စာစုတို

သွန်းခ – ခံစားရတဲ့ သီချင်းတွေ

 သွန်းခ – ခံစားရတဲ့ သီချင်းတွေ
(မိုးမခ) စက်တင်ဘာ ၁၃၊ ၂၀၁၄

စက်တင်ဘာ ၁၁၊ ၂ဝ၁၅ နေ့ ညက ရေဘေးသင့်ပြည်သူတွေအတွက် “ကူညီကမ်းဆက် ဂီတလက်ဖြင့်…..” အစီအစဉ်ကို ရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ်၊ ရှင်စောပုလမ်းက Myanmar Event Park မှာ မြန်မာနိုင်ငံဂီတအစည်းအရုံး (ဗဟို) ကနေ ဂီတအမျိုးအစားအစုံအလင်နဲ့ ဖျော်ဖြေသွားခဲ့ကြသဗျ။ ပထမပိုင်းမှာ အရင်ကကျော်ကြားခဲ့တဲ့ မြန်မာသံအဆိုတော်တွေက ဖျော်ဖြေတယ်။ ဒုတိယပိုင်းမှာ မြန်မာသံစဉ်န ခေတ်ပေါ်တေးဂီတတွေကို လက်ရှိကျော်ကြားနေတဲ့ အဆိုတော်တွေက ဖျော်ဖြေသွားခဲ့ကြတာပါ။

ဖျော်ဖြေပွဲမှာ ဂီတအမျိုးအစား စုံစုံလင်လင်၊ ဂီတလောကသား အလွှာစုံတွေက ရေဘေးသင့်ဒေသတွေအတွက် ပြန်လည်ထူထောင်ရေးရန်ပုံငွေရရှိရေးမေတ္တာနဲ့ ဝိုင်းဝန်းခဲ့ကြတာ။ ၁၂ ရက်နေ့မှာလည်း ဟစ်ဟော့ပ်အုပ်စုတွေ အစီအစဉ်ရှိနေပါ တယ်။ ပထမပိုင်းအစမှာ သွန်းခမှီသလောက်ကြည့်လိုက်ရတာ မြန်မာသံတေးသံရှင်တွေထဲက ရာဇာဝင်းတင့်ဆိုသွားတာက တေးရေးဆရာစိုး၏ရဲ့ ဂီတဗိမ္ဗာန်။ သခင်လိုဖြစ်အောင်၊ ကျွန်လိုမဖြစ်အောင် ရေးစပ်ဖွဲ့ဆိုသွားခဲ့တဲ့သီချင်း၊ လေးနက်ပြီး အနှစ်ပါတဲ့သီချင်း၊ လူကြီးများဟုယူဆရသော လူကြီးများနားထောင်သင့်တဲ့သီချင်း။ နောက် ဖြူသီ၊ အစ်မကြီးက လွမ်းငွေ့ တဝေဝေကို ပြန်လွမ်းအောင် ဆိုသွားခဲ့ပါတယ်။ ဇာတ်ဝင်သီချင်းတစ်ပုဒ်ဖြစ်ခဲ့တဲ့ ဂီတလုလင်ဦးကိုကိုရေးခဲ့တဲ့ ညအတွေး ကို မေသက်ထားဆွေက ညမှာတွေးဖြစ်အောင်ကို ဆိုသွားခဲ့လို့ သွန်းခ တော်တော်နဲ့မှ အိပ်မပျော်ခဲ့ပါလား။ မြူနဲ့အပူတဲ့၊ အရိုးပျပျ၊ အကိုင်းခြောက်ခြောက်တဲ့၊ ညကမ္ဘာကို လှစ်ပြခဲ့တဲ့သက်မဲ့ဝတ္ထုတွေနဲ့ ချယ်မှုန်းထားလိုက်တာ။ သီချင်းနားထောင် ရင်း ပန်းချီကားတစ်ချပ်ပါကြည့်နေရသလို ခံစားရအောင်ဂီတစာဆိုကစပ်သွားခဲ့တာပါလား။

ဆရာနေထွဏ်းဦးရဲ့ ရွှေလည်တိုင်ယိုင်လုလုသီချင်းကို စိမ့်နေခြည် ကဆိုသွားခဲ့ပါသေးတယ်။ ငိုရင်ပုလဲ၊ ရယ်ရင်ရွှဲ သီချင်း ကိုတော့ ရွှေယမင်းဦးကဆိုခဲ့တာပါ။ စာဆိုတေးရှင် ဂီတာဖေဝင်းရေးသွားခဲ့တာလို့ ကြားလိုက်ရပါတယ်။ ရေဘေးသင့်ပြည် သူတွေ၊ ဒုက္ခသည်တွေအတွက် ရန်ပုံငွေရှာတဲ့ဖျော်ဖြေပွဲကို တီဗွီကနေကြည့်နေတုန်း BBC ရဲ့ ၁၅ မိနစ်တာ ရုပ်သံ သတင်း ဝင်လာလို့ စောင့်နေရပါသေးတယ်။ သတင်းကလည်း ဆီးရီးယားဒုက္ခသည်အရေးကိစ္စ။ ပြီးသွားတော့ ဆက်ကြည့်ရ ပါ တယ်။ မြန်မာသံ၊ မြန်မာသီချင်းတွေတော်တော်များများ၊ အဓိပ္ပါယ်ရှိရှိတွေချည်းပါ။

ရွေးကောက်ပွဲကနီးလာပြီဆိုတော့ သွန်းခကပဲ စိတ်ထင်နေလို့လားမသိပါဘူး။ ဆိုသွားကြတဲ့သီချင်းတွေတော်တော်များများက တွေးမယ်ဆို တွေးစရာတွေ၊ တရားရစရာတွေ၊ သတိပေးနေတာတွေ၊ တပ်လှန့်နေတာတွေလို့ထင်မိတာနဲ့ မိတ်ဆွေ တစ်ယောက်ဆီ ဖုန်းဆက်ပြောဖြစ်တော့ သူလည်း သွန်းခလိုပဲ ခံစားနေရပါသတဲ့။ သေသေချာချာနားထောင်လိုက်ရတဲ့ အစီအစဉ်ဒုတိယပိုင်းမှာ ဆိုသွားခဲ့ကြတဲ့အဆိုတော်တွေကို ဂုဏ်ပြုသောအားဖြင့် အစဉ်လိုက်ဖော်ပြပါရစေ။ မြန်မာပြည် သိန်းတန်၊ နွဲ့ယဉ်ဝင်း၊ ဘိုဖြူ၊ ဂျေညီမလေး၊ ရဲသွင်၊ L လွန်းဝါ၊ ကေဂျာနူး၊ အက်စ်ကဲနက်၊ L ဆိုင်းဇီ၊ ကိုင်ဇာ၊ ချောစုခင်၊ ဇော်ဝင်းရှိန်၊ အင်္ဂလန်စိန်၊ ဇော်ပိုင်၊ ချစ်သုဝေ၊ ထွန်းအိန္ဒြာဗို၊ တူးတူး၊ ခိုင်ထူး၊ ဖြိုးကြီး၊ ကော်နီ၊ ပြီးတော့ Rဇာနည်။ တစ် ယောက် တစ်ပုဒ်စီပဲ၊ အချိန်မရတာရော၊ အဆိုတော်တွေများတာရော၊ အစီအစဉ်ကြောင့်ရော တစ်ယောက်တစ်ပုဒ်ပဲဆိုချိန်ရကြပါရဲ့။ အလှူရှင်စာရင်းကိုလည်း ကြေညာပေးနေရသေးတာကိုး။ ကိုအရိုင်းနဲ့ ကိုနေဇော်နိုင် အရွှမ်းဖောက်ချိန်တောင် သိပ်မရလိုက်ခဲ့ကြပါဘူး။

သွန်းခ စိတ်ထင်တာနေမှာပါလို့ပဲ ထားလိုက်ပါ။ ဂျေညီမလေးဆိုသွားတာက “မှားတဲ့ဘက်မှာ”၊ အယူအဆတွေ၊ အတ္တတွေ ကြောင့်နဲ့ လူတွေကိုသုံးသပ်ပြသွားခဲ့တဲ့ဆရာစောဘွဲ့မှုးရေးခဲ့တဲ့သီချင်း။ အန်တီကေဂျာနူးကရော တေးရေးပုဏ္ဍကရဲ့ “မျက်ဝန်းထဲမှာ အဖြေရှာ” တဲ့။ အက်စ်ကဲနက် “စိတ်နာလို့ကောင်းတုန်းပဲလား”၊ ထူးထူးခြားခြား ခံစားလိုက်ရတာက ကိုင်ဇာ ရဲ့ “အတ္တအကျဉ်းသား”။ ချောစုခင်က “ယုံပါ”၊ ဒေါက်တာဆောင်းဦးလှိုင်ရေးတာပါလို့ပြောပြီး ထွန်းအိန္ဒြာဗိုဆိုသွားတာ “အ မှားများ………”၊ တူးတူးက “မိဆိုး”၊ ဖြိုးကြီးမှာ သူ့သီချင်းတွေအများကြီးရှိနေပါလျှက်နဲ့ “သူငယ်ချင်းအတွက်….သို့ ထူးအိမ် သင်” ဆိုသွားတာများ အခုလက်ရှိနိုင်ငံမှာဖြစ်နေတာတွေနဲ့ တစ်ထပ်တည်း၊ ပိုတောင်ဆိုးနေသေးတယ်။“မှောင်သောည တွေပြီးရင်တွေ့မယ်၊ ငြိမ်းချမ်းတဲ့ကမ္ဘာသစ်ကြီး ရန်ပွဲတွေရပ်ပစ်၊ အမုန်းများရပ်ပစ်၊ တို့လူသားတွေချစ်ခင်ကြ၊ စစ်မဖြစ်ကြနဲ့” “စစ်မဖြစ်ရဘူး၊ ချစ်ကြစမ်းပါ၊ လူသားတွေချစ်ခင်ကြ” “အမုန်းတွေ၊ စစ်တွေသီချင်းနဲ့ ရပ်ပစ်စမ်း” ဟိုးအရင်ကျော်ဟိန်းဆိုခဲ့တာပါ။ အဲဒီတုန်းကလည်း လူတွေ စစ်တိုက်ကြတယ်၊ အခုလည်း တစ်နိုင်ငံထဲမှာ ဆော်ပလော်တီးလို့ကောင်းနေကြတုန်း၊ အဲဒီသီချင်း ကော်နီဆိုသွားတယ်။ “ကောင်းကင်ထက်မှာ ချိုးဖြူငှက်တွေဝဲပျံသွား” ဆိုတာက ပါ သေးတယ်။

အဆိုတော်တွေကသူတို့ဆိုခွင့်ရတဲ့တစ်ပုဒ်စီကို ပိုင်ပိုင်နိုင်နိုင် ဆိုသွားခဲ့ကြတာပါ။ သွန်းခတစ်ယောက် အတွေးခေါင်တာနေ မှာ၊ အတွေးနယ်ကျယ်သွားတာနေမှာ၊ ခံစားချက်လွန်ကဲသွားတာနေမှာ။ တွေးရပြီလေ၊ ချိန်ရ၊ ထိုးရ၊ နှိုင်းရ၊ ဆရပြီလေ။ နေ့ စဉ်ထုတ်သတင်းစာတွေပေါ်မှာ၊ အပတ်စဉ်ထုတ်ဂျာနယ်တွေမှာ၊ လူမှုကွန်ရက်တွေမှာတွေ့နေ၊ ဖတ်နေရတာတွေက မ လွှတ်တမ်းဖက်ထားကြမယ့် အာဏာအတ္တ၊ မည်းမည်းမြင် မဲအတင်းထည့်ဖို့စည်းရုံးနေတဲ့ အတ္တလွန်၊ အတ္တကျွန်တွေအ ကြောင်း၊ လူ့အခွင့်အရေး၊ လုပ်ခလစာအရေးတောင်းမိလို့ ပုဒ်မတပ်ပြီးဖမ်း၊ တရားစွဲပြီးထောင်ချခံရတဲ့အဖေကို ဖက်ပြီးငိုနေ တဲ့ ၁ဝ နှစ် မပြည့်သေးတဲ့ကလေး၊ လက်ထိပ်တန်းလန်းနဲ့ အဲဒီကလေးကို နှစ်သိမ့်နေတဲ့ လုပ်ခလစာတိုးပေးဖို့ အရေးတောင်း ဆို မိတဲ့လူ။ တကယ့်ကိုဖြစ်ချင်တိုင်းဖြစ်နေကြတာတွေတွေ့နေရတော့ တွေးချင်တိုင်းတွေးမိပြီပေါ့။

လောကကြီးမှာအသက်ရှင်ကြရတဲ့ခဏတာအချိန်လေးအတွင်းသီချင်းတွေကိုနားထောင်လိုက်ကြပါ။ နားလည်အောင် မှန် မှန်ကန်ကန် ခံစားကြည့်လိုက်ကြပါ။ အမှားတွေပြင်ဖို့၊ အတ္တတွေဖျောက်ဖို့၊ အမုန်းတွေဖျောက်ဖို့၊ အာဃာတတွေမထားဖို့ မ မြင်နိုင်သေးတဲ့ပြောင်းလဲခြင်းတွေအတွက် ဂီတစာဆိုတွေက ဖန်တီးထားကြပါတယ်။ ကိုခင်ဝမ်း၊ ဗဒင်၊ ဖိုးချို၊ မိုးကျော်၊ စိုး လွင်လွင်၊ ထူးအိမ်သင်၊ စိုင်းထီးဆိုင်၊ ကိုခင်မောင်တိုးတို့ရှိနေကြဦးမယ်ဆိုရင် ဘာတွေဘယ်လိုခံစားပြီး ဘယ်လိုရေးလို့ ဘယ်လိုအတွေးတွေ ပေးကြပါလိမ့်မလဲ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts