Han Thit Naing သတင်းပဒေသာ

ရွာစားကျက်မြေ ဧက ခြောက်ထောင်ကျော်ကို ငါးကန်များပြုလုပ်ထားသောကြောင့် စိုက်ပျိုးမြေများပျက်စီး

 ရွာစားကျက်မြေ ဧက ခြောက်ထောင်ကျော်ကို ငါးကန်များပြုလုပ်ထားသောကြောင့် စိုက်ပျိုးမြေများပျက်စီး

ဟန်သစ်နိုင်၊ မိုးမခ၊ စက်တင်ဘာ ၁၁ရက်၊ ၂၀၁၅ခုနှစ်

 

 

             ရန်ကုန်တိုင်း၊ ခရမ်းမြို့နယ်ရှိ ရွာပေါင်း ၁၄ ရွာမှ ဘုံပိုင်ဖြစ်သော ရွာစားကျက်မြေ ဧက ၆၀၀၀ကျော်ကို ငွေရှင်ကြေးရှင်များက ဥပဒေမဲ့ ငါးကန်များ တူးဖော်ထားသောကြောင့် ရေငန်များတိုးပြီး လယ်မြေများစိုက်ပျိုးမှု ဆုံးရှုံးလျှက်ရှိနေသည်ဟု ရွာခံများကပြောသည်။ လက်တလောတွင် အနီးကပ်ခံစားနေရသော ရွာသုံးရွာမှာ အနောက်ခမတ်ကျေးရွာ၊ သက်ကယ်ကုန်းကျေးရွာနှင့် ဥာဏ်ကျွန်းကျေးရွာတို့ဖြစ်သည်။

          ထိုရွာများရှိ စားကျက်မြေများကို ငွေရှိသူများဖြစ်သော ဦးခင်တိုး၊ ဦးတင်ဝင်း၊ ဦးသန်းရွှေ၊ ဦးတင်ကြည်၊ ဦးမြင့်ကြည်၊ ဦးမြင့်ဦးတို့က အုပ်ချုပ်သူများနှင့် ပူးပေါင်းကာ၂၀၀၄ခုနှစ်တွင် စတင်တူးဖော်လျှက်ရှိပြီး ၂၀၀၉ခုနှစ်တွင် မွေးမြူရေးလုပ်ငန်းများကို လုပ်ကိုင်လျှက်ရှိကြောင်း၊ စားကျက်မြေများထဲတွင် ဆားမြေများပါနေသဖြင့် ကန်တူးလျှင် ဆားများဘေးသို့ကန်ထွက်ပြီး စိုက်ပျိုးမြေများအတွင်းသို့ ရောက်ရှိသောကြောင့် လယ်မြေများစိုက်ပျိုး၍မဖြစ်ထွန်းတော့ကြောင်း၊ ပဲတစ်မျိုးသာ စိုက်ပျိုးဖြစ်ထွန်းကြောင်း၊ ပုံမှန် လယ်၁ဧက စပါးစိုက်ပျိုးလျှင် တင်း ၆၀၊ ၇၀လောက် ထွက်သော်လည်း ယခုအခါ ၁၀တင်းနီးပါးလောက်သာ ထွက်တော့ကြောင်း၊ ငါးကန်များဖြင့် နီးပြီး ဆားထွက်သောမြေနေရာဘေးရှိ လယ်မြေများသည် မဖြစ်ထွန်းတော့သဖြင့် လျော့ဈေးများဖြင့်သာ ငါးကန်သမားများကို ပြန်လည်ရောင်းချနေရကြောင်း၊ ကျွဲ၊ နွားများသည်လည်း သွားစရာမြေနေရာ ကျဉ်းမြောင်းခြင်းနှင့် စားစရာ ရှားပါမှုများလည်းရှိနေကြောင်း၊ ချေးထားသောဘဏ်တိုးများကို ကျွဲ၊ နွားများရောင်ချ၍ ဆက်နေရကြောင်း၊ လယ်မြေများ ဆုံးရှုံးမှုဖြစ်ပေါ်လာခြင်းနှင့် တိရိစ္ဆာန်များ၏ စားကျက်မြေနေရာများ ပျောက်ဆုံးကုန်သဖြင့် သက်ဆိုင်ရာဌာနများသို့ တင်ပြတောင်းဆိုထားသော်လည်း ယခုထိ ဘာမျှမဖြစ်လာသေးကြောင်း ပြောသည်။

          “စားကျက်မြေများဟာ ကျုပ်တို့ရွာတွေရဲ့ကျေးဇူးရှင်ပါ၊ စားကျက်မြေကွင်းထဲမှာဆို ကျွဲ၊ နွားတွေကို လွတ်လပ်စွာလွတ်ထားလို့ရပြီး မိုးတွင်းအခါဆိုလည်း ငါးရှာ၊ ဖားရှာ လုပ်ကိုင်လို့ရတယ်၊ အခုတော့ တိရိစ္ဆာန်တွေလည်း နေစရာ စားစရာမရှိတော့လို့ ရောင်းချလိုက်ပြီ” ဟု ရွာခံဦးကျော်မိုးကပြောသည်။

          “ကျုပ်တို့ကတော့ အခုကျန်တဲ့ လယ်မြေလေးတွေမှာ ရသလောက်စိုက် ထွက်သလောက် အရင်းမကျန်လဲစိုက်ရတာပဲ  အခုတော့ရွာမှာဖြစ်ပျက်နေတာတွေကို ၂၀၁၃ခုနှစ်မှာစပြီး သမ္မတဆီအထိ တိုင်စာပို့ပြီးသွားပြီ တကယ်ကူညီပေးကြရင်ကောင်းမယ်” ဟုရွာခံ ဦးတင်ထွန်းကပြောသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts