သရော်စာ မောင်လူရေး

မောင်လူရေး – တင်အေးလော

 

မောင်လူရေး  – တင်အေးလော

(မိုးမခ) စက်တင်ဘာ ၂၃၊ ၂၀၁၅

ဖွတ်ဂါရာမတွင် ဖွှတ်တော် အဲလေ လွှတ်တော်ကြီးပေါ်သည့်နေ့မှစ၍ တလောပြီး တလော တဗျောဗျောနှင့် လောအသစ်များထွက်ပေါ်နေပေပြီ။

နောင်တွင် အသစ်လောတွေနှင့် ခေတ်ထောကြီးဆိုက် မဆိုက် မသိချေ။

လောလောဆယ်တော့ဖြင့် ဖွတ်ဂါရာမ ပြာကျကိန်းဆိုက်နေပြီဟု ဆိုရပေမည်။

နားဆင်လော့ –

အဒေါ်  … ဒီကိစ္စမှာ ကျုပ်က တာဝန်ယူမှု တာဝန်ခံမှုမရှိတာမဟုတ်ဘူး။ အဒေါ်သမီးကို တလ ကိုးရက်ဘဲပေါင်းတာဟာ နိုင်ငံတော်မူဘဲ။ တင်အေးလော လို့ခေါ်တယ်။ ၃၀%ရာခိုင်နှုံးဘဲ အာမခံရမယ်တဲ့။ ကလေးသုံးယောက်မှာလဲ တယောက်စာဘဲ ပေးနိုင်မယ်အဒေါ်။ ကျန်တာတော့ အဒေါ်တို့ကြည့်ရှင်းပေါ့

ကျုပ်တို့က လမ်းကို တင်အေးလောနဲ့ခင်းပေးတာဘာ။ တမင် အပြီးမသတ်တာမဟုတ်ပါဘူး။ နောက်ရွေးကောက်ပွဲအတွက် ချန်တာလဲမဟုတ်ပါဘူး။ ရွေးကောက်ပွဲကတိဖျက်တာလဲ မဟုတ်ပါဘူး။ အိတ်ထဲ ထည့်တာလဲ မဟုတ်ပါဘူး။ နိုင်ငံတော်မူပါ။ ၃၀% ထက်ပိုရင် နိုင်ငံတော်အကြည်ညိုပျက်စေမှုနဲ့တောင် အရေးယူခံရနိုင်ပါတယ်

ဥပဒေစိုးမိုးမှုရှိမှ တိုင်းပြည်အေးချမ်းမှုရှိမှာပေါ့ဗျာ။ တိုင်းပြည်အေးချမ်းမှ ဖွံ့ဖြိုးတိုးတက်ရေးတွေလုပ်နိုင်မှာပေါ့။ ခုဆိုရင် တင်အေးလောနဲ့အညီဘဲ ရာဇဝတ်မှုတွေ လာဘ်စားမှုတွေအားလုံး ၃၀%နှိမ်နှင်းနေပါပြီ

ခင်ဗျားဘာသာခင်ဗျား … ရုံးတိုင်တိုင် ဂတ်တိုင်တိုင်။ ဥပဒေစိုးမိုးရေးကော်မရှင်တိုင်တိုင် သမတထံပေးစာပို့ပို့၊ ဒါ နိုင်ငံတော်မူဗျ။ ခင်ဗျားတောင် ထောင်ကျသွားအုံးမယ်။ ငွေဆယ်သိန်းချေးတာ သုံးသိန်းပြန်ဆပ်တယ်လေ။ တင်အေးလော အတိုင်းလုပ်တာဘဲ၊ ဘာမှားနေလို့လဲ

ဒီဧရာဝတီမြစ်ကူးတံတားကြီးကတော့ ခု ကမ္ဘာမှာ Tin Aye Bridge လို့ ကျော်ကြားနေတဲ့ ပြည်တွင်းပြည်ပ ခရီးသွားတိုင်း အမှတ်တရဓာတ်ပုံရိုက်ကြတဲ့ လေးမျိုးစပ်တံတားကြီးပါခမျာ၊ သံဘောင်ကြီးများနဲ့ ၃၀%၊ ကွန်ကရစ်နဲ့ ၃၀%၊ အသားနဲ့ ၃၀%၊ ဝါးနဲ့ ၁၀%တည်ဆောက်ထားတာပါခမျာ။ ကျွန်တော်တို့နိုင်ငံရဲ့ဖွဲ့စည်းအုပ်ချုပ်ပုံကို ဂုဏ်ယူတည်ဆောက်ထားတာပါ။ အရပ်ဖက်ကို ကူးပြောင်းလာတဲ့ ၃၀%သော တပ်မတော်အင်ဂျင်နီယာကြီးများရဲ့ လက်စွမ်းသက်သက်ပါ

ရှုဦးလော……

ဖွတ်ဂါရာမရှိလူတိုင်း ဆံပင်ကို ၃၀%သာ ညှပ်သဖြင့် ခေါင်းတစောင်းပုံ ဖြစ်နေသည်။ တင်အေးဒီဇိုင်းတဲ့။

တချို့တွေ အပေါ်ပိုင်းမပါ။ တချို့က အောက်ပိုင်းမပါ ဝတ်ဆင်ကြသည်။ တင်အေးစတိုင်တဲ့။

တင်အေးလောပေါ်သည့်နေ့မှစ၍ အရင်က ရွာမသုံး ရပ်မဝင် သုံးခွက်တခွက်တင်များသည် ယခုအခါ လူပေါ်လူဇော်ဖြစ်နေကြပေသည်။ တရားသူကြီးဖြစ်သူ မြို့တော်ဝန်ဖြစ်သူ ဝန်ကြီးချုပ်ဖြစ်သူနှင့်၊ သမတလောင်း အရွေးခံမည့်သူနှင့်။ ရပ်ကျေးအဆင့်တောင် မမှန်းကြတော့ပေ။ ရပ်ကျေးအဆင့်များမှာ ဆယ်ခွန်းတခွန်းမှန်တို့၏ နေရာများသာ ဖြစ်နေချေတော့သည်။

ပညာရေးဌာနအပါအဝင် တော်တော်များများဌာနများ တင်အေးလောနှင့် အံဝင်ဂွင်ကျဖြစ်ဖို့ အသဲအသန်ရုန်းကန်ကြရသည်။ ပညာရေးကတော့ ယခင်က ၁၅%မျှသာ အာမခံခဲ့ခြင်းကြောင့် ပညာရေးဘတ်ဂျက်နှစ်ဆတိုးတောင်းဖို့ ပရိုပိုဇယ်ရေးနေကြပြီ။ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဌာန၊ လူ့အခွင့်အရေးဌာနှင့် သစ်တောဌာနတို့ကတော့ ယခင်က ၃%မျှသာ အာမခံခဲ့ရာ ၃၀%ပြည့်မီဖို့ များစွာအခက်တွေ့နေကြသည်။ ပြည်ထဲရေးကတော့ ဂုဏ်ထူးမှတ်ကျော်နေသည့် သူတို့၏စွမ်းဆောင်ရည်များကို များစွာလျော့ချနေရပေသည်။ ကာကွယ်ရေးဌာနလဲ အခက်အခဲမရှိပေ။ နဂိုကထဲက ၃၀%တိုက်လိုက်။ ၃၀%ငြိမ်းချမ်းရေးစကားပြောလိုက်။ ၃၀%သဘောတူလိုက်ဆိုတော့ လုံးဝပြဿနာမရှိပေ။

အခက်ခဲဆုံးကတော့ လဝကပင်။

တင်အေးလောအရ လူတယောက်ကို နိုင်ငံသား ပေးတော့မည်ဆိုလျှင် မိခင်ဆီက ၃၀%နှင့် ဖခင်ဆီက ၃၀%ဘဲ ပါရမည်ဖြစ်ရာ နောက်ထပ်မိခင်တယောက်ရှာ၍မဖြစ်သဖြင့် ဖခင်တယောက်ခွဲ ထပ်မံရှာဖွေရပေမည်။ ယင်းသည် မဘသလောကို ဟောကနဲ ဒိုင်းကနဲ ချိုးဖောက်ရာရောက်သဖြင့် ၃၀%တယောက်အတွက် ထောင် ၇ နှစ်နှင့် ကျန် ၁၀%အတွက် ၂ နှစ်၃ လလောက်ကျခံရမည့်ကိန်းဆိုက်နေပေသည်။ ယင်း ၃၀% လူသားသစ်အတွက် ကမ္ဘာအရပ်ရပ်ရှိ သိပ္ပံပညာရှင်များထံ အကူအညီတောင်းခံရာ သိပ္ပံပညာရှင်အားလုံးလည်း တယောက်ဆီက ၃၀%ဆီယူ၍ လူတယောက်ဖြစ်အောင် အမျိုးမျိုး ကျိုးစားကြသော်လည်း မျိုးမစပ်နိုင်သဖြင့် ဒိုးဆလံ တင်းဆလံ ခံလိုက်ပေတော့သည်။

အနို့သို့မို့ထို့ကြောင့် ယခုအခါတွင် လဝကဝန်ထမ်းများသည် ဌာနတခုလုံး နိုင်ငံတော်ထံ ပြန်အပ်တော့မည်ဟု နောက်ဆုံးသတင်းကြားသိရပါကြောင်း။

 

မောင်လူရေး


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa Old Archives

Similar Posts