Han Thit Naing သတင်းပဒေသာ

အိမ်ရှင်ဖြစ်သူရိုက်နှက်မှုကြောင့် အိမ်ဖော်ဖြစ်သူ ဆေးရုံရောက်

ယခုလက်ရှိဆေးရုံရှိလူနာ မအေးအေးမွှေး

အိမ်ရှင်ဖြစ်သူရိုက်နှက်မှုကြောင့် အိမ်ဖော်ဖြစ်သူ ဆေးရုံရောက် 

ဟန်သစ်နိုင်၊ မိုးမခ၊ စက်တင်ဘာ ၂၃ရက်၊ ၂၀၁၅ခုနှစ်

 

အမေဖြစ်သူမှလာရောက်ရှင်းပြခြင်း

 

မအေးအေးမွှေးဆေးရုံစရောက်စဉ်ဓါတ်ပုံ
အိမ်ဖော်အဖြစ်လုပ်ကိုင်ပေးနေသူ သမီးရိုက်နှက်ခံရသောကြောင့် အမေဖြစ်သူနှင့် အလုပ်သွင်းပေးသူမှ မြန်မာဂျာနယ်လစ်ရုံးခန်းတွင် စက်တင်ဘာ ၂၃ရက်က ရှင်းလင်းပွဲတစ်ခုပြုလုပ်သည်။
ဧရာဝတီတိုင်း၊ ဝါးခယ်မြို့နယ် မောင်းတီးကျေးရွာမှ အိမ်ဖော်အဖြစ်လာရောက်လုပ်ကိုင်သူ မအေးအေးမွှေး အား ရန်ကုန်မြို့ သင်္ကန်းကျွန်းမြို့နယ်၊ နနွင်းကုန်းရပ်ကွက်၊ သုဒဿနလမ်း၊ MT ၂၀၁ အမှတ်တွင်နေ အိမ် ရှင်ဖြစ်သူ ဒေါ်နီလာမြင့်မှ အကြောင်းအမျိုးမျိုးပြပြီး ရိုက်နှက်နှိပ်စက်ခဲ့သောကြောင့် သင်္ကန်းကျွန်းမြို့နယ် စံပြဆေးရုံတွင် ဆေးကုသမှု ခံယူလျှက်ရှိနေသည်။
အိမ်ဖော်အဖြစ်လုပ်ကိုင်သူ မအေးအေးမွှေးသည် အသက် ၂၂နှစ်ရှိပြီး အိမ်ရှင်ဖြစ်သူ ဒေါ်နီလာမြင့် ထံ တွင်သားသမီး   ၃ဦးရှိသည်။ ယောက်ျားဖြစ်သူမှာ တစ်လတစ်ခါနီးပါးမှ အိမ်တွင်ရှိတတ်သည်။ မအေးအေးမွှေး သည် ၄လပိုင်း၊ ၂၀၁၅မှစတင်အလုပ်လုပ်ကိုင်ပေးခဲ့သည်။ ဝင်ရောက်လုပ်ကိုင်ပြီး တစ်လ အကြာတွင် အိမ်ရှင် ဖြစ်သူမှ အလိုမကျမှုများ၊ စိတ်တိုင်းမကျဖြစ်သည့်အခါတိုင်း တံမြက်စည်းတုတ်ဖြင့် ရိုက်ခြင်း၊ ချိန်ဖြင့်ရိုက်ခြင်း၊ ဖိနပ်ဖြင့်ရိုက်ခြင်း၊ ဖန်ခွက်၊ ပုဂံများဖြင့်ရိုက်ခြင်း၊ လက်ဖြင့်ရိုက်ခြင်းများပြု လုပ်ခဲ့သည်။ အိမ်မှပစ္စည်းများ ရိုက် နှက်မှုကြောင့်ပျက်စီးလျှင်ဖြစ်စေ၊ သူ့အလိုလိုပျက်စီးလျှင်ဖြစ်စေ အိမ်ရှင်ဖြစ်သူမှ လျော်ခိုင်းခြင်းများပြုလုပ်ခဲ့သည်။
          အိမ်ရှင်ဖြစ်သူဒေါ်နီလာမြင့်၏ အမြဲတစေရိုက်နှက်မှုများဒဏ်ကြောင့် အိမ်ဖော်အဖြစ်လုပ် ကိုင်ပေးနေသူ မအေးအေးမွှေးသည် ၁၉ရက်၊ စက်တင်ဘာ၊ ၂၀၁၅တွင် ဈေးထွက်ဝယ်ရင်း အိမ်မှထွက်ပြေး ခဲ့ရာ ၄င်းအား အလုပ်လာရောက်သွင်းပေးသူ မနော်၏အိမ်သို့ရောက်ခဲ့သည်။ မအေးအေးမွှေးတွင် တစ် ကိုယ်လုံးဒဏ်ရာများ ရရှိနေသဖြင့် မနော်မှ မသင်္ကာသောကြောင့် မေးမြန်းရာ အိမ်ရှင်၏ရိုက်နှက် မှုများသိရှိခဲ့ရသည်။ မနော်၏အကူ အညီဖြင့် ရပ်ကွက်ရုံးမှတဆင့် ရဲစခန်းတွင် အမှုဖွင့်ပေးပြီး မအေးအေးမွှေးအား စံပြဆေးရုံတွင် ဆေးကုသမှုခံယူ ခိုင်းခဲ့သည်။

