ခေတ်ပြိုင်အတွေ့အကြုံ

Eaint Khaing Oo – The hand god sent

နာဂစ် ဒုက္ခသည်များကို ကူညီစဉ် အဖမ်းခံရသည့် အီကိုဗီးရှင်း ဂျာနယ်မှ သတင်းထောက် မအိမ့်ခိုင်ဦး (ဓာတ်ပုံများ-မိုးမခ)

ဘုရားပေးတဲ့ လက်တစ်စုံ

အိမ့်ခိုင်ဦး ၊ စက်တင်ဘာ ၁၉၊ ၂၀၁၃

အဲဒီနေ့က ကျနော့်စိတ်တွေ ရှုပ်နေတယ်။ ထောင်ဘူးဝကနေ အပြင်လောကကို ခြေတလှမ်းချလိုက်တာနဲ့ တစ်နှစ်ကျော် မထိတွေ့တဲ့ လောကကြီးက ကျနော့်ကို ဘယ်လိုကြိုဆိုမှာလဲ စိတ်ရှုပ်ရှုပ်နဲ့ လွတ်လူတွေကို ငါးလွှတ်ပွဲလို လွှတ်မဲ့ အခန်းအနားကျင်းပတဲ့ အင်းစိန်ထောင်ထဲက ခန်းမကို ကျနော် ဘူးဝကနေ ထွက်ထွက်ချင်း လမ်းလျှောက်လာခဲ့တယ်။ အထုပ်အပိုးတွေက မိန်းကလေးပီပီ ဘာမှကို မသယ်ခဲ့ဘူး။ မိတ်ဆွေတချို့ပေးထားတဲ့ လက်ဆောင်ရယ်။ လိပ်စာအချို့ကို ခိုးဝှက် မှတ်ထားတဲ့ ဘုရားစာအုပ်ကလေးရယ်။ ဒါလေးနဲ့ပဲ လမ်းမှာလျှောက်လာတယ်။

“  အိမ့် ”  လို့ခေါ်သံကြားတော့ လှည့်ကြည့်လိုက်တော့ အမှုတွဲ ကိုကျော်ကျော်သန့် ၊ အထုပ်ကြီး တထုပ်ကို သူထမ်းထားတယ်။ ထောင်အခေါ်ဝေါ်အရ ခေါ်တဲ့ ကစ်ပုံအိပ် ပန်းရောင်ကို သူ့ပခုံးပေါ်မှာ ထမ်းထားတယ်။
ကျနော် သူ့ပုံကို ကြည့်ပီး နည်းနည်းရီချင်သွားတယ်။ “ ဘာတွေလဲအကိုရာ၊ နင်အဲဒါတွေ အကုန်သယ်လာတာလား ” လို့မေးပီး သူ့အိတ်ကို ပုခုံးပေါ်က ချခိုင်းပီး တဖက်စီကူသယ်ခဲ့တယ်။ သူကတော့ အဲဒါသူ အတွက်တန်ဖိုး မဖြတ်နိုင်တဲ့ စာအုပ်တွေသယ်လာတာလို့ တိုးတိုး ရီပီး ပြောခဲ့တယ်။
(အတော်များများက အဲဒီအိတ်ကြီးကို ဓါတ်ပုံထဲမှာ မြင်ပီး ကျနော့် အိတ်လို့ထင်ကြသေးတယ် :P)

ဒီလိုနဲ့ ထောင်ခန်းမကို ရောက်တော့ နိုင်ငံရေး အမှုနဲ့လူတွေ ရှေ့ကိုသွားတဲ့ အတွင်းတွန်းပို့လိုက်တော့ ကျနော်အရှေ့တန်းရဲ့ ဒုတိယ အစွန်မှာ နေရာယူလိုက်ပါတယ်။ အမှန်ပြောရရင် လူက စိတ်နည်းနည်းရှုပ်နေတယ်။ အိမ်က လာကြိုမဲ့လူလဲ မရှိဘူးပေါ့။  ခမ်းမမှာလဲ ဓါတ်ပုံရိုက်တဲ့ သတင်းထောက်တွေနဲ့ ရီကော်ဒါ ကိုင်ပီး ဟိုလျှောက် ဒီလျှောက် သတင်းထောက်တွေ အများကြီး တွေ့ရတယ်။ အဲလို အချိန်မှာ စိတ်ထဲ လှိုက်ခနဲ့ဖြစ်သွားတာက ခုဏက အားငယ်သလိုစိတ်က ကိုယ့်လောကသား တွေကိုတွေ့လိုက်ရတော့ အတော်ပျော်သွားမိတယ်။

အဲဒီအချိန်မှာ ရီကော်ဒါ ခပ်သေးသေးတစ်လုံးကို ကိုင်ပီး အသားဖြူဖြူနဲ့ တရုတ်လိုလို ဂျပန်လိုလို လူတစ်ယောက် လမ်းလျှောက်လာတယ်။ သူ့ပုံက လွတ်လွတ်လပ်လပ် ပေါ့ပေါ့ပါးပါး ရှိတယ်လို့ တွေးမိတယ်။ သေချာတယ် ဆိုတဲ့ မျက်နှာဘေးနဲ့ ကျနာ့်အနားလျှောက်လာတယ်။ ကိုယ်ကလဲ တွေးလိုက်မိတယ် “ ဒါသတင်းထောက်ပဲ ဖြစ်မယ်” လို့…

သူလျှောက်လာတာ ကြည့်ရင်း သူက နိုင်ငံခြားသား သတင်းထောက်ဆိုရင် ငါတော့ ဘိုလိုမှုတ်ရတော့မှာပဲ လို့ စိုးရိမ်စိတ်တောင် ၀င်မိတယ်။

အနားရောက်တော့ သူက “ မအိမ့်ခိုင်ဦးလား ” တဲ့ ခေါင်းကို အသာငုံ့ပီး မေးတယ်။ ကျနော်လဲ အတော်အံ့သြသွားတယ် ။ ဒီလူ ဗမာစကားတတ်တယ်ပေါ့။ ဒါဆို နိုင်ငံခြားသတင်းဌာနက ဖြစ်မယ် ဆိုပီးထပ်ကောက်ချက်က စွဲမိပြန်ကော။

“ ကျနော်က သစ်အောင်ပါ။  True News ကပါ ” ပြောလိုက်တော့ သေချာပီ။

ဒါနိုင်ငံခြား သတင်းဌာနတခုပဲဖြစ်မယ်ပေါ့။ ဘာလို့လဲဆိုတော့ ကျနော် ၀င်တုန်းက ဒီဂျာနယ်က ထွက်စပဲမှာပါ ကျနော်လဲ သေချာမသိတော့ အဲဒါကို ပြည်တွင်းစာစောင်လို့ ထင်ကိုမထင်မိတာ (နောက်ပိုင်း ဒီကိစ္စပြန်ပြောရင် ရီရတယ်။ ထောင်ထဲမှာ စာစောင်စုံ မရတော့ မသိတာတွေလဲ အများကြီးကိုး )

သူ … … …  မေးသွားတာက အေးအေးဆေးဆေးပဲ လိုသလောက်ပဲမေးတယ် ။  လေးငါးခွန်းလောက် မေးအပြီး သူဓါတ်ပုံရိုက်ခွင့်တောင်းပီး ဓါတ်ပုံရိုက်တယ်။ အဲဒီနောက်မှာတော့ ထပ်ပီး သူ့လိပ်စာကဒ်ကို ပေးလိုက်တယ်။ နောက်ဆုံး သူနှုတ်ဆက်ရင်း ပြောသွားတဲ့ စကားက “ ကျနော်တို့ နောက်ဆုံမယ်ထင်တယ်နော် ဒိလောကက လူတွေပဲ” တဲ့။

အဲဒီက အစ ဒီလောကထဲကနေ စိတ်ညစ်ညစ်နဲ့ ထွက်သွားချင်စိတ် ပေါက်တိုင်း သူ ကျနော့်လက်ကို အမြဲ တွဲထားခဲ့တယ်။ အခက်အခဲတွေ ကြုံတိုင်း အားပေးမှုတွေနဲ့ လက်တွဲကို မဖြုတ်ခဲ့ဘူး။ အပေါ်ယံတင်းမာပေမဲ့ အတွင်းက အရမ်းစိတ်ပျော့တတ်တဲ့ ကျနော့်ကို အမြဲစာနာမှုတွေနဲ့ သည်းခံ ခဲ့သူပါ။

ဒီလိုနဲ့ ထောင်က ထွက်ထွက်ချင်း ဆုံခဲ့ အင်တာဗျူးခံလိုက်ရတဲ့ လူကို နောက် တစ်နှစ်နဲ့ သုံးလ အကုန်မှာတော့ ကျနော့် လက်တွဲဖော်အဖြစ် လက်တွဲခဲ့ပါတယ်။

ကံတရားက နည်းနည်းတော့ ထူးဆန်းတယ်။ အခက်အခဲဆုံး အချိန်မှာ ကိုယ့်လက်ကို အမြဲတွဲပေးထားမဲ့ လက်တွဲဖော်ကို တွေ့ဆုံမှုပေးခဲ့တယ်။

ကျနော်သိပ်တော့ မဖွဲ့နွဲ့ တတ်ပေမဲ့ အဲဒီနေ့က သူ့ကိုစတွေ့တွေ့ချင်း ငြိမ်းချမ်းမှု ယုံကြည်မှုတွေရခဲ့သလို  သူကလဲ နောက်ပိုင်းကျနော့်ကို ပြောပြတာ တခြားလူတွေထက် ကျနော့်ကိုသူ့စိတ်ထဲမှာ မှတ်မှတ်ထင်ထင်ဖြစ်မိတယ်တဲ့ … … … … ဒီလိုနဲ့  ဘုရားပေးတဲ့ လက်တစ်စုံကို တွေ့ခဲ့တာ မနက်ဖြန်ဆို လေးနှစ်မြောက်ပီပဲကွယ်။

(ဘ၀လက်တွဲဖော် .. အတွက် လေးနှစ်ပြည့် အမှတ်တရ (စက်တင်ဘာ ၁၉) )


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts