ကဗျာ

ငြိမ်းဝေ (ကဗျာ့အိုးဝေ) – ကျွတ်တန်းဝင်သွားတဲ့ ဆင်တကောင်ရဲ့ တညနေခင်း

ငြိမ်းဝေ (ကဗျာ့အိုးဝေ) – ကျွတ်တန်းဝင်သွားတဲ့ ဆင်တကောင်ရဲ့ တညနေခင်း
(မိုးမခ) စက်တင်ဘာ ၁၃၊ ၂၀၁၅

ဝတ်လစ်စလစ်ဘဝတွေဟာ
ဒီနေရာတဝိုက်မှာ
ဗုံးကွဲပြီးစ တညနေခင်းလိုပဲ
ပြန့်ကျဲပြီး ပလဲနေတယ်။

တချိန်ကျရင်
ဒါတွေဟာ ပုံပြင်အဖြစ်နဲ့
ကျန်နေရစ်ကောင်း ကျန်ခဲ့လိမ့်မယ်။

ဒီကနေ့ ဒီလမ်းကလေးပေါ် လျှောက်လာနေတဲ့
ကျောင်းသူကလေးက အသက်ခြောက်ဆယ်ကျော်
အဖွားအိုတဦးလို ချက်ချင်းကူးပြောင်းသွား
သူ့နဖူးမှာ
ဒုက္ခတွေ ရွာလည်နေခဲ့တဲ့ အကြောင်း
ငတ်မွတ်ခေါင်းပါးခြင်းတွေ
ရွာလည်လမ်းတွေပေါ်ရောက်ရှိလာတော့မယ့် သရောခိုင်ခြင်းတွေ
တဦးကိုတဦး မယုံသင်္ကာစိတ်တွေ
တအိမ်နဲ့ တအိမ် အသံတိတ်စစ်ပွဲတွေ
တလမ်းနဲ့ တလမ်း မိုင် ၁၀၀ ဝေးခဲ့ကြတာတွေ
တခေတ်နဲ့တခေတ်
တုတ်တပြက် ဓားတပြက် ကူးခတ်သွားခဲ့ကြရတာတွေ
ပုံပြင် မဟုတ်ဘူး ဆိုတာ သိပေမယ့်
ဒါဟာ ပုံပြင်ပဲ။

လမ်းပေါ်မှာ
လက်ကျန် ဘဝတခြမ်း တစိတ်ကို
မချိမဆံ့ ခါးစောင်းတင်လာရင်း
ထော့နင်းထော့နင်း လျှောက်လာနေတဲ့
အဖွားအိုကို ကျနော်မေးတယ်
“ကျနော်က ကဗျာဆရာပါ
ခုအချိန်မှာ အဖွားတို့ ဘာတွေလိုအပ်သလဲ
ဆန် ဆီ ဆေး ဒါ့အပြင် ဘာလိုသေးသလဲ အဖွား” ဆိုပြီး
ဇာတ်ဟန်ပါပါနဲ့ မေးတော့
အဖွားအိုက တခွန်းထဲပဲ ဖြေတယ်
“မေတ္တာ”..။

ကဗျာဆရာဆိုတဲ့ ဆင်ကြီးတကောင်ဟာလေ
ချက်ချင်းဆိုသလို
တကယ့်ကို ပုရွက်ဆိတ်ကလေးတကောင်လို
ဖြုတ်ခနဲ ကျုံ့ဝင်သွားခဲ့ရ
တညနေ..။

(၈-၈-၂၀၁၅ စေတုတ္တရာမြို့အဝင် လမ်းကလေးပေါ်မှာ)

ငြိမ်းဝေ (ကဗျာ့အိုးဝေ)  @ Nyein Wai

မိုးမခ တွင် တင်ရှိခဲ့သည့် ကဗျာဆရာ ငြိမ်းဝေ (ကဗျာ့အိုးဝေ) ၏ စာ၊ ကဗျာ တချို့

http://blog.moemaka.com/search/label/%E1%81%BF%E1%80%84%E1%80%AD%E1%80%99%E1%80%B9%E1%80%B8%E1%80%B1%E1%81%80

≠≠≠≠≠≠≠

ကဗျာဆရာ ကိုငြိမ်းဝေ (ကဗျာ့အိုးဝေ) ၏ စေတုတ္တရာရေဘေးမှတ်တမ်း ဓာတ်ပုံပြပွဲကိုလည်း လက်လှမ်းမီသူ မိုးမခ မိတ်ဆွေနှင့်  စာဖတ်သူများ သွားရောက် အားပေးနိုင်ရန် တိုက်တွန်းသတင်းပေး နှိုးဆော်လိုက်ပါသည်။  သတင်းအသေးစိတ် ကို အောက်ပါ မိုးမခ အင်တာနက်စာမျက်နှာများတွင် ဖတ်ရှုနိုင်ပါသည်။  

http://moemaka.com/archives/45882
http://blog.moemaka.com/2015/09/blog-post_71.html

ဓာတ်ပုံများ ဝယ်ယူအားပေးလိုပါကလည်း ကိုငြိမ်းဝေ၏ Facebook စာမျက်နှာကို ဆက်သွယ်နိုင်ပါသည်။

https://www.facebook.com/nyein.wai.96?fref=ts

ကဗျာ့အိုးဝေ ကိုငြိမ်းဝေ၏ လက်ရာဓာတ်ပုံပြပွဲတင် ဓာတ်ပုံနှစ်ပုံကိုလည်း မိုးမခ ပရိသတ်အတွက် ထပ်မံမိတ်ဆက် ပေး လိုက်ရပါသည်။

လူအား၊ ငွေအား၊ အနုပညာအား၊ အတတ်ပညာအား ကိုယ်စီ ကျွမ်းကျင်ရာ ဝိုင်းဝန်း ဗမာပြည်ကို ကယ်တင်ကြစေချင်ကြောင်း မိုးမခက နိဂုံးချုပ် ဆန္ဒပြုလည်း ပြုလိုက်ကြောင်းပါခင်ဗျာ..။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

One thought on “ငြိမ်းဝေ (ကဗျာ့အိုးဝေ) – ကျွတ်တန်းဝင်သွားတဲ့ ဆင်တကောင်ရဲ့ တညနေခင်း

Comments are closed.