          ၁၈ရက်၊ စက်တင်ဘာ၊ ၂၀၁၅ခုနှစ်မနက်ပိုင်းရိုက်နှက်ပြီးသောအခါတွင် အိမ်ရှင်ဖြစ်သူမှ “နင့်ကိုငါရိုက်ထားတာတွေ အမှုဖွင့်လျှင် ရွာအထိအရှက်ကွဲအောင်လုပ်မယ်၊ ရွာအထိလိုက်သတ် မယ်လို့ ပြောတယ်၊ ကျမက ၁၂နှစ်သမီးကတည်းက အဖေနှင့်အမေကိုလုပ်ကိုင်ကျွေးမွေးခဲ့တာ ဘယ်သူမှတစ်ခါမှ ကျမကိုမရိုက်ခဲ့ဖူးဘူး၊ အခုမှရိုက်ခံရတာ” ဟု မအေးအေးမွှေးကပြောသည်။

          မအေးအေးမွှေးသည် အိမ်ရှင်ထံတွင် တစ်လလုပ်ခ ရှစ်သောင်းဖြင့်လုပ်ကိုင်ခဲ့ရာ ယခုတွင် ၅လလုပ်ကိုင်ပေးခဲ့ပြီး နှစ်သိန်းနှစ်သောင်းပဲရရှိနေသေးကြောင်း၊  ကျော၊ လက်မောင်း၊ တင်ပါး၊ မျက်လုံး၊ နား၊ နှာခေါင်း၊ ခေါင်းတို့တွင် ဒဏ်ရာများရရှိထားပြီး ပါးပြင်ကို ဓါတ်မှန်ရိုက်ရမည်ဟု ဆရာဝန်မှပြော ထားကြောင်း၊ ရိုက်နှက်ခံရမှု၊ ခြိမ်းခြောက်မှုများအတွက် သက်ဆိုင်ရာ အမျိုးသမီးရေးရာ၊ လူ့အခွင့်အရေး၊ ILO သို့ တင်ပြသွားမည်ဖြစ်ကြောင်း၊ ရဲစခန်းတွင်လည်း အမှုဖွင့်ပေးထားကြောင်း ရိုက်နှက်ခံရ သူ၏ဆွေ မျိုးများကပြောသည်။

           မအေးအေးမွှေးအား ရိုက်နှက်ခံရမှုကို သင်္ကန်းကျွန်းမြို့နယ် ရဲစခန်းမှ ပ/ ၅၁၇/၂၀၁၅ ပုဒ်မ ၂၉၄၊ ၃၂၅၊ ၅၀၆ တို့ဖြင့် အမှုဖွင့်ပေးထားသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts