ကဗျာ ဆောင်းယွန်းလ

ဆောင်းယွန်းလ – သစ်ကောင်းအိမ်နဲ့ ရေးမိတဲ့ကဗျာ

ဆောင်းယွန်းလ – သစ်ကောင်းအိမ်နဲ့ ရေးမိတဲ့ကဗျာ
(မိုးမခ) စက်တင်ဘာ ၂၄၊ ၂၀၁၅

မထူးတဲ့ လူတွေနဲ့ 
တွဲပြီးလိုက်ရမယ့် ဇာတ်လိုက်မလုပ်ချင်ဘူး
မခြားနားတဲ့ ဇာတ်နဲ့ 
ပေါင်းပြီးသရုပ်ဆောင်ရမယ့်
လူကြမ်းလည်း မဖြစ်ချင်တော့ဘူး….

နေသာတဲ့ နေရာနဲ့ 
လေထုညစ်ညမ်းမှုကင်းတဲ့ လေညာမှာ
နေသာသလို နေနိုင်ပေမယ့်
မနေနိုင်မထိုင်နိုင် ညှမိတဲ့မီးကို
ဖွာလက်စ စီးကရက်ထဲရောထည့်ပြီး
မီးကို မီးနဲ့ လောင်ကျွမ်းပြာကျစေလိုက်တယ်….

ဒါဟာ ကဗျာတပုဒ်ဖြစ်မယ်ဆိုရင်
ဒီကဗျာဟာ
သစ်ကောင်းအိမ်စကားကို
ကိုယ့်တရားနဲ့ ပေါင်းစပ်လိုက်မိတဲ့ ကဗျာတပုဒ်ပဲ….

သစ်ကောင်းအိမ်က ပြောတယ်
စစ်အစိုးရအကြောင်းဆို
ကောင်းကြောင်းလည်း မကြားချင်ဘူး
ဆိုးကြောင်းလည်း မကြားချင်တော့ဘူးတဲ့….

ငါလည်း အဲဒီအတိုင်းပဲ ဇော်ကြီးရေ
အမေရိကန်မှာ
အမေရိကန် ရွေးကောက်ပွဲအကြောင်းကို
အားရက်မှာ စတားဘတ်သောက်ရင်း
စီးကရက်ကို မီးမပြတ်တမ်း ဖွာကြရအောင်…..

ဆောင်းယွန်းလ

illustration : Toni Demuro


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts