းတပုဒ်ကို Orchestra Arrangement အဖြစ် ပြောင်းပြီးဆိုရတော့ ကီးချိန်းတဲ့အခါ ချက်ချင်းမှန်အောင်မဝင်နိုင်လို့ အချိန်အတော်ကြာ သီချင်းတိုက်ခဲ့ရပါတယ်။ အတူတူ ဆိုတဲ့ အခြားအာဆီယံ နိုင်ငံက အဆိုတော်တွေကတော့ ဂီတကို စနစ်တကျ သင်ကြားထားကြပြီး ဂီတသင်္ကေတလည်း တတ်ကြတော့ အလွယ်တကူပဲ ဆိုသွားနိုင်ကြပါတယ်။

ခက်တာက ကျနော်တို့နိုင်ငံမှာ ဂီတသင်တန်းကျောင်းတွေ ခိုင်ခိုင်မာမာနဲ့ စနစ်တကျဖွံ့ဖြိုးတာမရှိတော့ ပေမီ ဒေါက်မီ သင်ကြားနိုင်ဖို့ မလွယ်သလို သင်ခန်းစာတွေကလည်း တကယ့်ဂီတလောကထဲမှာ အသုံးချနိုင်ဖို့ အလှမ်းဝေးကွာတာတွေ ဖြစ်နေပြန်ပါတယ်။ ကျနော်တို့ရဲ့ ကျောင်းတွေမှာ မူလတန်းကနေ တက္ကသိုလ်အထိ သင်ခဲ့ရတဲ့ ကဗျာတွေဟာ တကယ့်မဂ္ဂဇင်း ဂျာနယ်တွေမှာ ခေတ်စားနေတဲ့ တကယ့်ကဗျာတွေနဲ့ အလှမ်းဝေးနေသလိုမျိုးပါပဲ။

အခုလတ်တလော နိုင်ငံတကာ ဂီတသစ် အမျိုးအစား တော်တော်များများမှာ Chords  တွေအများကြီးမသုံးကြတော့ပါဘူး။ Chord ၄ခု လောက်ကိုပဲ Looping ပတ်ပြီး Main Vocal ရဲ့ တွဲဖက်မှုနဲ့ အခြားသော ဆန်းသစ်တဲ့ Chord တွေဖြစ်ပေါ်အောင် ဖန်တီးလာကြတာကို ဂီတသင်ရိုးညွှန်းတမ်းဟောင်းသမားတွေ နားလည်ခံစား နှစ်သက်ဖို့ မလွယ်ကူလှပါဘူး။ (ဥပမာ Key C မှာ တူရိယာတွေက C Major Chord ကို တီးမှုတ်ပြီး Main Vocal က B( တီ) တို့ D(ရေ) Note တို့ကို သီဆိုပြီး Major 7 , Major 9 Chord တွေဖန်တီးသလိုမျိုးပေါ့)

မကြာသေးခင်ကတော့ ဆွီဒင်နိုင်ငံ Stockholm မြို့၊ Royal College of Music ဂီတကျောင်းက တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးခွင့်ကြုံတဲ့အခါ သူတို့ ဂီတကျောင်းတွေရဲ့ ပြည့်စုံမှု၊ခေတ်မီမှု၊ ဂီတဈေးကွက်၊ ဂီတလောကနဲ့ တစ်သားတည်း ထပ်တူကျနေမှုတွေကို သိရှိရတဲ့အတွက် သိပ်ကိုအားကျမိပါတယ်။

ဂီတဈေးကွက်ထဲက အောင်မြင်သူအများစု၊ ဂီတကို စနစ်တကျတတ်ထားကြရင် ပိုကောင်းမှာဖြစ်သလို ဂီတကျောင်းဘက်က ပုဂ္ဂိုလ်တွေအနေနဲ့လည်း နိုင်ငံတကာနဲ့ ပြည်တွင်း၊ဂီတလောက၊ဂီတဈေးကွက်နဲ့ မျက်ခြည်မပြတ်တဲ့ သင်ကြားမှုတွေ ပိုပြီးပြောင်းလဲပေးနိုင်မှသာ ဒီပြဿနာတွေကို ကျနော်တို့ ဖြေရှင်းနိုင်မယ်လို့ ယုံကြည်မျှော်လင့်ရပါတယ်။

(၃) Copy နဲ့ OWN TUNE

ကျနော်တို့ရဲ့ မိတ်ဆွေကာတွန်းဆရာတချို့နဲ့ Facebook comment သမားတချို့က ကော်ပီသီချင်းရေးဆရာတွေကို ဒီလိုဝေဖန်ရေးသားကြတာ မကြာခဏ တွေ့ရပါတယ်။ သူတို့ကိုယ်တိုင်က နိုင်ငံခြားသီချင်းတွေ ခိုးချပြီး သူတို့ရေးတဲ့ သီချင်းကျမှ မူပိုင်ခ အပြည့်ရချင်ကြတဲ့ ကော်ပီသီချင်းရေးဆရာတွေ ဆိုပြီးတော့ပေါ့။ ဒီပြဿနာဟာ ကျနော်တို့ရဲ့ ခေတ်ပေါ်ဂီတ၊ခေတ်ဦးကတည်းက ရှိခဲ့တာဖြစ်ပြီး အခုထိလည်း မကြာခဏ ပေါ်လာတတ်တဲ့ ယဉ်ကျေးမှုပြဿနာတခုပါပဲ။

ကျနော်အပါအဝင် ကော်ပီတေးရေးဆရာတွေကို ကြည့်လိုက်တော့ သူတို့ပြောတာလည်း ဟုတ်သလိုပါပဲ။ သူများသံစဉ်တွေ ခိုးချပြီး သီချင်းရေးဆရာ ဘွဲ့ခံတယ်။ စာတမျက်နှာတောင် ပြည့်အောင်မရေးဘဲ ပိုက်ဆံလေးသိန်းငါးသိန်း လွယ်လွယ်နဲ့ရတယ်။ နောက်တယောက်က ထပ်ဆိုရင်၊ ရုပ်ရှင်သီချင်း အဖြစ်သုံးရင် FM,TV ၊ သီချင်းဆိုပြိုင်ပွဲ၊ Ring Tone,Ring Tune အဖြစ်သုံးရင်လည်း ထပ်ရတဲ့အပြင် မရသေးတဲ့ စင်တင်တွေ၊ KTV တွေဆီကတောင် ထပ်တောင်းနေပြန်ပြီ။ ကိုယ့်အိမ်ထဲမှာ ကိုယ် သီချင်းညည်းရင်တောင် သူတို့ကို ထပ်ပေးရမလားပေါ့။

တကယ်တော့ ကော်ပီသီချင်းရေးဆရာတွေကို အပြစ်မတင်ခင် ကျနော်တို့ နိုင်ငံအခြေအနေနဲ့ ဂီတလောကအနေအထားကို သေချာနားလည်အောင် လေ့လာတွေးဆကြည့်သင့်ပါတယ်။

ကျနော်တို့နိုင်ငံမှာ ကော်ပီသီချင်းတွေပိုများ၊ ပိုထွန်းကားတာမှန်ပေမဲ့ တခြားနိုင်ငံတွေမှာ လည်း အလားတူရှိတာပါပဲ။ နောက်ပြီး နိုင်ငံတကာ ဂီတဆိုတာကျနော်တို့ရဲ့ ကိုယ်ပိုင်မဟုတ်ဘဲ အနောက်တိုင်းက မွေးဖွားလာတဲ့ ဂီတဖြစ်လေတော့ သူတို့ရဲ့ နည်းနာ နမူနာတွေကို တခြားနိုင်ငံတွေနည်းတူ ကျနော်တို့လည်း အတုယူလေ့လာရတာပါပဲ။ ဂီတကျောင်းတွေ မထွန်းကားတဲ့ ကျနော်တို့နိုင်ငံမှာ ကော်ပီသီချင်းတွေဟာလည်း ဂီတကျောင်းတော်၊ ဂီတဘဏ္ဍာတိုက်ကြီးတခုပါပဲ။ ကျနော်တို့ မျိုးဆက်၊ ကျနော်တို့ရဲ့ နောက်မျိုးဆက်တွေအားလုံးလည်း ဒီအရိပ်အောက်မှာပဲ ကြီးပြင်းခဲ့ရတာပါ။

ဝတ္ထုစာပေလောကမှာတော့ ဘာသာပြန်စာရေးဆရာ ၊မှီငြမ်းစာရေးဆရာတွေကို လေးစားမြတ်နိုး တန်ဖိုးထားကြပြီး ကော်ပီသီချင်းရေးဆရာတွေကိုကျမှ ချိုးနှိမ်ပုတ်ခတ်တာမျိုးဟာ တရားမျှတမှုရှိတယ်လို့ ကျနော် မထင်ပါဘူး။ အခုလို ဝေဖန်ရေးသားကြတဲ့သူတွေ ကိုယ်တိုင် မြန်မာစာသားနဲ့ ကော်ပီသီချင်းတပုဒ်တလေ မဆိုဖူး၊မဆိုဖြစ်ကြတဲ့သူ ရှိမယ်မထင်ပါဘူး။

ကော်ပီသီချင်းရေးဆရာတွေ သူတို့ရဲ့ တေးရေးခတောင်းဆိုကြတာလည်း သူတို့ရေးတဲ့ မြန်မာစာသားတွေ အတွက်ပဲ တောင်းဆိုတာပါ။ မူရင်းသီချင်းအတိုင်း အင်္ဂလိပ်လို၊ တရုတ်လို ဆိုကြ ၊တီးကြရင်လည်း ဘာမှ တောင်းဆိုစရာ အကြောင်းမရှိပါဘူး။

ခုနောက်ပိုင်းနှစ်တွေမှာလည်း ကော်ပီသီချင်းတွေ အရင်ကထက် အများကြီး လျော့နည်းသွားပါပြီ။ဂီတကို နားလည်တတ်ကျွမ်းမှုတွေ ပိုလာတာနဲ့အမျှ ကိုယ်ပိုင်သံစဉ် ကိုယ်ပိုင်သီချင်းတွေ ပိုများလာတာ လက်တွေ့မျက်မြင်ပါပဲ။

ဒီတော့ ကျနော်တို့နိုင်ငံ၊ကျနော်တို့ ဂီတလောကရဲ့ လိုအပ်ချက်တခုအရ အချိန်ကာလတခုမှာ ပေါ်ပေါက်လာတဲ့ ကော်ပီသီချင်းတွေနဲ့ ကော်ပီသီချင်းရေးဆရာတွေ အပေါ် အမုန်းတရားတွေ၊တဖက်သတ်ဝေဖန်နှိမ့်ချမှုတွေဟာ တကယ်မလိုအပ်တဲ့ အရာတခုလို့ ကျနော်ကတော့ သတ်မှတ်ချင်ပါတယ်။

(၄) ရိုင်းစိုင်းသော ယဉ်ကျေးမှုများ

နိုင်ငံတကာ ဂီတအမျိုးအစားတော်တော်များများကို ကျနော် နှစ်သက်ပါတယ်။ အနှစ်သက်ဆုံး ဂီတပုံစံပြောပါဆိုရင်တော့ World Music နဲ့ ပေါင်းစပ်ထားတဲ့ New Age Music ပုံစံပါပဲ။ ဒီအမျိုးအစားထဲမှာ ခေတ်အမီဆုံး၊အဆန်းသစ်ဆုံး နည်းပညာတွေနဲ့ အဟောင်းနွမ်းဆုံး၊ရှေးအကျဆုံး၊ ကမ္ဘာ့ဂီတ၊ရိုးရာဂီတတွေကို ရောနှောပေါင်းစပ် ဖန်တီးထားပါတယ်။ Deep Forest, Enigma နဲ့ Buddha Bar သီချင်းတွေကို ကြိုက်တဲ့ ကျနော်ဟာ မြန်မာ့ရိုးရာ သံစဉ်တချို့ကို New Age ဂီတပုံစံထဲမှာ ပေါင်းစပ်ဖို့ ကြိုးစားခဲ့ပါတယ်။

အစပိုင်းမှာ အတော်ခက်ခဲခဲ့ပါတယ်။မြန်မာ့ရိုးရာအခြေခံ ကြိုးသီချင်းတစ်ပုဒ် ဖြစ်တဲ့ ထံတျာကို Guitar Chord တွေထဲမှာ ပေါင်းစပ်ကြည့်တာ ၆လလောက်ကြာမှပဲ စိတ်ကျေနပ်စရာ ပေါင်းစပ်မှု ရရှိခဲ့ပါတယ်။

MRTV4 အတွက် Fashion Music Festival ကိုစီစဉ်တော့ ပထမဆုံးအဖွင့်သီချင်းအဖြစ် ရခိုင်ရိုးရာ ဗုဒ္ဓပူဇနိယသီချင်းကို New Age ဂီတပုံစံနဲ့ ပေါင်းစပ်ပြီး  ချမ်းချမ်း ရဲ့ သီဆိုမှု နဲ့ ဖွင့်လှစ်ခဲ့ပါတယ်။ ပဉ္စဝတီ FM မှာလည်း မနက်ခင်းအဖွင့် သီချင်းအဖြစ် သုံးစွဲခဲ့ပါတယ်။ Album မထွက်ခင်မှာပဲ ပရိတ်သတ်လက်ခံအားပေးမှု များစွာရရှိခဲ့ပါတယ်။ MTV EXIT ပြည်သူ့ရင်ပြင် ဖျော်ဖြေမှုမှာလည်း ရွှေတိဂုံဘုရား နောက်ခံနဲ့ အဖွင့်သီချင်းအဖြစ် ခမ်းနားစွာ တင်ဆက်ခဲ့ပါတယ်။ ဒီလို ဖန်တီးခွင့်ရတဲ့ အတွက်လည်း ရခိုင်ပြည်နဲ့ ရခိုင်လူမျိုးတွေကို ကျေးဇူးအထူးတင်တဲ့အကြောင်း ဒီနေရာမှာ မှတ်တမ်းတင်ချင်ပါတယ်။

မကြာခင်ကတော့ ပြဿနာသတင်းတခု ကြားလိုက်ရပါတယ်။ အရေးတကြီး ဂရုစိုက်ရမယ့် ယဉ်ကျေးမှု ပြဿနာတခုပေါ့။ နိုင်ငံခြားဘာသာခြား ဆက်သွယ်ရေးကုမ္ပဏီကြီးတခုက သူတို့ကုမ္ပဏီရဲ့ ပရိုမိုးရှင်း အတွက် ဒီသီချင်းကို သုံးစွဲဖို့ စီစဉ်တဲ့အခါမှာတော့ ရခိုင်စာပေနဲ့ ယဉ်ကျေးမှု အသင်းရဲ့ ကန့်ကွက်မှုနဲ့ အစီအစဉ်ပျက်သွားတာ ကြားရပါတယ်။ ကျနော်တို့ရဲ့ ယဉ်ကျေးမှုအမွေအနှစ်တွေ ခက်ခက်ခဲခဲ ဖန်တီးထားရတဲ့ အနုပညာတွေဟာ စီးပွားရေးအကျိုးအမြတ်အပြင် အခြားသောရည်ရွယ်ချက်များစွာနဲ့ အမြတ်ထုတ်မယ့် အန္တရာယ်တွေကနေ စနစ်တကျ ကာကွယ်နိုင်ဖို့လည်း အရေးကြီးတယ်လို့ ဒီအချိန်မှာ ခံစားလိုက်မိပါတယ်။

နောက် ကျနော် အနှစ်သက်ဆုံး သားချော့တေးတပုဒ်ဖြစ်တဲ့ ဆရာမင်းသုဝဏ်ရဲ့ ကဗျာ၊ ဆရာ K ရဲ့ သံစဉ် ` ပုခက်လွှဲချင်း ´ ကိုလည်း ` ရွာ ´ဇာတ်ကားမှာ ချမ်းချမ်းရဲ့ သီဆိုမှုနဲ့ New Age ဂီတပုံစံ ဖန်တီးဖြစ်ခဲ့ပါတယ်။

အတွေ့အကြုံတွေ ထိုက်သင့်သလောက် စုဆောင်းမိလာတဲ့အခါမှာတော့ ပိုပြီးခက်ခဲတဲ့ပုံစံတခုကို ကျနော် ကြိုးစားကြည့်ခဲ့ပါတယ်။ CITY FM Live Show တခုမှာ တင်ဆက်ခဲ့ ` ပင်တိုင်စံအတွက် အချစ်ရဲ့ အလင်းရောင် ´ဆိုတဲ့သီချင်းဖန်တီးမှုပါ။ ဆရာဂီတစာဆို ကိုညွန့်ဝေရေးပြီး တေးသံရှင် တင်တင်မြ ဆိုခဲ့တဲ့ `ပင်တိုင်စံ ´ သီချင်းနဲ့ ကျနော်ရေးပြီး ချောစုခင် သီဆိုခဲ့တဲ့ `အချစ်ရဲ့ အလင်းရောင်´ ဆိုတဲ့သီချင်းနှစ်ပုဒ် ကို ပေါင်းစပ်ထားတာပါ။ တူညီတဲ့အကြောင်းအရာတခုပေါ်မှာ အခြေခံပြီး ကွဲပြားခြားနားမှုတွေ များတဲ့ မြန်မာသံစဉ်နဲ့ နိုင်ငံတကာဂီတသံစဉ်တွေကို ခက်ခက်ခဲခဲ ပေါင်းစပ်ကြည့်ခဲ့ရပါတယ်။ စိတ်ကူး Idea ရဖို့ကနေ  Music Arrangement ပြီးတဲ့အထိ အများကြီး ကြိုးစားအားထုတ်ခဲ့ရပါတယ်။ စောင်း လှိုင်ဝင်းမော်နဲ့ ဂစ်တာနိုင်ဇော်တို့ကလည်း အလေးအနက်ထားပြီး ကူညီပေးခဲ့ကြပါတယ်။ Live Show တင်ဆက်တဲ့အခါမှာတော့ ပိုပြီးပီပြင်သွားအောင်ဆိုပြီး ` နေနေ ´ ကို အနောက်တိုင်းဝတ်စုံ၊ ` ချမ်းချမ်း ´ ကို မြန်မာဝတ်စုံ၊ ကတဲ့ယဉ်ကျေးမှုတက္ကသိုလ်က အဖွဲ့တွေကိုလည်း မြန်မာဝတ်စုံနဲ့တစ်စု၊ အနောက်တိုင်းဝတ်စုံ နဲ့ တစု ပေါင်းစပ်ဖန်တီးဖို့ စီစဉ်ခဲ့ကြပါတယ်။

တကယ့်ဖျော်ဖြေတဲ့နေ့မှာတော့ စီစဉ်ထားသလို ဖြစ်မလာခဲ့ပါဘူး။ယဉ်ကျေးမှုတက္ကသိုလ်မှာ အကအဖွဲ့တွေ လေ့ကျင့်နေတုန်း ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ရောက်လာပြီး မြန်မာအကနဲ့ အနောက်တိုင်းအက စင်ပေါ်မှာ အတူတွဲမကရဘူးလို့ အမိန့်ထုတ်သွားတဲ့အတွက် အားလုံးက အရှုံးပေးပြီး အားလုံးပဲ မြန်မာဆန်လိုက်ရပါတယ်။

ကျနော်အပါအဝင် ရေး၊ဆို၊တီး၊က ဂီတသမားတွေ အနှစ်နှစ်အလလ ကြိုးစားဖန်တီးထားတဲ့ အသီးအပွင့်ဟာ လူတယောက်ရဲ့ ဥာဏ်ပညာ မပြည့်ဝမှုအောက်မှာ ကြေမွပျက်စီးသွားခဲ့ရပါတယ်။သိပ်မကြာခင်မှာလည်း မြန်မာသံတွေကို ကီးဘုတ်နဲ့ မတီးရဘူးလို့ အမိန့်ထုတ်ကြောင်းလည်း သတင်းသဲ့သဲ့ ကြားလိုက်ရပြန်ပါသေးတယ်။

အနောက်တိုင်းကလာတဲ့ ပစ္စည်းတွေသုံး၊ အနောက်တိုင်းက လာတဲ့ ဖုန်းတွေ၊ ကွန်ပျူတာတွေကိုင်ပြီး အနောက်တိုင်းကလာတဲ့ ဇိမ်ခံကားပေါ်က ဆင်းကာ အနောက်တိုင်းက ထုတ်တဲ့ မိုက်ခရိုဖုန်းရှေ့ကနေ ` အနောက်တိုင်းယဉ်ကျေးမှု ကို ဆန့်ကျင်ကြ ´ လို့ အော်ဟစ်အမိန့်ပေးနေသူတွေ ကျနော်တို့နိုင်ငံမှာ အများကြီး ရှိနေပါသေးတယ်။

ယဉ်ကျေးမှုသစ် တည်ဆောက်တဲ့အခါ တွေ့ရတဲ့ အခက်အခဲတွေ၊တခြားသော အနုပညာနယ်ပယ်အသီးသီးမှာလည်း အများကြီးရှိနေမှာပါပဲ။ကျနော်တို့ ဘယ်လိုရင်ဆိုင်မလဲ၊ ဘယ်လိုကျော်လွှားမလဲ၊ ဘယ်လိုဖြေရှင်းမလဲ၊ ဘယ်လိုအဖြေထုတ်မလဲဆိုတာ သိပ်ကို အရေးကြီးတဲ့ကိစ္စတခုလို့ ပြောချင်ပါတယ်။

ပြဿနာကို မီးမွှေးတာ ကျနော်လည်း မကြိုက်ပါဘူး။ဒါပေမဲ့ ပြဿနာကို မီးခွက်ထွန်းရှာမယ်ဆိုရင်တော့ကျနော် သဘောတူပါတယ်။ လိုအပ်လို့၊ မီးမောင်းထိုးရှာ မယ်ဆိုရင်လည်း ပိုပြီး ရှင်းရှင်းလင်းလင်း တွေ့မြင်ရတာပေါ့။ ပြဿနာကို သဲသဲကွဲကွဲ မြင်မှ ထိထိရောက်ရောက် ဖြေရှင်းနိုင်မှာပါ။နောက်များမှာလည်း ` ယဉ်ကျေးမှုသစ် တည်ဆောက်ခြင်း ´ ဆိုတဲ့ ဣနြေ္ဒရရ ခေါင်းစဉ်အောက်ကနေ လှုပ်လှုပ်ခတ်ခတ် ရှုပ်ရှုပ်ထွေးထွေး ပြဿနာ အကြောင်းတွေ ထပ်ပြီး ဆွေးနွေးကြသေးတာပေါ့။ အားလုံးကို ကျေးဇူးပါပဲ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts