Han Thit Naing သတင်းပဒေသာ

ဒဂုံဆိပ်ကမ်းမှ မြေလွတ်များကို စည်ပင်မှအကွက်ချလေလံတင်ရောင်းချမည့်အပေါ် ရွာသားများမကျေနပ်

 

 ဒဂုံဆိပ်ကမ်းမှ မြေလွတ်များကို စည်ပင်မှအကွက်ချလေလံတင်ရောင်းချမည့်အပေါ် ရွာသားများမကျေနပ်

ဟန်သစ်နိုင်၊ မိုးမခ၊ စက်တင်ဘာ ၁၀ရက်၊ ၂၀၁၅ခုနှစ်

ဒဂုံမြို့သစ်ကို မြို့ပြအဖြစ်ဖော်ဆောင်ရာတွင် စီမံကိန်းအဖြစ်သိမ်းခဲ့သော လယ်မြေဧက ၇သောင်းနီးပါးသည် လျော်ကြေးမရ၊ အခြေကျနေထိုင်မှုများ မပေးခဲ့သောကြောင့် ယခုအခါတွင်လယ်ပိုင်ရှင် ၃၀၀နီးပါးမှ သက်ဆိုင်ရာဌာနသို့တင်ပြတောင်းဆိုခဲ့ကြောင်းကို ရန်ကုန်မြို့ ပန်းဆိုးတန်းလမ်း MJA ရုံးခန်းတွင် စက်တင်ဘာ ၈ရက်က ရှင်းလင်းပွဲပြုလုပ်ခဲ့သည်။

          ၁၉၈၉ခုနှစ်တွင် ဒဂုံမြို့သစ်ကို မြို့ပြအဖြစ် တောင်နှင့်မြောက်စီမံကိန်းဖော်ဆောင်ရာတွင် လယ်မြေဧက ၃၆၀၀၀ကျော် ကို သိမ်းဆည်းခဲ့ကြောင်း၊ ၁၉၉၀ခုနှစ် ဒဂုံဆိပ်ကမ်းနှင့် အရှေ့ပိုင်း ဖော်ဆောင်မှုစီမံကိန်းတွင် လယ်မြေဧက ၃၃,၀၀၀ ကျော်ကို သိမ်းဆည်းခဲ့ပြီး မြို့ပြဖော်ဆောင်ခဲ့ကြောင်း၊ ယခုအခါ မြို့ပြဖော်ဆောင်ရာတွင် အကွက်မရိုက်ရသေးသော၊ ကျန်ရှိနေသေးသော ပလက်မြေများကို စည်ပင်မှ လေလံတင်ရောင်းချမှု များရှိနေကြောင်း၊ သြဂုတ်လ ၂၇၊ ၂၈တွင်တင်ဒါခေါ်ဖို့ပြုလုပ်ခဲ့သော်လည်း ရွာသားများက ကန့်ကွက် မှုများရှိခဲ့သောကြောင့် စက်တင်ဘာ ၃၊ ၄ရက်သို့ရွှေ့ပြောင်းသွားကြောင်း၊ ယခုအခါသတင်းစားများထဲတွင် ရန်ပုံငွေလိုအပ်ချက်အရ စက်တင်ဘာ ၁၇၊ ၁၈ရက်တွင် တင်ဒါခေါ်မည်ဟု တရားဝင်ပါလာသောကြောင့် ရွာသားများကလည်း ထပ်မံကန့်ကွက် သွားမည်ဖြစ်ကြောင်း၊  သိမ်းဆည်းခံခဲ့ရသောလယ်မြေများနှင့် ယခု စည်ပင်မှ မြေလွတ်များကို တင်ဒါခေါ်ရောင်းချမှုအပေါ် ရွာသူ/ရွာသားများက နေပြည်တော်ရှိ သက်ဆိုင်ရာဌာနများသို့ တင်ပြထားကြောင်း များ ပြောသည်။

          “ကန်ကုန်း၊ ကန်ကွက်၊ ကျွဲလူးအိုင်လေးတွေ ကျန်တယ်၊ အရင်တုန်းကလည်းဘာနစ်နာမှု မှမရတဲ့အတွက် အဲဒီနေရာလေးတွေမှာ ကပ်နေရတယ်၊ ခြံစည်းရိုးလာမခက်သောနေ ရာမြို့မြေကွက်ဖြစ်ပေမယ့် လူလာမနေသေးတဲ့နေရာများတွင် လယ်သမားကလယ်ပြန်စိုက်နေတယ် ဒါပေမယ့်အခုတော့ စည်ပင်က လေလံတင်ရောင်းချတော့မည်ဖြစ်တဲ့အတွက် ခြံလာခက်နေ ကြသောကြောင့် ဘာမှလုပ်ကိုင်စား သောက်လို့မရတော့ဘူး” ဟု လယ်မြေသိမ်းဆည်းခံထားရသူ ဒဂုံဆိပ်ကမ်း(သရက်ပင်ချောင်)နေသူ ဦးလှသောင်းမှပြောသည်။

          မြို့ပြအကွက်ဖော်ဆောင်ရာမှာ အကွက်ပျက်၊ အကွက်ရိုက်မရသောနေရာ များတွင် အကွက်နံပါတ်မရှိသည့်အတွက် ဂရန်မရှိကြောင်း၊  မြေနိမ့်ချိုင့်ဝှမ်း၊ အကွက်လွတ်များတွင် ရွာသားများကနေထိုင်နေတဲ့အတွက် ဂရန်မရှိသောကြောင့်ကျူးကျော်အဖြစ်သတ်မှတ်ခံရကာ စည်ပင်မှလာရောက်ဖယ်ရှားနေကြောင်း၊ ပလက်မြေများကို တရားဝင်လွှဲပြောင်းပေးဖို့ အစိုးရထံတွင် တင်ပြတောင်းဆိုထားကြောင်း၊ မြေဈေးများကောင်းလာသဖြင့် ယခုအခါ ရွာသားများနေထိုင်ရာ ပလက်မြေများကို စည်ပင်မှ အကွက်ချလေလံတင်ရောင်းချမှုများရှိနေကြောင်း၊ သမ္မတနှင့်သက်ဆိုင်ရာဌာန များကို ၂၀၁၂ခုနှစ်လောက်ကတည်းက တင်ပြထားကြောင်းကို လယ်သမားအရေးဆောင်ရွက်သူ ဒဂုံဆိပ်ကမ်းမှ တစ်သီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ်လောင်း ကိုစောလှိုင်မှ ပြောသည်။     

၎င်းမှဆက်လက်၍ “တကယ်လို့ စက်တင်ဘာ ၁၇၊ ၁၈ရက်တွင် စည်ပင်မှလေလံတင်ရောင်းချမှု အထမြောက်သွားခဲ့လျှင် အလံတင်ချီတက်မှုကိုလုပ်သွားမယ်” ဟုပြောသည်။

 



သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts